Tuesday, September 29, 2015

တောင်သမန်အတွက် မနက်ဖြန်များ



ယိုယွင်းစပြုလာပြီဖြစ်သော တောင်သမန်အင်းနှင့် တောင်သမန်တံတား၏ ရုပ်သွင်ကို ယမန်နှစ်ကတည်းက သတိပြုမိလာသည်။ သဘာဝတရား၏ ဖောက်ပြန်မှုသဘောအတိုင်း ပျိုရာမှ အို၊ သစ်ရာမှ ဟောင်းကြရစမြဲ။
တောင်သမန်တံတား (ခေါ်) ဦးပိန်တံတားကြီး သစ်လွင်ခဲ့စဉ်က လန်းဆန်းတက်ကြွမှု၊ ဣနြေ္ဒကြီးစွာ တည်ရှိမှု၊ တံတားကြီး၏အလှနှင့် တောင်သမန်အင်း၏ သဘာဝတရားတို့ လိုက်ဖက်တင့်တယ်မှုဖြင့် ပနံရစွာ တည်ရှိမှု၊ ယဉ်ကျေးမှု အမွေအနှစ်ဝင် ရှေးဟောင်းသစ်သားတံတားကြီးအဖြစ် ''မြန်မာ''သာမက ကမ္ဘာကျော်သည်အထိ ထင်ရှားကျော်ကြားမှု၊ စိတ်ချမ်းမြေ့ဖွယ် အပန်းဖြေစေမှုနှင့် ပတ်ဝန်းကျင်တစ်ခုလုံး၏ သွားလာရေးနှင့် စီးပွားရေးအရ အထောက်အကူပြု မှုတို့ကို အတတ်နိုင်ဆုံး ဝန်ဆောင်မှုပေးခဲ့ပြီး တာဝန်အလီလီကျေခဲ့ပြီ။
ဦးပိန်တံတားကြီး ရင့်ရော်လာမှုနှင့်အတူ တောင်သမန်အင်းရေပြင် ကျဆင်းလာချိန်တွင် တံတားကြီးကို မူလ အနေအထား မပျက်ယွင်းစေဘဲ ရေရှည်တည်တံ့ခိုင်မြဲအောင် ပြုပြင်ထိန်းသိမ်းရန်နှင့် တောင်သမန်အင်း သန့်ရှင်း သာယာလှပစေရန်အတွက် ဖေးမကူညီလုပ်ဆောင်ပေးရမည့်တာဝန်မှာ သက်ဆိုင်သူအားလုံး ဖြစ်လာခဲ့သည်။
ဦးပိန်တံတားကြီး...
''အင်းကအောင်အာ''ဟု တံတားကြီးတည်ဆောက်ခဲ့သည့် ၁၂၁၁ ခုနှစ် ကိုလည်းကောင်း၊ ''အင်းကအောင်ညီ''ဟု တံတားကြီးဆောက်လုပ်ပြီးစီးခဲ့ သည့် ၁၂၁၃ ခုနှစ်ကိုလည်းကောင်း စာချိုးဖြင့် ဖော်ပြခဲ့မှု၊ ပုဂံမင်းလက်ထက် တွင် အမရပူရမြို့စာရေး မောင်ပိန်က တောင်သမန်ရွာနှင့် ပတ်ဝန်းကျင်ကျေးရွာ မှ ပြည်သူများ သွားလာမှုအဆင်ပြေစေရန် တောင်သမန်အင်းကို ဖြတ်၍ နှစ်နှစ်ခန့်ကြာ ဆောက်လုပ်ခဲ့မှု၊ စစ်ကိုင်းနှင့် အင်းဝမြို့များမှ နန်းတော်ဟောင်း နှင့် အိမ်တော်ဟောင်းများမှ သစ်သားဟောင်းများကို ပုဂံမင်းက အများပြည်သူ အတွက် တံတားဆောက်လုပ်ရန် ခွင့်ပြုခဲ့မှုနှင့် ဘုရင့်စစ်လှေကြီးများ၊ ပြည်ကြီး မွန်စသည့် ဘုရင့်ဖောင်တော်ကြီးများ လွယ်ကူစွာ ဖြတ်သန်းသွားလာနိုင်စေ ရေး လွယ်ကူစွာဖြုတ်နိုင်၊ တပ်နိုင်ရန် စီမံဆောက်လုပ်ခဲ့မှု၊ ဖောင်လမ်းကြောင်း ကိုးခုနှင့် ခရီးသွားများ နားနေနိုင်စေရန် ဇရပ်လေးခု ထည့်သွင်းတည်ဆောက် ခဲ့မှုများကို လေ့လာသိရှိရသည်။
''မြေဝင်တသူ၊ ထူးမူနှစ်ချက်၊ နှစ်ဖက်ဝရန်တာ၊ ခင်းသုံးလွှာနှင့်'' စာချိုး ဖြင့် တံတားတိုင် မြေဝင် ခုနစ်ပေအနက်နှင့် မြေဝင်တိုင် အဖျားအား ချွန်ထား မှု၊ တိုင်ခြေများကို အပေါက်ဖောက်၍ ထူးနှစ်ချက်ခတ်၊ ဝရန်တာနှစ်ဖက်ကာ ၍ အခင်းသုံးထပ်၊ သုံးလွှာခင်း၍ ဆောက်လုပ်ထားမှု၊ ထုထည်ကြီးမားသော သစ်များ အောက်ခံထားပြီး အခင်းသစ်သားပြားသုံးဆင့်ကို တစ်ခုအပေါ်တစ်ခု ကန့်လန့်ဖြတ်တင်ကာဆောက်လုပ်ခဲ့မှုတို့ကိုလည်းကောင်း၊ ''နဝအဌဇယ မောင်ပိန်''ဟူ၍ တံတားတွင် တိုင်ပေါင်း ၉၈၄ တိုင်ဖြင့် ရှေးခေတ်မြန်မာဗိသု ကာ လက်သမားပညာရှင်များက စကေးချိန်၊ မှန်ချိန်မပါဘဲ လက်အတိုင်း အတာ၊ ခြေလှမ်းအတိုင်းအတာတို့ဖြင့် လည်းကောင်း၊ လှိုင်းဒဏ်၊ လေဒဏ် ခံနိုင်ရန် ဖြောင့်တန်းစွာ မဆောက်လုပ်ဘဲ တောင်ဘက်သို့ ဦးမော့၍ ကွေ့ဝိုက် ကာ ကျင်တွယ်ချိုးသဏ္ဌာန်ဆောက်လုပ်ခဲ့မှုကို လည်းကောင်း လေ့လာမှတ်သား ရသည်။
ခေတ်အဆက်ဆက် ပျက်စီးယိုယွင်းမှုနှင့်အတူ ပြုပြင်ထိန်းသိမ်းမှု ပြုလုပ်ခဲ့ ရာတွင် တံတားနှစ်ဖက်ထိပ်ရှိ အုတ်တံတားကို ဖြုတ်ပြီး သစ်သားတံတားဖြင့် အစားထိုးဆောက်လုပ်ခဲ့မှုကြောင့် တံတားတိုင်များ တိုးလာခဲ့ရာ ဇရပ်လေး ဆောင်မှ တိုင်များ အပါအဝင် တံတားတိုင်စုစုပေါင်းမှာ ၁ဝ၈၆ တိုင်အထိ ရှိလာခဲ့ပြီး မြန်မာနိုင်ငံ၏ အရှည်ဆုံးသစ်သားတံတားအဖြစ် ရပ်တည်လျက် ရှိသည်။
