Saturday, October 3, 2015

ကမ္ဘာ့အကြီးဆုံးစာအုပ်သင်္ဘောကြီး ရန်ကုန်မြို့သို့ ဆိုက်ရောက် စာအုပ်များကို လွယ်လပ်စွာဝယ်ယူနိုင်မည့်အပြင် သင်္ဘောကြီးကို အခမဲ့လေ့လာနိုင်




The Mirror Daily's photo.


သတင်း - သီဟသူ

ရန်ကုန် အောက်တိုဘာ ၂

ကမ္ဘာ့အကြီးဆုံးစာအုပ်ဈေးရောင်း သင်္ဘောကြီးဖြစ်သည့် M.V Logos Hope သည်စေတနာ့ဝန်ထမ်း သင်္ဘော သားနှင့် လုပ်အားပေးသူ ၄ဝဝ ကျော် နှင့်အတူ ရန်ကုန်မြို့ အလုံနိုင်ငံတကာ သင်္ဘောဆိပ်ကမ်းသို့ ယနေ့နံနက် ၉ နာရီတွင် ရောက်ရှိလာခဲ့ကြောင်း သိရသည်။

အဆိုပါသင်္ဘောကြီးသည် ရန်ကုန် မြို့တွင် အောက်တိုဘာ ၃ ရက်မှ ၁၄ ရက်အထိ သုတ၊ ရသ၊ နည်းပညာ ဆိုင်ရာစာအုပ်များ၊ ဘာသာရပ် ဆိုင်ရာ၊ အတတ်ပညာ၊ ဆေးပညာ၊ အားကစားနှင့် ကလေးစာပေစသည့် စာအုပ်ပေါင်း ငါးထောင်ကျော်ကို သက်သာသော နှုန်းထားများဖြင့် ရောင်းချပေးသွားမည်ဖြစ်ကြောင်း သိရပြီး ယင်းသင်္ဘောကြီးပေါ်တွင် လိုက်ပါလာသည့် စေတနာ့ဝန်ထမ်း လုပ်အားပေးများက ရန်ကုန်မြို့နှင့် အနီးတစ်ဝိုက်နေရာများတွင် ပရဟိတ လုပ်ငန်းများကို လုပ်ဆောင်သွားမည် ဖြစ်ကြောင်း သိရသည်။

ထိုကဲ့သို့ မြန်မာနိုင်ငံသို့ Logos Hope သင်္ဘောကြီးလာရောက်ခဲ့ခြင်းနှင့် ပတ်သက်၍ စီစဉ်ခဲ့သူ Operation Mobilization ၏ ဒါရိုက်တာဖြစ်သူ ဒေါက်တာဂိုချင်ဇမ်းက ''သင်္ဘောပေါ်မှာက စာအုပ်မျိုးစုံ ငါးထောင်ကျော်ပါ ပါတယ်။ ၃ ရက်နေ့ကစပြီး ၁၄ရက်နေ့အထိ နံနက် ၁ဝနာရီကနေ ညနေ ၆ နာရီ အထိ စာပေချစ်သူအများပြည်သူတွေ အခမဲ့လာရောက်ကြည့်ရှုပြီး ဝယ်ယူနိုင်အောင် ဖွင့်လှစ်ပေးသွားမှာပါ။ တနင်္ဂနွေတစ်ရက်တည်းသာ မွန်းလွဲ ၁နာရီကနေ ညနေ ၆ နာရီအထိ ဖွင့်လှစ်ပေးသွားမှာပါ။ စာအုပ်တွေကိုလည်း အများပြည်သူ အလွယ်တကူဝယ်ယူနိုင်အောင် မြန်မာငွေနဲ့ ရောင်းပေးသွားမှာ ဖြစ်ပါတယ်။ ဒါ့အပြင် အဆာပြေစားနိုင်အောင် ရေခဲမုန့်နဲ့ အခြားအစားအသောက် တွေကို ရောင်းချပေးသွားမှာပါ။ နောက်လာရောက်တဲ့သူတွေ စိတ်အပန်းဖြေနိုင်အောင် သင်္ဘောကုန်းပတ်တွေကို လေ့လာလို့ရအောင်ဖွင့်ပေးထားမှာ ဖြစ်ပါ တယ်''ဟု ရှင်းလင်းပြောကြားခဲ့သည်။

