Saturday, October 3, 2015

လက်ပန်ရေတံခါး ဖျာပုံမြို့နယ်အတွင်း တည်ဆောက်ပြီးစီး ရေကြီးနစ်မြုပ်မှုမရှိစေရေးနှင့် စပါးစိုက်ပျိုးရေးကို အထောက်အကူပြုနိုင်




The Mirror Daily's photo.


သပြေထွန်း

ဧရာဝတီတိုင်းဒေသကြီး ဖျာပုံခရိုင် ဖျာပုံမြို့နယ် အတွင်းရှိ လက်ပန်ပင်ကျွန်းပတ်တာသည် နိုင်ငံ့ဂုဏ်ဆောင် ပေါ်ဆန်းမွှေးစပါး(ဖျာပုံရွှေလက်ပန်ပေါ်ဆန်းမွှေး) အဓိက စိုက်ပျိုးထုတ်လုပ်ပေးနေသော ဒေသတစ်ခုဖြစ်ပြီး အရှေ့ဘက်တွင် မုတ္တမပင်လယ်ကွေ့၊ အနောက်ဘက်တွင် ကြက်ဖမွေးဇောင်းကျွန်းပတ်တာ၊ တောင်ဘက်တွင် ဇင်းဘောင်ကျွန်းပတ်တာ၊ မြောက်ဘက်တွင် ဒေးဒလူ ကျွန်းပတ်တာနှင့် နယ်နိမိတ်ချင်းထိစပ်လျက်ရှိသည်။ လက်ပန်ပင်ကျွန်းအတွင်းနေထိုင်သူများသည် စပါးစိုက်ပျိုး ရေးအပြင် မွေးမြူရေးနှင့် ရေလုပ်ငန်းကိုပါ တွဲဖက်လုပ်ကိုင် ကြသည်။ တာတမံအလျား မိုင် ၂ဝ အရှည်ရှိသော လက်ပန်ပင်ကျွန်းပတ်တာတွင် ကာကွယ်ဧရိယာ ဧက ၁၁၃ဝဝ ရှိရာ အဆိုပါဧရိယာအတွင်း မိုးရာသီတွင် ရေကြီး နစ်မြုပ်ခြင်း၊ နွေရာသီတွင် ပင်လယ်ရေငန်ဝင်ရောက်ခြင်းများမှ ကာကွယ်နိုင်စေရေးအတွက် ကွန်ဒိုင်းကြီးရေတံခါး၊ ထိတန်ရေတံခါး၊ ကမာအောင်ရေတံခါးနှင့် ဘန့်ဒွေးရေတံခါး စသော ရေတံခါး လေးခုဖြင့် စပါး(၁)စီမံကိန်းမှ ၁၉၈၂ ခုနှစ်တွင် တည်ဆောက်ပေးခဲ့ခြင်းဖြစ်သည်။ ယခုတည်ဆောက်ပြီးစီး သည့် လက်ပန်ရေတံခါးအား ဧရာဝတီတိုင်းဒေသကြီး ဆည်မြောင်းဦးစီးဌာန၏ကြီးကြပ်မှုဖြင့် လက်ထောက်ညွှန်ကြားရေးမှူးရုံး ဆည်မြောင်းဦးစီးဌာန ဖျာပုံခရိုင်မှ တာဝန်ယူ၍ ၂ဝ၁၄-၂ဝ၁၅ ဧပြီလတွင် စတင်တည်ဆောက် ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

