Monday, September 28, 2015

ဂျပန်၊ ဂျာမနီ၊ အိန္ဒိယနှင့်ဘရာဇီးနိုင်ငံတို့ လုံခြုံရေးကောင်စီ ပြန်လည်ဖွဲ့စည်းရန် ကြိုးပမ်း




နယူးယောက် စက်တင်ဘာ ၂၇
ဂျပန်ဝန်ကြီးချုပ်ရှင်ဇိုအာဘေး၊ ဂျာမနီဝန်ကြီးချုပ် အိန်ဂျလာ မာကယ်လ်၊အိန္ဒိယဝန်ကြီးချုပ် မိုဒီနှင့် ဘရာဇီးသမ္မတ ဒယ်မာ ရောဆပ်ဖ် တို့သည် လေးပွင့်ဆိုင်ထိပ်သီးအစည်း အဝေးတစ်ရပ်ကို နယူးယောက်မြို့တွင် ကျင်းပခဲ့ပြီး ကုလသမဂ္ဂလုံခြုံရေး ကောင်စီပြန်လည်ဖွဲ့စည်းရန် ကြိုးပမ်း ချက်များကို နှစ်ဆတိုးမြှင့်မည် ဖြစ်ကြောင်း ကတိပြုခဲ့ကြသည်။
ဂျပန်၊ ဂျာမနီ ၊အိန္ဒိယနှင့်ဘရာဇီး နိုင်ငံတို့သည် ကုလသမဂ္ဂလုံခြုံရေး ကောင်စီ၏ အမြဲတမ်းအဖွဲ့ဝင်နိုင်ငံများဖြစ်လာနိုင်စေရန် အစွမ်းကုန်ကြိုး ပမ်းအားထုတ်လျက်ရှိသည်။
အဆိုပါလေးပွင့်ဆိုင်ထိပ်သီး အစည်း အဝေးသည် ၁၁ နှစ်အတွင်း ပထမ ဆုံးအကြိမ် ကျင်းပခြင်းဖြစ်သည်။
အစည်းအဝေးတွင် ယခုနှစ်သည် ကုလသမဂ္ဂအဖွဲ့အစည်းစတင်တည်ထောင်ခဲ့သည့် နှစ်(၇ဝ) ပြည့်နှစ်ဖြစ် သည့်အပြင် ၂၁ ရာစုပဋိပက္ခများကို ကိုင်တွယ်ဖြေရှင်းရာတွင် ထိရောက်မှု ရှိစေရန် လုံခြုံရေးကောင်စီကို ပြန်လည် ဖွဲ့စည်းစေမည့်အခွင့်အရေးတစ်ရပ်ကို ၄င်းတို့အနေဖြင့် ရရှိမည်ဖြစ်ကြောင်း ဂျပန်ဝန်ကြီးချုပ်က ပြောကြားခဲ့သည်။ ထိုအခွင့်အရေးကို အမိအရ ဖမ်းဆုပ် နိုင်စေရန် ၄င်းတို့လေးနိုင်ငံအနေဖြင့် အာဖရိကနိုင်ငံများနှင့် စည်းလုံး ညီညွတ်မှုရှိရန် လိုအပ်ကြောင်း ဂျပန် ဝန်ကြီးချုပ်က ဆက်လက်ပြောသည်။
ကမ္ဘာတစ်ဝန်းတွင် ဖြစ်ပွားလျက်ရှိ သည့် ပဋိပက္ခများကို ကိုင်တွယ်ဖြေ ရှင်းရာတွင် အကျိုးရှိစွာလုပ်ဆောင်နိုင်သည့်ကောင်စီတစ်ခု လိုအပ် ကြောင်း လေးနိုင်ငံခေါင်းဆောင် များ၏ သဘောထားများကို အစည်း အဝေးပြီးနောက် ထုတ်ပြန်ခဲ့သည့် ပူးတွဲကြေညာချက်တွင် ဖော်ပြထား သည်။
၂ဝဝ၅ ခုနှစ်က လုံခြုံရေးကောင်စီ အမြဲတမ်းအဖွဲ့ဝင်အဖြစ် လေးနိုင်ငံ ပူးပေါင်းပြီး အဆိုတစ်ရပ်တင်သွင်းခဲ့ သော်လည်း ၄င်းတို့အဆိုကို ဗီတို အာဏာဖြင့်ပယ်ချခဲ့သည်။ ယခုအချိန် တွင် ဂျပန်အစိုးရက အာဖရိကနိုင်ငံ များအပါအဝင် အခြားနိုင်ငံများနှင့် ညှိနှိုင်းဆောင်ရွက်ပြီး လုံခြုံရေး ကောင်စီပြန်လည်ဖွဲ့စည်းရေးအတွက် ကြိုးပမ်းမည်ဖြစ်သည်။
ကမ္ဘာလုံးဆိုင်ရာ တည်ငြိမ်အေး ချမ်းရေးအတွက် ဂျပန်အစိုးရ၏ဆောင်ရွက်ချက်များကို ကုလသမဂ္ဂ အထွေထွေညီလာခံနှင့် ကုလသမဂ္ဂ ထိပ်သီးအစည်းအဝေးတွင် ဖွံ့ဖြိုး တိုးတက်ရေးဆိုင်ရာ မိန့်ခွန်းထဲတွင် အထက်ပါ အကြောင်းအရာများကို ထည့်သွင်းပြောကြားမည်ဖြစ်သည်ဟု ဝန်ကြီးချုပ်က ဆိုသည်။ 
ထို့ပြင် နယူးယောက်မြို့တွင်ရှိနေစဉ် ကမ္ဘာ့ထိပ်သီး ခေါင်းဆောင်များနှင့် တွေ့ဆုံဆွေးနွေးမှုများပြုလုပ်မည်ဖြစ် ကြောင်း ဝန်ကြီးချုပ်က ဆက်လက် ပြောသည်။

အင်န်အိတ်ခ်ျကေ။

No comments:

Post a Comment