Monday, September 28, 2015

သခွားမွှေးစိုက်ခင်း ဧကများစွာ စီးပွားဖြစ်စတင်စိုက်ပျိုး၊ ဒေသခံများ အလုပ်အကိုင်ရရှိ




မန္တလေး စက်တင်ဘာ ၂၇
မန္တလေးတိုင်းဒေသကြီး စဥ့်ကိုင်မြို့နယ် တမာကုန်းကျေးရွာအနီး တံတားဦး လေယာဉ်ကွင်းသွားလမ်းဘေး အနီးတစ်ဝိုက်နှင့် ရန်ကုန်-မန္တလေးကားလမ်းဘေး ကားအဝင်/အထွက် ကောင်းမွန်သော နေရာတစ်ဝိုက်တွင် စီးပွားဖြစ်စိုက်ပျိုးထားသည့် သခွားမွှေးစိုက်ခင်းများစွာကို တွေ့မြင်နိုင်သည်။
စဥ့်ကိုင်မြို့နယ်တွင် ရာသီအမီ သခွားမွှေးစိုက်ခင်းဧကများစွာကို စီးပွားဖြစ် စနစ်တကျစတင်စိုက်ပျိုးနေသော စိုက်ခင်းများအကြောင်းနှင့် စိုက်ပျိုးနည်းများကို လေ့လာကြည့်ခဲ့ရာ ''စိုက်ခင်းကတော့ ၁၂ ဧကစိုက်ပါတယ်။သခွားမွှေးစိုက်ဖို့ အတွက် ပထမဦးဆုံးမြေပြင်ပေးရပါတယ်။ ထယ်ရေးပြင်ပြီးတာနဲ့ ကိုယ်လိုချင်တဲ့ပေါင်ကို ကိုယ် လိုချင်တဲ့ပုံစံအတိုင်း စိုက်ပေါင်လုပ်ရပါတယ်။
''စိုက်ပေါင်စပြီး ပြင်နေတဲ့ကာလမှာပဲ သခွားမွှေးပျိုးပင်ကို ပျိုးပေးထားရတယ်။ပျိုးပင်ကို ၁၂ ဧကအတွက် ပျိုးပင် တစ်သိန်းခြောက်သောင်းလောက် ပျိုးထားပါတယ်။ပျိုးသက် ၈ ရက်မှ ၁ဝရက်ကျော်ကြာအောင် စောင့်ပြီး စိုက်ကြရတယ်။အများစုကတော့ ညနေခင်းပိုင်းမှာ စိုက်ပျိုးကြတယ်။စိုက်ပြီးတာနဲ့ အပင်ငယ်တဲ့အရွယ်မှာ ရေကိုနံ နက်နဲ့ညနေပိုင်းမှာ လူအင်အားသုံးပြီး လောင်းကြရတယ်။အပင်စတင်စိုက်ပြီးတာနဲ့ ၄ဝစင်တီမီတာအကွာ တိုင် ထောင်ရတယ်။ရေသွင်း၊မြေသြဇာကျွေးတာတို့ကို ဂရုတစိုက်လုပ်ပေးရတယ်။စိုက်ပြီး တစ်လသားအကျော် ဝါးတန်အမီ ၄ဝသားမှာ သီးချန်ပေးခြင်းကိုလုပ်ပေးရတယ်။အသီးချန်တဲ့လုပ်ငန်းမှာ အပင်တစ်ပင်မှာရှိတဲ့ မကောင်း တဲ့အသီး ပယ်ပြီးကောင်းတဲ့အသီးကို ချန်ထားပေးရတယ်။
အသီးချန်ပြီး ရက်ပေါင်း ၄ဝကျော်တာနဲ့ အောင်မြင်ပြီး ဈေးကွက်ဝင်တဲ့ သခွားမွှေးသီးတွေကို ခူးဆွတ်နိုင် ပါတယ်။စိုက်ဧက ၁၂ဧကအတွက် ဒေသခံအလုပ်သမား များစွာကို နေ့စဉ်အလုပ်ပုံမှန်ပေးထားနိုင်ပါတယ်။ အသီးကိုတော့ ပြည်ပဈေးကွက်တရုတ်ပြည်ကို အဓိကတင်ပိုတယ်။တင်ပို့တဲ့သခွားမွှေးသီး တစ်ကီလိုဂရမ် အလေးချိန်ရှိတာတွေကို ဂျပ်ဖာတွေနဲ့ထည့်ပြီးတင်ပို့လေ့ရှိသည်။ပယ်သီးကိုတော့ ပြည်တွင်းဈေးကွက်မှာ ဖြန့်လေ့ရှိကြောင်း သိရသည်။
အဆိုပါနေရာများတွင် သခွားမွှေးစိုက်ခင်း များကို အနည်းဆုံး ငါးဧကမှ ၁၂ဧကအထိ စီးပွားဖြစ်စိုက်ပျိုး ကြသည်ကိုတွေ့နေပြီး စိုက်ခင်းများနှင့် ဆက်စပ်ကာဒေသခံများ အလုပ်အကိုင်အခွင့်အလမ်းမျာစွာ ရရှိလျက်ရှိကြောင်းသိရသည်။
တိမ်တမန်

No comments:

Post a Comment