Saturday, October 3, 2015

မြန်မာအသင်းနှင့် တီမောအသင်းတို့ သရေကျ



The Mirror Daily's photo.


ရှိုင်းထက်ဇော်

ရန်ကုန် အောက်တိုဘာ ၂

အာရှ ယူ-၁၉ ခြေစစ်ပွဲအုပ်စု(G) တတိယနေ့ပွဲစဉ် များကို ယနေ့ ညနေပိုင်းက သုဝဏ္ဏကွင်း၌ယှဉ်ပြိုင် ကစားရာ မြန်မာနှင့် တီမောအသင်းတို့ ဂိုးမရှိသရေကျ သွားသည်။

မြန်မာ ယူ-၁၉ - ဂိုးမရှိ။
တီမော ယူ-၁၉ - ဂိုးမရှိ။

အာဆီယံ ယူ-၁၉ ပြိုင်ပွဲတွင် နောက်ကျချေပဂိုးဖြင့် တီမောကို သရေသာကစားနိုင်ခဲ့သည့် မြန်မာအသင်းမှာ ယခုခြေစစ်ပွဲတွင်လည်း အိမ်ကွင်း၌အနိုင်မကစားနိုင်ခဲ့ ပေ။ ပရိသတ်အများအပြားရှေ့မှောက်တွင် ပထမဆုံး ကစားဖူးသည့် မြန်မာကစားသမားအများအပြားမှာ စိုးရိမ်စိတ်ရှိခဲ့သော်လည်း ဘရူနိုင်းနှင့်ပွဲထက် ကစားပုံ ပိုကောင်းခဲ့ပြီး အပိုင်ဂိုးသွင်းခွင့်များ ဂိုးမရခဲ့၍သာနိုင်ပွဲ ပျောက်ခဲ့ခြင်းဖြစ်သည်။ မြန်မာအသင်းမှာ ယခုပွဲ၌သရေ ရလဒ်ကြောင့် လက်ကျန်ပွဲများတွင် ရုန်းကန်ရတော့မည် ဖြစ်သည်။

မြန်မာအသင်းမှာ ဘရူနိုင်းအသင်းနှင့် ပြိုင်ခဲ့သည့် ပွဲထွက်လူစာရင်းမှ ရွှေကိုနေရာတွင် ဈာနေရသူကို ပြောင်းလဲခဲ့ပြီး ကျန်နေရာများတွင် ယခင်လူစာရင်း အတိုင်း ယှဉ်ပြိုင်ခဲ့သည်။ မြန်မာအသင်းမှာ ပထမပိုင်း ၏တွင် ခြေအသာဖြင့် ဖိကစားနိုင်ခဲ့သော်လည်း တီမော ၏အသင်းက ဂိုးရနိုင်သည့်အခွင့်အရေးပိုရခဲ့သည်။ မိနစ် ၂ဝတွင် ခရုစ်၏ ခေါင်းတိုက်ဂိုးမှာ လူကျွံဘောဖြစ်နေသလို မိနစ် ၄ဝ တွင် ဝေါလ်တာ၏ အပိုင်ကန်ချက်မှာလည်း လွဲချော်ခဲ့၍ တီမောအသင်း နစ်နာခဲ့ရသည်။ ပထမပိုင်း ပြီးခါနီးတွင်မြန်မာအသင်းမှ အောင်မိုးသူ၏ အပိုင်ခေါင်းတိုက်ချက်လွဲချော် ခဲ့သည်။

ဒုတိယပိုင်းတွင် မြန်မာအသင်းက တစ်ဖက်သတ် ဖိကစားသွားပြီး ဂိုးသွင်းခွင့်အမြောက်အမြားရရှိခဲ့သည်။ မြန်မာအသင်း မှာ ဂိုးကံခေမှု၊ အဆုံးသတ်အားနည်းမှုနှင့်အတူ အဖိုးတန်အနိုင် သုံးမှတ်နှင့် လွဲချော်ခဲ့ခြင်းဖြစ်သည်။ ၆၃ မိနစ်တွင် ထူးသန့်လွင် ၏ ကန်ချက်ဘားထိထွက်ခဲ့သလို ၆၇ မိနစ်၌ စစ်မင်း၏ ပင်နယ်တီဧရိယာအစပ်မှ ကန်သွင်းမှုမှာလည်း တိုင်ထိထွက်ခဲ့၍ မြန်မာအသင်းနစ်နာခဲ့ရသည်။ ဂိုးသွင်းခွင့်များစွာကို အသုံးမချ နိုင်ခဲ့သည့်မြန်မာအသင်းမှာ ပွဲပြီးခါနီး၌ အကောင်းဆုံးအခွင့်အရေးကိုလက်လွှတ်ခဲ့ရသည်။ ပြစ်ဒဏ်ဘောကို တိုက်ရိုက် မကန်ဘဲ အောင်ဇင်ဖြိုးကိုခင်းပေးသော်လည်း အသုံးမချနိုင်၍ သရေတစ်မှတ်ဖြင့်သာ ကျေနပ်ခဲ့ရခြင်းဖြစ်သည်။

ပထမပွဲတွင် ဗီယက်နမ်အသင်းက ဘရူနိုင်းအသင်းကိုငါးဂိုး ပြတ်ဖြင့် အနိုင်ရရှိခဲ့သည်။ ဗီယက်နမ်အသင်းမှာ အနိုင်ဂိုးများကို ပထမပိုင်းကတည်းက ဟိုဗင်၊ ဒီ၊ လမ်ထရန်၊ ထရန်ဒူခန်နှင့် ဖန်ထရန်ဟွာတို့က သွင်းယူပေးခဲ့သည်။

တတိယနေ့ပွဲစဉ်များအပြီးတွင် ဗီယက်နမ်အသင်းက နှစ်ပွဲကစား နှစ်ပွဲနိုင် ခြောက်မှတ်၊ တီမောအသင်းက သုံးပွဲကစား တစ်ပွဲနိုင် နှစ်ပွဲသရေ ငါးမှတ်၊ မြန်မာအသင်းက နှစ်ပွဲကစား တစ်ပွဲနိုင် တစ်ပွဲသရေ လေးမှတ်၊ ဟောင်ကောင်အသင်းက နှစ်ပွဲကစား တစ်ပွဲသရေ တစ်ပွဲရှုံး တစ်မှတ်ရရှိထားကာ ဘရူနိုင်း အသင်းမှာ သုံးပွဲစလုံးရှုံးပြီး အမှတ်မရသေးပေ။
ခြေစစ်ပွဲအုပ်စု (G) စတုတ္ထနေ့ပွဲစဉ်များကို အောက်တိုဘာ ၄ ရက်တွင် ဆက်လက်ကျင်းပမည်ဖြစ်ပြီး ပထမပွဲအဖြစ် ဗီယက်နမ်နှင့် တီမော၊ ဒုတိယပွဲအဖြစ် မြန်မာနှင့်ဟောင်ကောင် အသင်းတို့ ယှဉ်ပြိုင်ကြမည်ဖြစ်သည်။

No comments:

Post a Comment