Thursday, September 3, 2015

ဟံသာဝတီလေဆိပ်မပြီးစီးမီကာလအတွင်းရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်အား ခရီးသည် ခြောက်သန်းကျော် ဝင်/ထွက်သွားလာနိုင်ရန် အဆင့်မြှင့်တင်မှု သုံးနှစ်အတွင်း ဆောင်ရွက်နေ


The Mirror Daily's photo.

သတင်း - ဆုနှင်းလဲ့
ဓာတ်ပုံ - ဇေယျာဝင်း

ခရီးသည်အမြောက်အမြား ဝင်ထွက်သွားလာနိုင်မည့် အပြည်ပြည်ဆိုင်ရာလေဆိပ်သစ်ကြီးအဖြစ် ဟံသာဝတီ လေဆိပ် သစ်တည်ဆောက် အကောင်အထည်ဖော်သွားရန်ရှိရာတွင် ဟံသာဝတီလေဆိပ်မပြီးစီးမီကာလအတွင်း ရန်ကုန်အပြည်ပြည် ဆိုင်ရာ လေဆိပ်တွင် ခရီးသည် ခြောက်သန်းထက်မက ဝင်/ထွက် သွားလာနိုင်ရန် အဆင့်မြှင့်တင်မှုကို သုံးနှစ်အတွင်း ဆောင်ရွက်နေကြောင်း ပို့ဆောင်ရေးဝန်ကြီးဌာန လေကြောင်းညွှန်ကြားမှုဦးစီးဌာနမှ သတင်းရရှိသည်။

ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်ကို အဆင့်မြှင့်တင်ရာတွင် လေဆိပ်အနီးရှိ အဆောက်အအုံများ၊ လမ်းများကြောင့် လေဆိပ်ကြီးတစ်ခုအဖြစ် အဆင့်မြှင့်တင်ရန် ကန့်သတ်ချက်နှင့် အခက်အခဲများစွာရှိနေသောကြောင့် ဟံသာဝတီလေဆိပ်ကို အပြည်ပြည်ဆိုင်ရာ လေဆိပ်သစ်ကြီးတစ်ခုအဖြစ် တည်ဆောက်အကောင်အထည်ဖော်သွားရန်စီစဉ်လျက်ရှိသည်။ သို့ရာတွင် နှစ်စဉ် တိုးတက်လာသော ခရီးသည်ပမာဏကြောင့် ဟံသာဝတီ လေဆိပ်သစ်ကြီး မပြီးစီးသေးမီကာလအတွင်း ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်တွင် တစ်နှစ်လျှင် ခရီးသည် ခြောက်သန်းထက်မက ဝင်ထွက်သွားလာနိုင်ရန် စီမံခန့်ခွဲသွားနိုင်ရေး အတွက် အဆင့်မြှင့်တင်မှုများကို ဆောင်ရွက်လျက်ရှိရာ သုံးနှစ် အတွင်း အပြီးသတ်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပို့ဆောင် ရေးဝန်ကြီးဌာန လေကြောင်းညွှန်ကြားမှုဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ညွှန်ကြားရေးမှူးချုပ်(ပူးတွဲ) ဦးမင်းလွင် ကပြောသည်။
'' ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်ကို အရင်က ခရီးသည် ၂ ဒသမ ၇ သန်း ကိုင်တွယ်ဆောင်ရွက်နိုင်ဖို့ ရည်မှန်းပြီး တည်ဆောက်ခဲ့တာပါ။ ၁၉၅ဝ နဲ့ ၁၉၆ဝ-၆၅ ဝန်းကျင် ကာလမှာတော့ ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်ဟာ လျှမ်းလျှမ်းတောက်ဖြစ်ခဲ့တယ်။ အအောင်မြင်ဆုံး ၊အတိုးတက်ဆုံး လေဆိပ်တစ်ခုအဖြစ် ရပ်တည်ခဲ့တယ်။ ဒါပေမယ့် တဖြည်းဖြည်းနဲ့ ပိုမိုဖွံ့ဖြိုးအောင်မလုပ်နိုင်ခဲ့ဘူး။ ခရီးသည်တွေက တဖြည်းဖြည်း တိုးလာတယ်။ ပြည်တွင်း ပြည်ပခရီးသည်တွေ တိုးလာတယ်။ ဒါကြောင့် ၂ ဒသမ ၇ သန်းကနေ ၂ဝ၁၄ ခုနှစ်မှာဆိုရင် ၄ ဒသမ ၄ သန်း ဖြစ်နေပြီ။

