Wednesday, September 2, 2015

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်နှင့်နိုင်ငံရေးပါတီများအကြား ပူးပေါင်းညှိနှိုင်းဆောင်ရွက်မှုဆိုင်ရာ အစည်းအဝေးကျင်းပ




ရန်ကုန် စက်တင်ဘာ ၁
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်နှင့် နိုင်ငံရေး ပါတီများအကြား ပူးပေါင်းညှိနှိုင်း ဆောင်ရွက်မှုဆိုင်ရာ အစည်းအဝေးကို ရန်ကုန်မြို့ရှိ Park Royal ဟိုတယ်၌ ယနေ့နံနက် ၉ နာရီတွင် ကျင်းပရာ (ယာပုံ) ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌနှင့် ကော်မရှင်အဖွဲ့ဝင် များ၊ ရန်ကုန်တိုင်းဒေသကြီး ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲဥက္ကဋ္ဌနှင့် ရွေးကောက်ပွဲအရာရှိ၊ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်ရုံးမှ တာဝန်ရှိသူများနှင့် နိုင်ငံရေး ပါတီ(၇၉)ပါတီမှ တာဝန်ရှိသူများ တက်ရောက်ကြသည်။
အစည်းအဝေးတွင် ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်ဥက္ကဋ္ဌက မကြာမီကာလတွင် နိုင်ငံရေးပါတီ များသည် မဲဆွယ်စည်းရုံးရေးလုပ်ငန်းများ လုပ်ဆောင် ကြမည်ဖြစ်သကဲ့သို့ ကော်မရှင်အနေဖြင့်လည်း ရွေး ကောက်ပွဲဆိုင်ရာလုပ်ငန်းများကို အချိန်နှင့်တစ်ပြေးညီ ဆောင်ရွက်ရမည်ဖြစ်သည့်အတွက် ထပ်မံတွေ့ဆုံရန် ကန့်သတ်ချက်များ ရှိပါကြောင်း။
မဲစာရင်းကို စက်တင်ဘာလလယ်ခန့်တွင် ကြေညာ သွားမည်ဖြစ်ကြောင်း၊ ကိုယ်စားလှယ်လောင်းများ စိစစ် ရက်ကိုလည်း လွှတ်တော်နှင့် တိုက်ဆိုင်နေသည့်အတွက် ကိုယ်စားလှယ်လောင်းများ စိစစ်သည့်နေရာသို့ ကိုယ်တိုင် သွားရောက်နိုင်ရေးအတွက် ဇူလိုင် ၃၁ ရက်အထိ တိုးမြှင့် ပေးခဲ့ပြီး ဖြစ်ကြောင်း။
လွှတ်တော်ကိုယ်စားလှယ်လောင်းများ စိစစ်ပြီးပါက အတည်ပြု လွှတ်တော်ကိုယ်စားလှယ်လောင်းများစာရင်း ကို ပုံစံ(၁ဝ)ဖြင့် ကြေညာမည်ဖြစ်ပြီး ကိုယ်စားလှယ် လောင်းများ မဲဆွယ်စည်းရုံးနိုင်ရန် မဲဆွယ်စည်းရုံးရေး ကာလကိုလည်း ကြေညာပေးမည်ဖြစ်ကြောင်း။

