Thursday, September 3, 2015

မြန်မာပရိသတ်များ ကြည့်ရှုရကျိုးနပ်မည့် မြန်မာ - နယူးဇီလန် ခြေစမ်းပွဲ



The Mirror Daily's photo.

သတင်းနှင့်ဓာတ်ပုံ - ရှိုင်းထက်ဇော်
ရန်ကုန် စက်တင်ဘာ ၂

၂ဝ၁၈ ကမ္ဘာ့ဖလားခြေစစ်ပွဲ ယှဉ်ပြိုင်လျက်ရှိသည့် မြန်မာ့လက်ရွေးစင် အသင်းနှင့် နယူးဇီလန်လက်ရွေးစင်အသင်းတို့၏ ခြေစမ်းပွဲကို စက်တင်ဘာ ၇ ရက်တွင် သုဝဏ္ဏကွင်း၌ကျင်းပမည်ဖြစ်ပြီး နယူးဇီလန်အသင်းမှာ ရန်ကုန်မြို့၌ တစ်ပတ်ကြိုတင်လေ့ကျင့်လျက်ရှိသည်။
မြန်မာအသင်းနှင့် ခြေစမ်းမည့် နယူးဇီလန်အသင်းမှာ သမုဒ္ဒရာပိုင်းဇုန်မှအသင်းဖြစ်ပြီး ယခင်က သမုဒ္ဒရာပိုင်းဇုန်ကို ကြီးစိုးထားသည့် သြစတြေးလျအသင်း အာရှဇုန်သို့ကူးပြောင်းသွားခြင်းနှင့်အတူ နာမည်ထွက်လာသည့် အသင်းဖြစ်သည်။ ကမ္ဘာ့ဖလားပြိုင်ပွဲကို ၁၉၈၂ ခုနှစ်၌ စတင်ယှဉ်ပြိုင်ဖူးသော်လည်း ၂ဝ၁ဝ ခုနှစ်ကျမှ ဒုတိယအကြိမ် ယှဉ်ပြိုင်နိုင်ခဲ့ကာ ၂ဝ၁၅ ယူ-၂ဝ ကမ္ဘာ့ဖလားပြိုင်ပွဲကို အိမ်ရှင်အဖြစ်လက်ခံကျင်းပပြီး မြန်မာ ယူ-၂ဝ အသင်းနှင့် တွေ့ဆုံခဲ့မှုများကြောင့် မြန်မာဘောလုံးပရိသတ်နှင့် မစိမ်းသည့်အသင်းလည်းဖြစ်သည်။ မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်နှင့် နယူးဇီလန်ဘောလုံးအဖွဲ့ချုပ်တို့သည် ၂ဝ၁၄ ခုနှစ်ကတည်းက စီစဉ်ခဲ့သော်လည်း ယခုမှသာကစားနိုင် ခဲ့ခြင်းဖြစ်သည်။ စတင်စီစဉ်ခဲ့စဉ်က ဖီဖာအသိအမှတ်ပြု ခြေစမ်းပွဲအဖြစ် ကစားခြင်းဖြစ်သော်လည်း မြန်မာနိုင်ငံတွင်ဖြစ်ပေါ်ခဲ့သည့် ရေဘေးသင့်ပြည်သူများကို လှူဒါန်းရန် ရန်ပုံငွေပွဲ ကစားမည်ဖြစ်သောကြောင့် ခြေစမ်းပွဲက ပိုမိုတန်ဖိုးရှိသွားခြင်းဖြစ်သည်။