တိုးလာတဲ့အခါကျတော့ ကျွန်တော်တို့ develop လုပ်ဖို့ လိုလာပြီ။ Terminal ကိုလည်း develop လုပ်ဖို့ လိုသလို ပါကင်ဧရိယာကိုလည်း develop လုပ်ဖို့လိုလာပြီ။ ဒါပေမယ့် လေဆိပ်ဘေးမှာရှိတဲ့ လူနေ အဆောက်အအုံတွေ၊ ကားလမ်းတွေ က ကန့်သတ်ချက်လိုဖြစ်လာတယ်။ တိုးချဲ့ချင်သလောက် ချဲ့လို့မရဘူး။ ဒါကြောင့်လည်း ဟံသာဝတီကို အပြည်ပြည်ဆိုင်ရာ ကွင်းအသစ် အဖြစ် ဆောက်မယ်လို့ ရည်ရွယ်ခဲ့ ပြီး တင်ဒါခေါ်တဲ့ လုပ်ငန်းတွေ၊ မြေနေရာရွေးချယ်တဲ့ လုပ်ငန်းတွေ၊ တင်ဒါရွေးချယ်တဲ့ လုပ်ငန်းတွေ လုပ်ခဲ့တာပါ။ တင်ဒါအောင်တဲ့ ကုမ္ပဏီနဲ့ စကားပြောနေတဲ့ အဆင့်ရောက်နေပါပြီ။ ပထမတုန်း က ဟံသာဝတီကို ၂ဝ၁၈ မှာ ပြီးမယ်လို့ရည်မှန်းခဲ့တယ်။အကြောင်း ကြောင်းကြောင့် တင်ဒါပြန်တင်ရတယ်။ ညှိနှိုင်းရတယ်။ အထူးသဖြင့် ဟံသာဝတီနဲ့ ပတ်သက်လို့ ဟိုဘက်က ရင်းနှီးမြှုပ်နှံသူက အမေရိကန် ဒေါ်လာ ၁ ဒသမ ၅ ဘီလီယံလောက် ပမာဏလောက်ကို သူတို့ ရင်းနှီးမြှုပ်နှံ မှု မလုပ်နိုင်ဘူး။ အဲဒီတော့ ODA Loan ရဖို့ ဆက်ပြီးဆွေးနွေး လာတဲ့ အနေအထားမျိုးလေးဖြစ်ပါ တယ်။ ဒါကြောင့်မို့လို့ နှောင့်နှေးသွား တယ်။၂ဝ၁၈ ပြီးမယ်လို့ ခန့်မှန်းခဲ့ ပြီး ၂ဝ၁၈ မှာ မပြီးနိုင်ဘူး။ ၂ဝ၂ဝ အစောဆုံးပြီးမယ်။ ၂ဝ၂၂ အထိ ဖြစ်သွာနိုင်တယ်လို့ အကြမ်း ဖျင်းသုံးသပ်ထားပါတယ်။ ဒါကြောင့် ဟံသာဝတီမပြီးခင်မှာ ရန်ကုန်ကို တိုးချဲ့ဖို့လိုအပ်တဲ့အတွက် ဆောင်ရွက် နေတာဖြစ်ပါတယ်''ဟု ဦးမင်းလွင် က ပြောသည်။

လာမည့် ၂ဝ၁၆ အကုန် ၂ဝ၁၇ ခုနှစ်တွင် ရန်ကုန်လေဆိပ်၏ ခရီး သည်ဝင်/ထွက်မှု ၆ သန်းကျော်လာ မည်ဖြစ်ပြီး ယင်းအတွက် ရန်ကုန် အပြည်ပြည်ဆိုင်ရာလေဆိပ် အဆင့် မြှင့်တင်ဆောင်ရွက်မှုများကို အဆင့် အလိုက် အဆင့် (၁) ၊ အဆင့် (၂)၊ အဆင့် (၃)ဟူ၍ ဆောင်ရွက်နေ ကြောင်း သိရသည်။

