Wednesday, October 28, 2015

ချယ်လ်ဆီးနည်းပြ မော်ရင်ဟိုအား အက်ဖ်အေက တရားစွဲဆို




The Mirror Daily's photo.


ချယ်လ်ဆီးအသင်းနှင့် ဝက်စ်ဟမ်းအသင်းတို့ ယှဉ်ပြိုင်ကစားခဲ့သည့် ပရီမီယာလိဂ်ပွဲစဉ်တွင် ချယ်လ်ဆီးအသင်း နည်းပြ မော်ရင်ဟို၏ ပေါ်တူဂီဘာသာစကားဖြင့် ပြောဆိုခဲ့မှုနှင့် အမူအရာတို့အပေါ် မကျေနပ်၍ အင်္ဂလန် ဘောလုံး အဖွဲ့ချုပ်(အက်ဖ်အေ)က တရားစွဲဆိုခဲ့ကြောင်း သိရသည်။

အဆိုပါပွဲစဉ်ပထမပိုင်းပြီးချိန်တွင် ကွင်းလယ်ဒိုင် ဂျွန်မို့စ်အား ၄င်း၏ အခန်းတွင် သွားရောက်ပြောဆိုခဲ့ပြီး နောက် ချယ်လ်ဆီးအသင်းနည်းပြမော်ရင်ဟိုအား ပွဲကြည့်စင်ထိုင်ခုံတွင် သွားရောက်ထိုင်စေခဲ့သည်။ ချယ်လ်ဆီးအသင်း နှင့် ဝက်စ်ဟမ်းအသင်းတို့ကိုလည်း ကစားသမားများကို ထိန်းချုပ်နိုင်စွမ်းအားနည်းခဲ့ခြင်းကြောင့် တရားစွဲဆိုထားခဲ့ ကြောင်း သိရသည်။

ချယ်လ်ဆီးအသင်းသည် ဝက်စ်ဟမ်းအသင်းအား ရှုံးနိမ့်ခဲ့သည့် အဆိုပါပရီမီယာလိဂ်ပွဲစဉ်တွင် အဝါကတ် ငါးကတ်ထက်မနည်းပြသခံခဲ့ရခြင်းကြောင့် ဒဏ်ကြေးငွေအဖြစ် ပေါင် ၂၅ဝဝဝ ဒဏ်တပ်ခံရမည်ဖြစ်သည်။ ချယ်လ်ဆီး အသင်းမှာ မာတစ်အား ပြသခဲ့သည့် အဝါကတ်နှစ်ကတ်အပါအဝင် အက်ပီလီကူတာ၊ ဝီလီယံ၊ ဖာဘရီဂတ်စ်၊ ဂျွန် မိုက်ကယ်အိုဘီနှင့် ဒီယေဂိုကော်စတာတို့လည်း အဝါကတ်ပြသခံခဲ့ရသည်။

ချယ်လ်ဆီးအသင်းနည်းပြ မော်ရင်ဟိုသည် ချယ်လ်ဆီးအသင်းနှင့် ဝက်စ်ဟမ်းအသင်းပွဲစဉ်နှင့် ပတ်သက်သည့် သတင်းစာရှင်းလင်းပွဲသို့ တက်ရောက်ရန်ပျက်ကွက်ခဲ့မှုနှင့် ပတ်သက်၍လည်း ဖြေရှင်းချက်ပေးရန် ပရီမီယာလိဂ် က ချယ်လ်ဆီးအသင်းအား တောင်းဆိုထားခဲ့သည်။

အင်္ဂလန်ဘောလုံးအဖွဲ့ချုပ်အနေဖြင့်လည်း ကွင်းလယ်ဒိုင် ဂျွန်မို့စ်၏ ချယ်လ်ဆီးအသင်းနှင့် ဝက်စ်ဟမ်းအသင်း တို့၏ ပွဲစဉ်နှင့် ပတ်သက်သည့် အစီရင်ခံစာကို စောင့်ဆိုင်းနေပြီး အဆိုပါအစီရင်ခံစာတွင် ချယ်လ်ဆီးအသင်းနည်းပြ မော်ရင်ဟို၏ ကွင်းလယ်ဒိုင်အပေါ်ပြုမူခဲ့သည့် အသေးစိတ်အကြောင်းအရာများလည်း ပါဝင်မည်ဟု မျှော်လင့်ထား ကြောင်း သိရသည်။ပရီမီယာလိဂ်ကွင်းလယ်ဒိုင်ဟောင်းတစ်ဦးဖြစ်သူ မာ့ခ်ဟာစလေကမူ အဆိုပါ ဖြစ်ရပ်နှင့် ပတ်သက် ၍ မော်ရင်ဟိုအနေဖြင့် ပြန်လည်တောင်းပန်သင့်ကြောင်း ပြောကြားခဲ့သည်။

ယင်းပွဲစဉ်တွင် ချယ်လ်ဆီးအသင်းသည် ဝက်စ်ဟမ်းအသင်းအား နှစ်ဂိုး-တစ်ဂိုးဖြင့် ရှုံးနိမ့်ခဲ့ပြီး အဆိုပါရှုံးနိမ့် ခဲ့မှုကြောင့် ပရီမီယာလိဂ်ပွဲစဉ်(၁ဝ)အပြီးတွင် အမှတ်ပေးဇယား၏ ထိပ်ဆုံး၌ ဦးဆောင်နေသည့် မန်စီးတီးအသင်း နှင့် ၁၁ မှတ်အကွာ အမှတ်ပေးဇယား၏ အဆင့်(၁၅)နေရာတွင် ရပ်တည်ခဲ့သည်။
(ငွေကြယ်)

No comments:

Post a Comment