''ကျွန်တော်တို့ အခုဆောက်ခဲ့တဲ့ရေတံခါးက (၄ပေx၄ပေ=၄ပေါက်)RCCကွန်ကရစ်ရေတံခါးအမျိုး အစားဖြစ်ပါတယ်။ အရှည်(၉၇ ပေ ၆ လက်မ)နဲ့ အမြင့် (၁၃ ပေ ၆ လက်မ)ဖြစ်ပါတယ်။ မြစ်ဝကျွန်းပေါ်ဖြစ်တဲ့ အတွက် အောက်ခံမြေသားရဲ့ အနေအထားအရ ရေရှည် တည်တံ့ခိုင်မြဲဖို့အတွက် (၈ လက်မx ၈ လက်မ = ပေ၂ဝ)အရှည် RCC Bearing Pile ရိုက်ခြင်းလုပ်ငန်းနဲ့ ရေစိမ့်တား သပ်ရိုက်ခြင်းလုပ်ငန်းတွေကိုလည်း ရေရှည်ခိုင်ခံ့အောင် စနစ်တကျ ဆောင်ရွက်ပေးထားပါတယ်။ တစ်ဆက်တည်း မှာပဲ ရေတံခါးအထွက်မြောင်း(ပေ ၃၅ဝ)နဲ့ အဝင်မြောင်း (ပေ ၅ဝဝ) မြေကြီး တူးတဲ့လုပ်ငန်းများလည်း ဆောင်ရွက် ပေးထားပြီးဖြစ်ပါတယ်။ ဒီရေတံခါး ရာခိုင်နှုန်းပြည့်ပြီးစီး သွားရင်တော့ လက်ပန်ပင်ကျွန်းအတွင်းမှာရှိတဲ့ စိုက်ဧက ၃ဝ၇ဝ ကို ရေကြီးနစ်မြုပ်မှုနဲ့ ရေငန်ဝင်ရောက်မှုကနေ ကာကွယ်ပေးနိုင်ပြီး အောင်ရေလည်းထိန်းပေးနိုင်မှာဖြစ် ပါတယ်''ဟု အဆိုပါရေတံခါးတည်ဆောက်ရေးလုပ်ငန်းခွင်မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

ကျေးလက်ဒေသဖွံ့ဖြိုးရေးနှင့် ဆင်းရဲမှုလျှော့ချရေးလုပ်ငန်းစဉ်များတွင် ကျေးလက်နေတောင်သူများ၏ စိုက်ဧကများ ရေကြီးနစ်မြုပ်မှုမရှိစေရေး၊ မိုးစပါးအောင် ရေရရှိရေးနှင့် နွေရာသီပင်လယ်ရေငန်မဝင်ရောက်စေရေး သည် အရေးပါသောအချက်ဖြစ်သည်။ ယခုအခါ အဆိုပါ လက်ပန်ပင်ကျွန်းပတ်တာအတွင်း လွန်ခဲ့သောနှစ်များအတွင်းက ထူးကဲဒီရေနှင့် ထူးကဲမိုးရွာသွန်းမှုများကြောင့် ကျွန်းတွင်းရှိ ပိုလျှံရေများ ထုတ်နုတ်ရာတွင် လက်ရှိ ရေတံခါး လေးလုံးမှ စီးထွက်သော အပြင်ချောင်းမကြီးများ တိမ်ကောလာသဖြင့် နိုင်နိုင်နင်းနင်း အချိန်မီထုတ်မပေးနိုင် သဖြင့် ပျက်စီးထိခိုက်မှုများ ဖြစ်ပေါ်လာခဲ့သည့်အပေါ် ဒေသခံများက လွှတ်တော်ကိုယ်စားလှယ်များမှတစ်ဆင့် တိုင်းဒေသကြီးအစိုးရသို့ တင်ပြတောင်းခံခဲ့ပြီး ဆည်မြောင်း ဦးစီးဌာနမှ လုပ်ငန်းလိုအပ်ချက်အရ လက်ပန်ပင်ကျွန်း ပတ်တာတွင် လက်ပန်ရေတံခါး (၄ပေx၄ပေ=၄ပေါက်) တည်ဆောက်အကောင်အထည်ဖော်ဆောင်ရွက်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

'' အခုလို ကျွန်တော်တို့ခရိုင်အတွင်းမှာ ဒေသအတွက် လိုအပ်ချက်တစ်ခုဖြစ်တဲ့ လက်ပန်ရေတံခါး တည်ဆောက် ပေးနိုင်ခဲ့တာဟာ တောင်သူတွေရဲ့လိုအပ်ချက်ကို ဖြည့်ဆည်းပေးတာပါပဲ။ ဒီနှစ်မိုးရာသီမှာ အပြီးတည်ဆောက် နိုင်ခဲ့သလို ဒီနှစ်မိုးတွင်းကာလမှာပဲ ကျွန်းတွင်းပိုလျှံ ရေတွေကို လိုသလောက်ထုတ်ပေးနိုင်ခဲ့တဲ့အတွက်လည်း အကျိုးသက်ရောက်မှုရှိတယ်လို့ ပြောနိုင်ပါတယ်။ ဝမ်းသာ ပါတယ်။ ကျေးရွာအုပ်စု သုံးစုမှာရှိတဲ့ ဘုန်းကြီးသောင်၊ ချောင်းဝ၊ ကွန်ဒိုင်းကြီး၊ ထိတန်ချောင်းဖျား၊ ထိတန်၊ လက်ပန်နဲ့ စပေ စတဲ့ကျေးရွာတွေအတွက် စပါးတင်မက မွေးမြူရေးနဲ့ ဒေသစိမ်းလန်းစိုပြည်ရေးအတွက်ပါ အထောက် အကူပြုမှာ သေချာပါတယ်''ဟု ဖျာပုံခရိုင်အထွေထွေအုပ်ချုပ် ရေးဦးစီးဌာနမှ ခရိုင်အုပ်ချုပ်ရေးမှူး ဦးစိုးတင့်ကပြောသည်။