''ဒုတိယကမ္ဘာစစ်ပြီးကာလ ၁၉၄၆ ခုနှစ်က တောင်သမန်အင်း ရေအလွန် ကြီးပြီး ဦးပိန်တံတားကြီး ရေနစ်မြုပ်ခဲ့ဖူးပါတယ်။ တံတားတိုင်လုံးနဲ့ တံတား အခင်းတွေ ရေစီးနဲ့ မျောပါပျက်စီးခဲ့တာကြောင့် တောင်သမန်ရွာမှာနေတဲ့ အမရပူရအမတ် ဦးဘသီက ပြုပြင်ခဲ့တယ်''ဟု အမရပူရမြို့နေ အသက် ၈၄ နှစ်အရွယ်ရှိ ကျောင်းအုပ်ဆရာကြီး (အငြိမ်းစား) ဦးအောင်ငွေက ပြောသည်။
တောင်သမန်တံတားကြီးကို ခေတ်အဆက်ဆက် ပြုပြင်ထိန်းသိမ်းခြင်း များ ဆောင်ရွက်ခဲ့ရာတွင် ၁၉၆၇ ခုနှစ်တွင် ကျေးလက်ဖွံ့ဖြိုးရေးရန်ပုံငွေ ဖြင့် တံတားအရှေ့ဘက်ပိုင်းရှိ အခန်းပေါင်း ၅ဝ အရှည်ပေ ၅ဝဝ ကိုလည်း ကောင်း၊ ၁၉၇၃ နှင့် ၁၉၈၈ ခုနှစ်များတွင် ရေကြီးသဖြင့် အမရပူရမြို့ရှိ မဟာဂန္ဓာရုံဆရာတော်ကြီး ဦးဆောင်ပြီး တာဝန်ရှိသူများနှင့် အလှူရှင်များ ပူးပေါင်း၍ တံတားအခန်းပေါင်း ၈ဝ ခန့်ကိုတစ်ကြိမ်၊ ၄၅ ခန်းခန့်ကို တစ်ကြိမ်စီ ဖြင့် ပြုပြင်ခဲ့ရာတွင် အချို့နေရာများ၌ သံကူကွန်ကရစ်တံတားများဖြင့် အစား ထိုး၍ ပြုပြင်ခဲ့ကြောင်း သိရသည်။
''ရှေးဟောင်းသုတေသန ခွင့်ပြုရန်ပုံငွေမှ ၁၉၉၉-၂ဝဝဝ ဘဏ္ဍာရေးနှစ် မှာ ငွေကျပ် ၁ဝ သိန်း၊ ၂ဝဝဝ-၂ဝဝ၁ ဘဏ္ဍာရေးနှစ်မှာ ငွေကျပ်သုံးသိန်း၊ ၂ဝဝ၄ ခုနှစ်ထဲမှာ ငွေကျပ် ၃၅၅ ဒသမ ၇ သိန်း ခွင့်ပြုခဲ့ပြီး ယိုင်နေတဲ့ သစ်သားတိုင်နဲ့ ကြမ်းခင်းတွေ ပြန်လည်တည့်မတ်တာ၊ ဆွေးမြည့်နေတဲ့ ရက်မနဲ့ဆင့်တွေမှာ အစားထိုးပြုပြင်တာ၊ တံတားကြမ်းခင်းဟောင်းတွေမှာ သံချက်ကြွနေတာကို ထပ်မံသံရိုက်တာ၊ ကျွန်းတိုင်တွေဆက်ပြီး ပြုပြင်ခဲ့တာ တွေကို မှတ်တမ်းတွေမှာ လေ့လာတွေ့ရှိရပါတယ်''ဟု ယဉ်ကျေးမှုဝန်ကြီးဌာန ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန မန္တလေးဌာနခွဲမှ ညွှန်ကြားရေးမှူး ဦးညိုမြင့်ထွန်းက ပြောကြားသည်။