''အပြည်ပြည်ဆိုင်ရာလေဆိပ်ကြီး ကို အဆင့်မြှင့်တင်တာနဲ့ပတ်သက်ပြီး ဆောက်လုပ်ရေးလုပ်ငန်းဆိုင်ရာ သဘောတူညီမှု လက်မှတ်ရေးထိုးထား တာရှိပါတယ်။ ၂ဝ၁၅ ခုနှစ် ဇန်နဝါရီ ၆ ရက်မှာ ရေးထိုးထားတာပါ။ ဒါဟာ အဆင့်(၁) အတွက်ပါ။ ကျန်တာတွေ ဒီသဘောတူညီ ချက်မှာ မပါပေမယ့် ထပ်ပြီးတော့ လုပ်လာရတဲ့ လမ်းတွေ၊ လုပ်ဖို့လိုအပ် တယ်လို့ ရည်ရွယ်တဲ့အတွက်ကြောင့် လိုအပ်နေတဲ့ဟာတွေ၊ ကားပါကင် တွေ ထပ်တိုးထားတာ ရှိတယ်။ ဒါကိုလည်း ဆက်ပြီးလုပ်နေပါတယ်။ အရင်လုပ်ခဲ့တဲ့ သဘောတူညီချက် အရဆိုရင် တည်ဆောက်ချိန် ၁၈ လ ဖြစ်ပါတယ်။ အဲဒီတော့ ထပ်ပြီး တိုးထားတဲ့ လုပ်ငန်းတွေပါ ပါမယ် ဆိုရင် ၃ နှစ်နဲ့အပြီးတည်ဆောက်ရမှာဖြစ်ပါတယ်။ စုစုပေါင်း ၃၆ လ ဖြစ်ပါတယ်။ အခု Terminal ဆောက် တဲ့အပိုင်းက အများဆုံးပြီးပါပြီ။ အခု ဆောက်နေတဲ့ Terminal အပိုင်းက အမိုးမိုးတဲ့အပိုင်း ပြီးပါပြီ။ အကာပိုင်း နဲ့ အတွင်းပိုင်းဆောင်ရွက်ရမယ့် မီးကိစ္စ၊ အဲကွန်း ဖြည့်ရမယ့်ကိစ္စတွေ ဆက်လုပ်နေပါတယ်။ လေဆိပ် သစ်ကြီး ပြီးစီးသွားမယ်ဆိုရင် အဓိက ကတော့ လေကြောင်းပို့ဆောင်ရေးရဲ့ ဖွံ့ဖြိုးတိုးတက်မှုဟာ အခြေခံ အဆောက်အအုံပိုင်းအပေါ်မှာ မူတည်ပါတယ်။ အခြေခံ အဆောက် အအုံပိုင်းမှာ အားနည်းလေလေ ဖွံ့ဖြိုးတိုးတက်မှုမှာ အားနည်းလေလေ ပါပဲ။ အခုလုပ်နေတဲ့ Terminal အသစ်ကို ၂ဝ၁၅ နှစ်ကုန် လောက်မှာ soft opening လုပ်နိုင်ပါမယ်။ အရင်က လမ်းတွေက လေးလမ်းသွား လောက်ပဲ သွားနိုင်တယ်။ ကားတွေ အများကြီး ကျပ်နေတယ်။ အခု လေးလမ်းသွားကို ခြောက်လမ်းသွား အထိ လုပ်တယ်။ ကားပါကင်ကိုလည်း ယခင်က Terminal ရှေ့မှာပဲထားတဲ့ နေရာအစား ဒီဘက်မှာ ကားပါကင်ကြီး တစ်ခုလုံး ကျယ်ကျယ်ပြန့်ပြန့် လုပ်ထားတယ်။ Taxi Stand ကအစ အဆင့်မြင့်အောင် ဆောင်ရွက်ထားတယ်။

ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ်က မြန်မာနိုင်ငံရဲ့ အဓိက ဝင်/ထွက်ပေါက်ပဲ ဖြစ်ပါတယ်။ အားလုံးသိတဲ့အတိုင်းပဲ နိုင်ငံခြားသားတွေကလာရင် ရန်ကုန်လေဆိပ်ကို ရောက်တယ်။ ရန်ကုန်လေဆိပ်ရဲ့ အပြင်အဆင်ခမ်းနားမှုတွေကို မြင်ပြီးတော့ မြန်မာတွေ ဘယ်လိုနေလဲ ဆိုတာကို သုံးသပ်ကြတာဖြစ်ပါတယ်။ ကျွန်တော်တို့ကတော့ နိုင်ငံတော်ရဲ့ ဂုဏ်တက်သည် ထက်တက်အောင်၊ အတင့်တယ်ဆုံး၊ အခမ်းနားဆုံးဖြစ်အောင် လုပ်ဆောင်သွားပါမယ်'' ဟု ပို့ဆောင်ရေးဝန်ကြီးဌာန လေကြောင်း ညွှန်ကြားမှုဦးစီးဌာန ဒုတိယညွှန်ကြား ရေးမှူးချုပ် ညွှန်ကြားရေးမှူးချုပ် (ပူးတွဲ) ဦးမင်းလွင်က ရန်ကုန်အပြည် ပြည်ဆိုင်ရာ လေဆိပ်တိုးချဲ့အဆင့်မြှင့် တင်မှုနှင့် ပတ်သက်ပြီးရှင်းလင်းပြော ကြားခဲ့သည်။

No comments:

Post a Comment