ယခုအခါ အဆိုပါလက်ပန်ရေတံခါး (၄ ပေ x၄ ပေ= ၄ပေါက်)တည်ဆောက်ပြီးစီးပြီဖြစ်၍ လက်ပန်ကျေးရွာ အုပ်စုအပါအဝင် ဒေးဒလူ၊ လက်ပန်၊ ကျုံကဒွန်း ကျေးရွာ အုပ်စု သုံးစုရှိ စိုက်ဧက လယ်မြေ ၃ဝ၇ဝ ကို ရေကြီးနစ်မြုပ် မှုမှ ကာကွယ်ပေးနိုင်မည်ဖြစ်ကြောင်း သိရသည်။ စပါး(၁)စီမံကိန်းအပြီး နှစ်ကာလအတန်ကြာ စီမံကိန်းရေတံခါး လေးလုံးမှ ရေနုတ်အားကောင်းခဲ့သော်လည်း ယခုလက်ရှိ နှစ်(၃ဝ)ခန့် ကြာမြင့်သည့်အချိန်တွင် ကျွန်းပတ်တာအပြင် ဘက်ရှိ သဘာဝချောင်းများ၊ ရေနုတ်မြောင်းများအပေါ် နုန်းပို့ချမှုသည် လေးပေမှ ငါးပေခန့်အထိ မြင့်တက်လာရာ ကျွန်းတွင်းမှ ပိုလျှံရေများ ရေနုတ်နိုင်မှုအားနည်းလာသဖြင့် ရေကြီးနစ်မြုပ်မှုဖြစ်ပေါ်ခြင်း၊ မိုးစပါးထိခိုက်ပျက်စီးခြင်း များနှင့် အထွက်နှုန်းလျော့ကျခြင်းများရှိလာခဲ့သဖြင့် ယခု ကဲ့သို့ သဘာဝအခြေအနေနှင့် ဒေသအခြေအနေအရ လယ်သမားများတင်ပြချက်အပေါ် ဒေသအကျိုးအတွက် အမြန်ပြီးစီးရန် ဆောင်ရွက်ရခြင်းဖြစ်ကြောင်း ဦးဇော်ဇော် (လက်ထောက်ညွှန်ကြားရေးမှူး-မြို့ပြ) ဆည်မြောင်းဦးစီးဌာန ဖျာပုံခရိုင်၏ ရှင်းလင်းပြောကြားချက်များအရ သိရသည်။

''ကျွန်တော်တို့ဒေသရဲ့ အဓိကလိုအပ်ချက်တစ်ခုဖြစ်တဲ့ လယ်ယာစိုက်ပျိုးရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်လာအောင် သက်ဆိုင်ရာကနေ အခုလို လိုအပ်တဲ့နေရာတွေမှာ ရေတံခါး တွေ၊ ချောင်းတွေ၊ မြောင်းတွေ လာရောက်တည်ဆောက် တူးဖော်ဆောင်ရွက်ပေးကြတဲ့အတွက် အလွန်ကျေးဇူးတင် ဝမ်းသာဖြစ်မိပါတယ်။ အမှန်တကယ် အကျိုးသက်ရောက်မှု ရှိမှာပါ။ အခုလို လက်ပန်ရေတံခါးတည်ဆောက်ပေးတဲ့အတွက် နိုင်ငံ့ဂုဏ်ဆောင် ဖျာပုံလက်ပန်ပေါ်ဆန်းမွှေးစပါး တွေလည်း ကွင်းလုံးပြည့် ကွင်းလုံးလျှံ တိုးပြီး စိုက်ပျိုးလာနိုင် တော့မှာပါ''ဟု လက်ပန်ကျေးရွာမှ လယ်သမားကြီး ဦးခင်မောင်သန်းက ပြောသည်။

No comments:

Post a Comment