ထို့အပြင် ဦးပိန်တံတား ပြုပြင်ခဲ့မှုများတွင် ၂ဝဝ၅-၂ဝဝ၆ ဘဏ္ဍာရေးနှစ် တွင် ငွေကျပ်သိန်း ၁၇ဝ၊ ၂ဝဝ၈-၂ဝဝ၉ ဘဏ္ဍာရေးနှစ်တွင် ငွေကျပ် ၄၈ ဒသမ ၅ သိန်း၊ ၂ဝ၁၄-၂ဝ၁၅ ဘဏ္ဍာရေးနှစ်တွင် ငွေကျပ် ၁၃၄ သိန်းတို့ ခွင့်ပြုချက်ရရှိခဲ့ပြီး တံတားတိုင်များ အစားထိုးလဲလှယ်ခြင်း၊ ဖြတ်ဆက်ခြင်း၊ တည့်မတ်ခြင်း၊ ချုပ်တန်း၊ ထောက်တန်း၊ ရက်မ၊ ဆင့်၊ ကြမ်းခင်းများ လဲလှယ် ခြင်း၊ ဇလီသတ်ခြင်း၊ လက်ရန်းများတပ်ဆင်ခြင်း၊ အခန်းနံပါတ်များ ရေးထိုးခြင်း များအပြင် အများပြည်သူ လှူဒါန်းငွေများဖြင့်လည်း ဆွေးမြည့်ပျက်စီးသည့် တံတားကြီး၏ ရက်မ၊ ဆင့်နှင့် ကြမ်းခင်းလဲလှယ်ခြင်းများကို အခါအားလျော် စွာ ပြုပြင်ခဲ့ပြီး ထိန်းသိမ်းခဲ့ကြောင်း သိရသည်။
''ဦးပိန်တံတားကြီးကို ရှေးမူမပျက် ပြုပြင်ထိန်းသိမ်းတဲ့ လုပ်ငန်းတွေ ဆက်လက်လုပ်ဆောင်ရမှာပါ။ အခုတံတားကြီးမှာ ဆွေးမြည့်နေတဲ့ တံတား တိုင် ၁ဝဝ လဲလှယ်ဖို့၊ အောက်ခြေဆွေးမြည့်နေတဲ့ တံတားတိုင် ၁၇ တိုင် ဖြတ်ဆက်ပြုပြင်ဖို့၊ ဆွေးမြည့်ပျက်စီးနေတဲ့ တိုင်အခေါင်း ၄၆ တိုင်ကို အစားထိုး ဆက်ပြီး ပြုပြင်ဖို့၊ ဆွေးမြည့်နေတဲ့တံတား ရက်မ ၃၅ ချောင်း လဲလှယ်ဖို့၊ တံတားလက်ရန်းပေအရှည် ၂ဝဝ ခန့် ပြုလုပ်ဖို့၊ သစ်သားခါးပန်းများ ထည့်သွင်း ပြုလုပ်ဖို့ လိုအပ်နေပါသေးတယ်''ဟု ဦးညိုမြင့်ထွန်းက ဆက်လက်ပြောကြား သည်။
တောင်သမန်တံတားကြီးမှ ကွန်ကရစ်တံတား လက်ရန်းများတွင်လည်း အင်္ဂတေ အချောကိုင်ပြုပြင်ရန်၊ ကွဲအက်နေသော တိုင်ခေါင်းများကို စတီးပြား များဖြင့် ခါးပတ်ပြုလုပ်ထိန်းသိမ်းရန်၊ တောင့်တင်းခိုင်မာမှုရှိစေရေးချုပ်တန်းနှင့် ထောက်တန်းများ ထည့်သွင်းပြုလုပ်ရန်အပြင် တံတားအောက်ဘက်ခြမ်း မှ ၁၅ ပေခန့်အကွာအထိ လုံခြုံရေးရှုထောင့်အရ လျှပ်စစ်မီးသွယ်တန်းတပ်ဆင် ရန်လည်း လိုအပ်ကြောင်း သိရှိရသည်။
တောင်သမန်အင်း...