၎င်းကမ္ဘာ့အကြီးဆုံးစာအုပ်သင်္ဘောကြီးသည် ကမ္ဘာ့နိုင်ငံအနှံ့သို့ လှည့်လည်သွားလာကာ စာအုပ်များကိုရောင်းချပြီး ပရဟိတလုပ်ငန်းများကို လုပ်ကိုင်နေခြင်းဖြစ်ကြောင်း၊ ယခုအခါ အာရှတိုက်ဒေသခရီးစဉ်အတွင်း မလေးရှားနိုင်ငံမှတစ်ဆင့် မြန်မာနိုင်ငံသို့လာရောက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါသင်္ဘောကြီးလာရောက်ခဲ့ခြင်းနှင့်ပတ်သက်၍ Logos Hope ၏ မန်နေဂျင်းဒါရိုက်တာ Mr. Ronald Lappin က ''ကျွန်တော်တို့ Logos Hope အနေနဲ့ ဒီခရီးစဉ်ဟာ မြန်မာနိုင်ငံအတွက် တတိယအကြိမ်မြောက်ခရီးစဉ်ပါ။ ပထမ ၁၉၉၈ မှာတစ်ကြိမ်၊ ၂ဝဝ၂ ခုနှစ်မှာ တစ်ကြိမ် Logos Hope သင်္ဘော ဟောင်း Doulos နဲ့လာဖူးပါတယ်။ အခုကတော့ ဆယ့်လေးနှစ်အကြာမှာ ကမ္ဘာ့အကြီးဆုံး သင်္ဘောနဲ့ ပထမဆုံးအကြိမ် လာခဲ့ခြင်းဖြစ်ပါတယ်။ ဒီသင်္ဘော ပေါ်မှာ နိုင်ငံပေါင်း ၆၈ နိုင်ငံက အခကြေးငွေမယူဘဲ စေတနာနဲ့လုပ်ကိုင်ပေးတဲ့ ဝန်ထမ်း လေးရာကျော်ပါပါတယ်။ သူတို့က သင်္ဘောပေါ်မှာ နှစ် နှစ်သက်တမ်း တာဝန်ထမ်းဆောင်ကြတာပါ။ သူတို့အနေနဲ့ သင်္ဘောပေါ်က တာဝန်တွေကို ဆောင်ရွက်သလို ရောက်တဲ့ နိုင်ငံတွေမှာ မိတ်ဆွေဖွဲ့ပြီး ပရဟိတ အလုပ်တွေ လုပ်ကြပါတယ်။ အခုမြန်မာနိုင်ငံ မှာလည်း လုပ်လို့အဆင်ပြေမယ့်နေရာတွေမှာ ပရဟိတလုပ်ငန်းတွေ လုပ်သွားကြမှာပါ''ဟု ပြောသည်။

Logos Hope သည် ဂျာမနီ နိုင်ငံတွင် မှတ်ပုံတင်ထားသည့် နိုင်ငံတကာ စေတနာရှင်အဖွဲ့ကြီးဖြစ်ပြီး ၁၉၇ဝ ခုနှစ်မှ စတင်ကာ နိုင်ငံပေါင်း (၁၆ဝ) မှ လူဦးရေ ၄၄ သန်းကို ၎င်းတို့၏သင်္ဘောပေါ်သို့ လက်ကမ်းကြိုဆိုခဲ့ပြီးဖြစ်ကြောင်း သိရသည်။

No comments:

Post a Comment