မြန်မာအသင်းနှင့် ခြေစမ်းမည့် နယူးဇီလန် လက်ရွေးစင်အသင်းတွင် ဥရောပကလပ်အသင်းများ၌ ကစားနေသည့် ကစားသမားခုနစ်ဦး၊ မြန်မာယူ-၂ဝ အသင်းနှင့် ကစားခဲ့သည့် ကမ္ဘာ့ဖလားပြိုင်ပွဲဝင် ယူ-၂ဝ အသင်းမှ ကစားသမား ခြောက်ဦးပါဝင်လာခဲ့ပြီး ကစားသမား ၂၁ ဦးဖြင့် ဖွဲ့စည်း လာခြင်းဖြစ်သည်။ မြန်မာဘောလုံးပရိသတ်များ စိတ်ဝင်တစားကြည့်ရှုအားပေးနေသည့် အင်္ဂလန်ပရီမီယာလိဂ်တွင် ပါဝင်ကစားနေသည့် ဝက်စ်ဟမ်း နောက်ခံလူ ဝင်စတန်ရိဒ် ပါဝင်လာခဲ့သည်။ ဝင်စတန်ရိဒ်မှာ နယူးဇီလန် လက်ရွေးစင်အသင်း၏ အသင်းခေါင်းဆောင်တစ်ဦးဖြစ်ပြီး ဝက်စ်ဟမ်းအသင်းတွင် ၂ဝ၁ဝ ခုနှစ်ကတည်းက ကစားနေခြင်းဖြစ်သည်။ ဝင်စတန်ရိဒ်သည် ဒိန်းမတ်လူငယ် လက်ရွေးစင်အသင်းများတွင် ပါဝင်ကစားခဲ့သော်လည်း ၂ဝ၁ဝ ခုနှစ်တွင် မွေးဖွားရာနိုင်ငံဖြစ်သည့် နယူးဇီလန် နိုင်ငံအား ပြန်လည်ကိုယ်စားပြုကစားခဲ့ခြင်းဖြစ်သည်။

ယင်းအသင်းကို အမေရိကန်နိုင်ငံသား အန်တိုနီ ဟော့စ်ဆန်က ကိုင်တွယ်လျက်ရှိပြီး ၂ဝ၁၄ ခုနှစ်ကစတင် တာဝန်ယူခဲ့ခြင်းဖြစ်သည်။ နယူးဇီလန်အသင်းသည် မတ်လအတွင်းက နောက်ဆုံးကစားခဲ့သည့် ခြေစမ်းပွဲတွင် တောင်ကိုရီးယားအသင်းကို တစ်ဂိုး-ဂိုးမရှိဖြင့် ရှုံးနိမ့်ခဲ့သည်။

မြန်မာ့လက်ရွေးစင်အသင်းသည် လက်ရှိတွင် ကူဝိတ်အသင်းနှင့် ကမ္ဘာ့ဖလားခြေစစ်ပွဲကစားရန် ကာတာနိုင်ငံ ဒိုဟာမြို့တွင် ရောက်ရှိနေသည်။ မြန်မာအသင်းသည် ကမ္ဘာ့ဖလားခြေစစ်ပွဲ အဝေးကွင်းပွဲစဉ်အဖြစ် ကူဝိတ် အသင်းနှင့် စက်တင်ဘာ ၃ ရက်(ယနေ့)မြန်မာစံတော်ချိန် ည ၁၁ နာရီခွဲတွင် ကြားကွင်းအဖြစ် ဒိုဟာမြို့၌ ကစား ရမည်ဖြစ်သည်။ မြန်မာ့လက်ရွေးစင်အသင်းကို သြဂုတ်လတွင် အသစ်ပြန်လည်ဖွဲ့စည်းခဲ့ပြီး လူငယ်ကစားသမား အများစုပါဝင်လာခဲ့ပြီး ပရိသတ်အချစ်တော်များဖြစ်သည့် ယူ-၂၃ အသင်းနှင့် ယူ-၂ဝ အသင်းတို့မှ ကစား သမားများပါဝင်လာခဲ့သည်။ မြန်မာ့လက်ရွေးစင်အသင်းသည် ကူဝိတ်အသင်းနှင့် ခြေစမ်းပွဲမတိုင်မီ သြဂုတ် ၂၈ ရက်က ယူအေအီးလက်ရွေးစင်အသင်းနှင့် ခြေစမ်းကစားခဲ့ရာ တစ်ဂိုး-ဂိုးမရှိဖြင့် ရှုံးနိမ့်ခဲ့သည်။

ပရိသတ်အကြိုက်ကစားသမားများ၊ လက်ရှိခြေစွမ်း အမြင့်မားဆုံး ကစားသမားများဖြင့် ဖွဲ့စည်းထားသည့် မြန်မာ့လက်ရွေးစင်အသင်း၊ ပရီမီယာလိဂ်အပါအဝင် ဥရောပအခြေစိုက်ကစားသမားများဖြင့် ဖွဲ့စည်းထားသည့် နယူးဇီလန်လက်ရွေးစင်အသင်းတို့၏ ခြေစမ်းပွဲမှာ မြန်မာ့ ဘောလုံးပရိသတ်များ အမှန်တကယ်ကြည့်သင့်သည့်ပွဲဟု ဆိုချင်မိသည်။

No comments:

Post a Comment