Tuesday, September 29, 2015

ကမ္ဘာ့ရေကြောင်းနေ့ အခမ်းအနားကျင်းပ




Myanmaalinn's photo.

ရန်ကုန် စက်တင်ဘာ ၂၈

ပညာရေးနှင့် လေ့ကျင့်ရေးကဏ္ဍကို ဦးတည်သည့် ကမ္ဘာ့ရေကြောင်းနေ့ အခမ်းအနားကို ယနေ့နံနက် ၈ နာရီခွဲက ရန်ကုန်မြို့ Park Royal ဟိုတယ်၌ကျင်းပခဲ့ရာ ပို့ဆောင်ရေး ဝန်ကြီးဌာနနှင့် ရထားပို့ဆောင်ရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဉာဏ်ထွန်းအောင် တက်ရောက် အမှာစကားပြောကြားသည်။
ပြည်ထောင်စုဝန်ကြီးက ပြော ကြားရာတွင် ကမ္ဘာ့ရေကြောင်းနေ့ အခမ်းအနားကို ယခုလိုနှစ်စဉ် စက်တင်ဘာလအတွင်းတွင် အပြည် ပြည်ဆိုင်ရာ ရေကြောင်းအဖွဲ့ချုပ်(IMO) အဖွဲ့ဝင်နိုင်ငံများ၌ ကျင်းပ လေ့ရှိပြီး နှစ်စဉ်နှစ်တိုင်းလည်း ဦးတည်ချက်ဆောင်ပုဒ်များ သတ်မှတ် ပေးကာ ကျင်းပလေ့ရှိပါကြောင်း၊ ယခုနှစ်အတွက် ရေကြောင်းဘက် ဆိုင်ရာ ပညာရေးနှင့် လေ့ကျင့် သင်ကြားရေးကဏ္ဍကို ဦးတည်ဆောင် ရွက်ခဲ့ပါကြောင်း၊ နိုင်ငံတကာတွင် ရေကြောင်းပို့ဆောင်ရေးစနစ်တစ်ခုတည်းကသာလျှင် ခရီးဝေးကွာသည့် နေရာများကို ထုထည်ကြီးမားသော ကုန်ပစ္စည်းများကို ပို့ဆောင်နိုင်ပြီး ဈေးစရိတ်စက သက်သာသော ပို့ဆောင်ရေးစနစ်တစ်ခု ဖြစ်ကြောင်း၊ ယခုအခါတွင် သင်္ဘောများ၏ အရွယ်အစားကြီးမားလာသည့်အပြင် ခေတ်မီဆန်းပြားသည့် ရေကြောင်း ပြကိရိယာများ၊ ဆက်သွယ်ရေး ကိရိယာများအပါအဝင် သယ်ဆောင် သည့် ကုန်စည်အလိုက် သင်္ဘော အမျိုးအစားလည်း တိုးတက်ပြောင်းလဲ လာသည့်အတွက် ထိုစနစ်များအပေါ် ကိုင်တွယ်မောင်းနှင်နိုင်မည့် ခေတ်မီ ပညာရပ်ဆိုင်ရာ သင်ကြားမှုစနစ်များ လည်း တိုးတက်ပြောင်းလဲလာပြီဖြစ်ကြောင်း၊ ထို့အတွက်ကြောင့် ယခုနှစ် ကမ္ဘာ့ရေကြောင်းနေ့ဆောင်ပုဒ်အဖြစ် ရေကြောင်းဘက်ဆိုင်ရာ ပညာရေး နှင့် လေ့ကျင့်သင်ကြားရေးကို သတ် မှတ်ပေးခဲ့ခြင်းဖြစ်ကြောင်း ပြောကြား သည်။
ထို့နောက် ကမ္ဘာ့ကုလသမဂ္ဂ အဖွဲ့ချုပ် အထွေထွေအတွင်းရေးမှူး မှပေးပို့သော သဝဏ်လွှာကို အပြည် ပြည်ဆိုင်ရာ ရေကြောင်းအဖွဲ့ချုပ် (IMO) ကိုယ်စားလှယ်ဖြစ်သူ Mr. Ken McDonald က ဖတ်ကြားခြင်း၊ အပြည်ပြည်ဆိုင်ရာ ရေကြောင်းအဖွဲ့ ချုပ်၏ အထွေထွေအတွင်းရေးမှူး သဝဏ်လွှာဖတ်ကြားမှု ဗီဒီယိုပြသ ခြင်းနှင့်Maritime Education and Training ဆိုင်ရာ ပိုစတာများ ပြသခြင်းတို့ကို ဆောင်ရွက်ခဲ့သည်။
ကမ္ဘာ့ရေကြောင်းနေ့ အခမ်း အနားများကို ၁၉၇၈ ခုနှစ်မှစတင်ကာ အပြည်ပြည်ဆိုင်ရာ ရေကြောင်း အဖွဲ့ချုပ် (IMO) အဖွဲ့ဝင်နိုင်ငံ များတွင် နှစ်စဉ်စက်တင်ဘာလ နောက်ဆုံးပတ်ကာလတွင် ကျင်းပ လေ့ရှိကြောင်း သိရသည်။

(သတင်းစဉ်)

No comments:

Post a Comment