လွန်ခဲ့သော နှစ် ၁ဝဝ ခန့်က အင်းအကျယ်မှာ ဧက ၂၅ဝဝ ခန့် ရှိခဲ့ရာမှ ယခုအခါ မိုးများချိန်တွင် ဧက ၁၈ဝဝ ခန့်၊ ရေအနက် ၉ ပေမှ ၁၅ ပေအထိ ရှိသော်လည်း ပွင့်လင်းရာသီတွင်မူ ဧက ၈ဝဝ မှ ၁ဝဝဝ ခန့်အထိ လျော့ကျ လာခဲ့သည်။
ယခင်က ဒုဋ္ဌဝတီမြစ်နှင့် ဧရာဝတီမြစ်တို့မှ တောင်သမန်အင်းသို့ တိုက်ရိုက် ရေဝင်ရောက်ခဲ့ရာ သဘာဝတိုင်းရင်းငါးမျိုးများ ပေါများသဖြင့် ပတ်ဝန်းကျင် ရှိ ကျေးရွာ ၁၃ ရွာမှ ဒေသခံပြည်သူများမှာ ငါး၊ ပုစွန် ရှာဖွေရောင်းချမှုများ လုပ်ကိုင်ကြသည်။
ကမ္ဘာနှင့်အဝန်း ရာသီဥတုဖောက်ပြန်မှုများနှင့် အပူချိန်လွန်ကဲလာပြီး ရေအနက် လျော့ကျလာကာ ငါးများအတွက် ရေနေဧရိယာ ကျဉ်းမြောင်းလာ ခြင်း၊ တောင်သမန်အင်းအတွက် ရေထိန်းနိုင်ရန် ၁၉၉၅ ခုနှစ်ခန့်က တံတားဖြူရေထိန်းတံတား တည်ဆောက်ခဲ့ရာ မြစ်ရေများ တိုက်ရိုက်စီးဝင်မှု ကန့်သတ်ချက် ဖြစ်ပေါ်လာခြင်း၊ မြို့ပြဧရိယာ ကျယ်ပြန့်တိုးချဲ့လာပြီး လူနေ ထူထပ်လာခြင်း၊ ပရံတော်ချောင်းတစ်လျှောက်နှင့် ရေပိုပစ်မြောင်းတစ်ဖက် တွင် စက်မှုဇုန်များ၊ အင်းပတ်လည်တွင် လူနေအိမ်နှင့် စားသောက်ဆိုင်များ ဖြစ်ပေါ်လာခဲ့ရာ စွန့်ပစ်ရေနှင့် အမှိုက်သရိုက် အညစ်အကြေးများကြောင့် အင်းရေမှာ သန့်စင်ကြည်လင်မှု လျော့နည်းလာခဲ့ပြီး ငါးသေဆုံးမှု ဖြစ်စဉ်များ ဖြစ်ပွားလာကြောင်း သိရသည်။
''တောင်သမန်အင်းမှာ အစုလိုက်အပြုံလိုက် ငါးသေဆုံးတာ နည်းပါ တယ်။ ၂ဝဝ၈ ခုနှစ်က တစ်ကြိမ်၊ ၂ဝ၁ဝ ပြည့်နှစ်က တစ်ကြိမ် ရာသီဥတုပူပြင်း လွန်းတာကြောင့် သေဆုံးခဲ့တဲ့ ဖြစ်စဉ်တွေရှိခဲ့တယ်။ အခုနှစ် ဧပြီလမှာတစ်ကြိမ်၊ အခုစက်တင်ဘာလလယ်မှာ တစ်ကြိမ် ထပ်မံဖြစ်ပွားခဲ့တာ နှိုင်းယှဉ်တွေ့ရ တယ်။ သေဆုံးတဲ့ ငါးတွေမှာ သဘာဝငါးတွေ မပါဝင်ဘဲ ရာသီဥတုဒဏ်ခံ နိုင်ရည်နည်းတဲ့ အရွယ်တူ ''တီလားပီးယား'' မွေးမြူရေးငါးတွေ အများစုဖြစ် တာလည်း ထူးခြားတယ်''ဟု တိုင်းဒေသကြီး ငါးလုပ်ငန်းဦးစီးဌာနမှ တာဝန်ရှိသူ တစ်ဦးက ရှင်းပြသည်။
တောင်သမန်အင်း သန့်ရှင်းသာယာလှပရေး...
