Thursday, October 1, 2015

မြန်မာ့အလင်း အယ်ဒီတာ့အာဘော်



 
လူမှုဘ၀ ဖွံ့ဖြိုးရေးနှင့်ဘိုးဘွားများ


လူတို့အနေဖြင့် အသက်အရွယ်ကြီးလာပြီဆိုလျှင် စိတ်သွား တိုင်း ကိုယ်မလိုက်နိုင်ကြ၍ အိမ်၌သာ အေးအေးလူလူနေကြ သဖြင့် လူမှုအသိုင်းအဝိုင်းနှင့် အဆက်အသွယ်ပြတ်တောက်ကာ ရောဂါဝေဒနာဖိစီးမှုများထက်စိတ်ပိုင်းဆိုင်ရာထိခိုက်မှုများနှင့် ကြုံတွေ့ကြရလေ့ရှိပါသည်။ ထို့ကြောင့်လည်း အသက်အရွယ် ကြီးသူများသည် လူမှုအသိုင်းအဝိုင်းမှ ဝိုင်းပယ်ထားသကဲ့သို့ ဖြစ်ကြရပါသည်။
အသက်အရွယ်ကြီးလာလျှင်ရုပ်ပိုင်းဆိုင်ရာကုစားမှုများလိုအပ်သလို စိတ်ပိုင်းဆိုင်ရာပြုပြင်ထိန်းကျောင်းမှုများလည်း လိုအပ်လာပါသည်။ အထူးသဖြင့် အသက်အရွယ်ကြီးသူများ အဖို့ စိတ်ကျန်းမာရေးသည် အရေးကြီးသည့် အချက်ဖြစ်သည်။ စိတ်ကိုပျော်ရွှင်အောင်နေထိုင်သင့်သည်။ စိတ်ကိုအေးအေးနေ သင့်သည်။  တရားဓမ္မနှင့်ပျော်ရွှင်အောင်  နေထိုင်သင့်သည်။ ထို့ကြောင့်လည်း သက်ကြီးရွယ်အိုများအဖို့ ရှေးရှေးသော လူကြီး သူမများက အေးအေးနေ နွေးနွေးထားဟု ဆိုကြခြင်းဖြစ်ပါသည်။ ခန္ဓာကိုယ်ကိုနွေးနွေးထွေးထွေးထားပြီး စိတ်ကိုအေးအေးထားရ မည်ဟု ဆိုခြင်းပင်ဖြစ်ပါသည်။
ဤသို့နေထိုင်ပြုမူရေးသည်    စိတ်ပိုင်းဆိုင်ရာကို ထိန်းကျောင်းနိုင်ရန် လူမှုဘဝဖွံ့ဖြိုးတိုးတက်မှုများတွင် မိမိတို့ စွမ်းနိုင်သလောက်ပါဝင်ပတ်သက်နေဖို့လိုပါသည်။  လူမှုရေး၊ ဘာသာရေး၊ စီးပွားရေး၊ သာမှုနာမှုအစရှိသဖြင့် ပါဝင်ဆောင်ရွက် ကြသောကြောင့် စိတ်ပိုင်းဆိုင်ရာထိခိုက်မှုများလည်း လျော့နည်း သွားမည်ဖြစ်ပါသည်။
နှစ်စဉ်အောက်တိုဘာလ ၁ ရက်နေ့ကို အပြည်ပြည်ဆိုင်ရာ သက်ကြီးရွယ်အိုများနေ့အဖြစ် သတ်မှတ်ထားပါသည်။ ထိုနေ့ ရောက်တိုင်းနိုင်ငံတကာက ဆောင်ပုဒ်တစ်ခုထုတ်ပြန်ပြီး သက် ကြီးရွယ်အိုများအား အသိပေးလေ့ရှိသည်။ ယခုနှစ်ဆောင်ပုဒ်မှာ ကား''ဘိုးဘွားအားလုံးပါဝင်ဖို့ ရေရှည်တည်အောင်ကြိုးပမ်းစို့'' (Sustainability  and  Age Inclusiveness in the Urban Environment ) ဟူ၍ ဖြစ်ပါသည်။ ဘိုးဘွားများ အားလုံးလူမှုဘဝဖွံ့ဖြိုးမှုအဖုံဖုံတွင် မိမိတို့စွမ်းနိုင်သလောက် ပါဝင်ကြရန် တိုက်တွန်းထားခြင်းဖြစ်ပါသည်။
ဤသို့  တိုက်တွန်းထားခြင်းမှာလည်း   အမှန်အားဖြင့် ဘိုးဘွားများအတွက်သာ ဖြစ်ပါသည်။ လူမှုရေးဖွံ့ဖြိုးမှုလုပ်ငန်း များတွင် ကာယအားဖြင့်မပါဝင်နိုင်သည့်တိုင် ဉာဏအားဖြင့် ပါဝင်နိုင်မည်ဖြစ်ပါသည်။ ဤသို့ပါဝင်ပတ်သက်ခြင်းအားဖြင့် အထီးကျန်စွာနေထိုင်ခြင်းကြောင့် ရရှိလာမည့် စိတ်ပိုင်းဆိုင် ရာ ထိခိုက်မှုများကို တွန်းလှန်ဖယ်ရှားနိုင်မည်ဖြစ်ပါသည်။
ဘိုးဘွားများအနေဖြင့် လူမှုရေးလုပ်ငန်းများ၊ ဘာသာရေး လုပ်ငန်းများ၊ အကြံပေးလုပ်ငန်းများပါဝင်နိုင်ပါသည်။ အချို့ အသက် ၇ဝ ကျော် ၈ဝ ဝန်းကျင်ဘိုးဘွားများသည်မိမိတို့ငယ် ရွယ်စဉ်ဘဝဖြတ်သန်းစဉ် ကျွမ်းကျင်ပတ်သက်ရာ လုပ်ငန်း အဖြာဖြာတို့တွင်  တတ်စွမ်းသရွေ့  ပါဝင်ဆောင်ရွက်နေကြဆဲ ဖြစ်ပါသည်။ ဤသို့ပါဝင်လှုပ်ရှားနေကြ၍လည်း ကျန်းမာရေးမှာ ဒေါင်ဒေါင်မြည်နေသည်ဟု ဆိုကြပါသည်။ သို့ဖြစ်၍ လူမှု ဘဝဖွံ့ဖြိုးမှုများတွင် ဘိုးဘွားများလည်း ပါဝင်ကြခြင်းဖြင့် မိမိအတွက် စိတ်လည်းချမ်းသာ ကျန်းမာရေးလည်း ကောင်း သည့်လူမှုဘဝကို တည်ဆောက်နိုင်မည်ဖြစ်ပါကြောင်း။    ။

No comments:

Post a Comment