ယခုအခါ တောင်သမန်အင်းရေပြင် သန့်ရှင်းသာယာလှပရေးအတွက် အမှိုက်ကင်းစင်အောင် ဆောင်ရွက်ခြင်း၊ ဗေဒါများ ဆယ်ယူခြင်း၊ နုန်းဆယ်စက် (Dreyer)ဖြင့် နုန်းဆယ်ခြင်း၊ ပရံတော်ချောင်းတစ်လျှောက် တည်ဆောက် ထားသော စက်ရုံများမှ ရေဆိုးများကို Treatment ပြုလုပ်ပြီးမှသာ စည်ပင် သာယာရေးကော်မတီ၏ ၁ဝ လက်မ ပိုက်လိုင်းအတွင်းသို့ ရေဆိုးများ စွန့်ထုတ် ရန် စီမံဆောင်ရွက်ခြင်း၊ တမုတ်ဆိုးမြောင်းမှ ဒုဋ္ဌဝတီမြစ်အထိ အရှည်ပေ ၁၂ဝဝဝ ခန့်ရှိသည့် ရေဆိုးထုတ် ပိုက်လိုင်းဆက်သွယ်ခြင်း၊ ဂါလန် တစ်သိန်း ဆံ့ ရေဆိုးစုကန်ဆောက်လုပ်ပြီး စက်နှစ်လုံးဖြင့် ရေဆိုးများ နေ့စဉ်မောင်းနှင် စုပ်ထုတ်ခြင်းများ ပြုလုပ်လျက်ရှိသည်။
''တောင်သမန်အင်းနဲ့ ဆက်စပ်အင်းသုံးအင်းမှာ ငါးမွေးမြူရေးလုပ်ကိုင်ခွင့် ကို ၂ဝ၁၄-၂ဝ၁၅ ဘဏ္ဍာရေးနှစ်မှ ၂ဝ၁၆-၂ဝ၁၇ ဘဏ္ဍာရေးနှစ်အထိ နှစ်ချင်းငွေချေစနစ်နဲ့ ငှားရမ်းခဲ့ပါတယ်။ ဒါပေမယ့် တောင်သမန်အင်း ရေရှည် တည်တံ့အောင် ထိန်းသိမ်းနိုင်ဖို့ ၂ဝ၁၆-၂ဝ၁၇ ဘဏ္ဍာနှစ်မှာ ဆက်လက်ငှားရမ်း လုပ်ကိုင်ခွင့်မပြုတော့ပါဘူး။ ငါးမွေးမြူရေးက ဒေသအတွက် စားသောက်ရေး ကို အထောက်အကူပြုပေမယ့် တောင်သမန်အင်းရေပြင် သန့်ရှင်းရေးနဲ့ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းဆောင်ရွက်ရေးကို ပိုပြီးဦးစားပေးရမှာ ဖြစ်ပါတယ်''ဟု မန္တလေးမြို့တော်စည်ပင်သာယာရေးကော်မတီဝင် ဒေါက်တာ သွင်ကျော်ကျော်က ပြောကြားသည်။
ထို့ပြင် တိုင်းဒေသကြီး ငါးလုပ်ငန်းဦးစီးဌာနကလည်း တောင်သမန်အင်း ရေ အရည်အသွေးကောင်းမွန်စေရေးအတွက် ထုံးများဖြူးခြင်း၊ ကန်အတွင်း စက်လှေများမောင်းနှင်ပြီး အောက်ဆီဂျင်ပိုမိုရရှိရန် ဆောင်ရွက်ခြင်း၊ ရေနမူနာ ရယူပြီး ရေအရည်အသွေးစစ်ဆေးခြင်း၊ ရေပန်းများချခြင်း၊ ရေထုအခြေ အနေလိုက်၍ ငါးအရေအတွက် ထိန်းသိမ်းမွေးမြူရန် အကြံပြုခြင်းများဖြင့် ပူးပေါင်းဆောင်ရွက်လျက်ရှိသည်။
ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ ဗိသုကာပညာရှင် ဒေါက်တာကျော်လတ်၊ မန္တလေးနည်းပညာတက္ကသိုလ်၊ မန္တလေးစက်မှု တက္ကသိုလ်တို့မှ ပါမောက္ခချုပ်များနှင့် ပညာရှင်များပါဝင်သော အဖွဲ့က လည်း ''တောင်သမန်အင်းအနာဂတ်နှင့်ပတ်သက်ပြီး ဌာနပေါင်းစုံ၊ လူမှုရေး အဖွဲ့ပေါင်းစုံ၊ အခြားသောပညာရှင်များပါဝင်သော အလုပ်ရုံဆွေးနွေးပွဲ ပြုလုပ်သင့်ကြောင်း၊ မန္တလေးမြို့ပြဖွံ့ဖြိုးမှုစီမံကိန်းတွင် တောင်သမန်အင်း အား ယဉ်ကျေးမှုဇုန်နယ်မြေအတွင်း သတ်မှတ်ပြီး ဆက်စပ်ဧရိယာများတွင် ပတ်ဝန်းကျင်ထိန်းသိမ်းရေးလုပ်ငန်းများ စီမံဆောင်ရွက်သင့်ကြောင်း''အကြံ ပြုခဲ့ကြပြီး ပါရဂူဘွဲ့ရ အင်ဂျင်နီယာသုတေသနပြုသူများကလည်း ''ရေထု ညစ်ညမ်းမှုကြောင့် ရေသတ္တဝါတို့၏ဂေဟစနစ်ကို ပျက်ပြားစေနိုင်သဖြင့် စွန့်ပစ်အမှိုက်များ၊ ရေဆိုးများ၊ စိုက်ပျိုးရေးသုံး ဓာတ်မြေသြဇာများနှင့် ပိုးသတ်ဆေးရည်များ၊ အဆိပ်သင့်စေသောအရာများ ဝင်ရောက်ခြင်းမရှိစေရေး ကာကွယ်ထိန်းသိမ်းထားရန်''အကြံပြုခဲ့ကြသည်။
ဆည်မြောင်းဦးစီးဌာနမှ တောင်သမန်အင်းရေပြင်ညစ်ညမ်းမှု လျှော့ချ ရန်နှင့် ရေနေသတ္တဝါများ ရှင်သန်လှုပ်ရှားမှုကောင်းမွန်စေရေးအတွက် နုန်းများ ဆယ်ယူခြင်းနှင့်အတူ ရံဖန်ရံခါတွင် ပိုလျှံသောရေများ လျှော့ချခြင်း၊ ဧရာဝတီ မြစ်ရေတက်ချိန်တွင် အင်းအတွင်းသို့ ရေသွင်းပြီး ရေလဲလှယ်ခြင်းများ ဆောင် ရွက်သင့်ကြောင်း အကြံပြုမှုနှင့်အတူ လိုအပ်သည်များ ပူးပေါင်းဆောင် ရွက်လျက်ရှိသည်။
ဝင်လာမစဲတသဲသဲ...
တောင်သမန်အင်းအတွင်း ပြည်တွင်း ပြည်ပ ခရီးသွားဧည့်သည်များ လှည့်လည်လေ့လာခြင်းအစီအစဉ်အဖြစ် ငှက်လှေ ၄၅ စင်းဖြင့် ပို့ဆောင် ပေးလျက်ရှိသကဲ့သို့ အင်းတစ်ဝိုက်တွင်လည်း စားသောက်ဆိုင် ၇၃ ဆိုင် ဖွင့်လှစ်၍ ဝန်ဆောင်မှုပေးလျက်ရှိသည်။
တောင်သမန်အင်း၏ တည်ငြိမ်လှပသောရှုခင်းနှင့် ဦးပိန်တံတား၏အလှသည် ပြည်တွင်း၌သာမက နိုင်ငံတကာမှပင် အထူးစိတ်ဝင်စားမှုခံရသည့် လည်ပတ်စရာနေရာတစ်ခုဖြစ်လာခဲ့ရာ နိုင်ငံခြားသားဧည့်သည် ဝင်ရောက်မှု မှာလည်း နှစ်စဉ်တိုးတက်လာခဲ့သည်။ ၂ဝ၁ဝ-၂ဝ၁၁ ခုနှစ်တွင် နိုင်ငံခြားသား ဧည့်သည် ၂၁ဝဝဝဝ၊၂ဝ၁၁-၂ဝ၁၂ ခုနှစ်တွင် ၂၃ဝဝဝဝ၊ ၂ဝ၁၂-၂ဝ၁၃ ခုနှစ်တွင် ၃၁ဝဝဝဝ၊ ၂ဝ၁၃-၂ဝ၁၄ ခုနှစ်တွင် ၃၅ဝဝဝဝ နှင့် ၂ဝ၁၄-၂ဝ၁၅ ခုနှစ်တွင် ၃၈ဝဝဝဝ အထိ နိုင်ငံခြားသားဧည့်သည်ဝင်ရောက်မှု မြင့်တက်ခဲ့ရာ ခရီးသွားလုပ်ငန်းနှင့်အညီ ဖွံ့ဖြိုးတိုးတက်မှုနှင့်အတူ ဒေသခံပြည်သူတို့၏ လူနေမှုဘဝများလည်း မြင့်တက်လာလျက်ရှိသည်။
တစ်ကျော့ပြန်နိုးထလာမည့်တောင်သမန်...
ရေကန်နှင့်အင်းတို့၏ သဘောသဘာဝသည် ရေရှိမှသာ အဓိပ္ပာယ် ပြည်စုံသကဲ့သို့ တံတားသည်လည်း ရေပြင်ကျယ်ကို ဖြတ်ကျော်ရန် ဆောက်လုပ် ထားခြင်းဖြစ်ရာ တံတားနှင့်ရေသည် လိုက်ဖက်တင့်တယ်လျက်ရှိသဖြင့် တောင်သမန်အင်းကို အမြဲထိန်းသိမ်းပြီး တိုးတက်လာသည့် လူဦးရေနှင့် မြို့ပြအင်္ဂါရပ်နှင့်အညီ အများပြည်သူအတွက် အပန်းဖြေနေရာတစ်ခုနှင့် ဝင်ငွေရှာဖွေပေးသော နေရာတစ်ခုသာမက ရေနေသတ္တဝါများနှင့် ဆောင်းခို ငှက်များအပါအဝင် မျိုးစိတ်ပေါင်းများစွာအတွက် နားခိုစရာနေရာတစ်ခု အဖြစ်လည်း ထိန်းသိမ်းကြရပေမည်။
ထို့အပြင် အများပြည်သူဆန္ဒကို တန်ဖိုးထားလေးစားမှုဖြင့် ဒေသဆိုင်ရာ ယဉ်ကျေးမှုနှင့် ဘာသာရပ်ဆိုင်ရာအထိမ်းအမှတ်နေရာ(Land Mark)တစ်ခုအဖြစ် အစဉ်ဝင့်ထည်စွာရပ်တည်နိုင်ရေး ကြိုးပမ်းဆောင်ရွက်ကြရမည်။
မကြာမီ တောင်သမန်အင်း ရေရှည်တည်တံ့ခိုင်မြဲစေရန်နှင့် အစဉ်ဖွံ့ဖြိုး တိုးတက်စေရန်အတွက် ပညာရှင်များ၊ ဌာနဆိုင်ရာများနှင့် ဒေသခံများ ပါဝင်သော အလုပ်ရုံဆွေးနွေးပွဲတစ်ခုကို ပူးပေါင်းကျင်းပမည်ဖြစ်ရာ ထိုဆွေးနွေးပွဲမှ အကြံပြုချက်များနှင့် ရလဒ်များအပေါ်အခြေခံပြီး တောင်သမန် အင်း၏ အနာဂတ်ကို အကောင်းဆုံးပုံဖော် စီမံဆောင်ရွက်ကြမည်ကို ယုံကြည် မျှော်လင့်တော့သည်။


သတင်းဆောင်းပါး -သပြေ
ဓာတ်ပုံ -မင်းထက်အောင် (မန်းကိုယ်ပွား

No comments:

Post a Comment