နိုင်ငံရေးပါတီများနှင့် လွှတ်တော်ကိုယ်စားလှယ် လောင်းများအနေဖြင့် မဲဆွယ်စည်းရုံးရာတွင် လိုက်နာရ မည့် ကျင့်ဝတ်နှင့် ၁/၂ဝ၁၄ ကြေညာချက်တို့နှင့်အညီ လိုက်နာ ဆောင်ရွက်ခြင်း ရှိ/မရှိကို Monitoring ပြုလုပ်ရန် Code of Conduct ၏ Channel 8 တွင် ပါဝင်ကြောင်း၊ ကျင့်ဝတ်နှင့်မညီသဖြင့် တိုင်ကြားလာပါက ညှိနှိုင်းဖြေရှင်း ဆောင်ရွက်ပေးမည့် Monitoring ကော်မတီကိုဖွဲ့စည်း၍ အောင်မြင်အောင် အကောင် အထည်ဖော်ဆောင်ရွက်ရန်လိုကြောင်း၊ Monitoring ကော်မတီကို ပါတီများအနေဖြင့် ညှိနှိုင်းဖွဲ့စည်းပြီး မည်ကဲ့သို့ဆောင်ရွက်မည်ကို ကြေညာချက်များ ထုတ်ပြန် ရန်လိုအပ်ကြောင်း၊ ကျင့်ဝတ်နှင့်ပတ်သက်၍ လိုက်နာ ဆောင်ရွက်မှုမရှိခြင်းကို Monitoring ကော်မတီက ညှိနှိုင်းဖြေရှင်း၍ မရပါက ရွေးကောက်ပွဲဆိုင်ရာ စေ့စပ် ညှိနှိုင်းရေးကော်မတီသို့ ဦးစွာတင်ပြဆောင်ရွက်စေမည် ဖြစ်ပြီး ညှိနှိုင်းဖြေရှင်းမရသေးလျှင် ရွေးကောက်ပွဲဆိုင်ရာ လုံခြုံရေးကော်မတီသို့ ဆက်လက်တင်ပြ ဆောင်ရွက်စေ မည်ဖြစ်ကြောင်း။
တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် မဲစာရင်းများကြေညာ သည့်အခါ နိုင်ငံရေးပါတီများအနေဖြင့် မိမိတို့မဲဆန္ဒရှင် များ မဲစာရင်းတွင်ပါရှိရေး ဝိုင်းဝန်းပူးပေါင်းဆောင်ရွက် ကြရန် တိုက်တွန်းလိုကြောင်း၊ မဲဆန္ဒရှင်များ မဲပေးသည့် အခါ လွယ်ကူမြန်ဆန်စေရန်နှင့် မှတ်ပုံတင်နှင့် အခြား သက်သေခံကတ်များ ပျောက်ဆုံးသည့် မဲဆန္ဒရှင်များ မဲပေးနိုင်ရေးအတွက် မဲဆန္ဒရှင် သက်သေခံလက်မှတ်ကို ရွေးကောက်ပွဲနေ့မတိုင်မီ တစ်ပတ်အလိုတွင် တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် ပြင်ဆင်ပြီးသည့် မဲဆန္ဒရှင်စာရင်းအရ ထုတ်ပေးမည်ဖြစ်ကြောင်း၊ မဲပေးမည့်နေ့ မဲလက်မှတ်ထုတ် ရာတွင် သက်သေခံ လက်မှတ်ကို မဲစာရင်းဖြင့် ပြန်လည် တိုက်ဆိုင်စစ်ဆေးမည်ဖြစ်ကြောင်း၊ မဲစာရင်းနှင့် မကိုက် ညီပါက မဲရုံမှူးနှင့်အဖွဲ့ဝင်များ၊ ရပ်ကွက်/ကျေးရွာ အုပ်စု ကော်မရှင်အဖွဲ့ခွဲမှ တာဝန်ရှိသူများ၊ အုပ်ချုပ်ရေး မှူးနှင့် မဲရုံကိုယ်စားလှယ်များ၊ အကူကိုယ်စားလှယ်များ က မသမာမှု ဟုတ် မဟုတ် စိစစ်မည်ဖြစ်ကြောင်း၊ မသမာမှုပြုလုပ်ပါက လုံခြုံရေးအဖွဲ့က အရေးယူဆောင် ရွက်မည်ဖြစ်ကြောင်း။
ထို့အပြင် မဲရုံမှူး၊ ဒုမဲရုံးမှူးနှင့် မဲရုံအဖွဲ့ဝင်များအား သင်တန်းပို့ချနိုင်ရေးအတွက် စတင်ဆောင်ရွက်နေပြီဖြစ် ကြောင်း၊ ရွေးကောက်ပွဲစောင့်ကြည့်လေ့လာရန် ပြည်တွင်း၊ ပြည်ပရွေးကောက်ပွဲ စောင့်ကြည့်လေ့လာရေးအဖွဲ့များ ကို ဖိတ်ခေါ်ထားပြီး လျှောက်ထားလာသည့်အဖွဲ့များကို စိစစ်ခွင့်ပြု၍ အသိအမှတ်ပြုကတ်ပြားများ ထုတ်ပေး လျက်ရှိကြောင်း။
ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်အနေဖြင့် ၂ဝ၁၅ ခုနှစ် အထွေထွေရွေးကောက်ပွဲကို လွတ်လပ်မျှတ ပြီး ပွင့်လင်းမြင်သာသည့် ရွေးကောက်ပွဲအဖြစ် ကျင်းပ ပေးသွားမည်ဖြစ်ကြောင်းနှင့် နိုင်ငံရေးပါတီများအနေဖြင့် လိုက်နာရမည့်ကျင့်ဝတ်များနှင့်အညီ ယှဉ်ပြိုင်သွားကြရန် တိုက်တွန်းပြောကြားသည်။
ယင်းနောက် IFES မှ Mr. Paul Guerinက မဲဆန္ဒရှင်အသိပညာပေး အစီအစဉ်တွင် အသုံးပြုမည့် ပညာပေးပစ္စည်း၊ ဗီဒီယို၊ စာရွက်စာတမ်းများနှင့်စပ်လျဉ်း၍ လည်းကောင်း၊ ကော်မရှင်အဖွဲ့ဝင် ဦးဝင်းကြည်က တစ်နိုင်ငံလုံးအဆင့် မဲဆန္ဒရှင်စာရင်းပြုစုခြင်းလုပ်ငန်း ဆိုင်ရာများနှင့် စပ်လျဉ်း၍လည်းကောင်း၊ ကော်မရှင် အဖွဲ့ဝင် ဦးဝင်းကိုက မဲဆွယ်စည်းရုံးခြင်းဆိုင်ရာ ညွှန်ကြား ချက်နှင့် လိုက်နာရန်အချက်များ၊ မဲဆွယ်စည်းရုံးခြင်း ရန်ပုံငွေထုတ်ဖော် ကြေညာခြင်းနှင့်စပ်လျဉ်း၍ လည်း ကောင်း၊ မဲရုံမှူး၊ ဒုတိယ မဲရုံမှူး၊ မဲရုံအဖွဲ့ဝင် လက်စွဲ စာစောင်၊ မဲရုံလုပ်ငန်းစဉ် သရုပ်ပြဗီဒီယိုနှင့် စပ်လျဉ်း၍ လည်းကောင်း၊ ကော်မရှင်ဥက္ကဋ္ဌက ရွေးကောက်ပွဲဆိုင်ရာ စေ့စပ်ညှိနှိုင်းရေးကော်မတီ၊ လုံခြုံရေးကော်မတီ၊ လေ့လာ စောင့်ကြည့်ရေး ကော်မတီများနှင့် စပ်လျဉ်း၍လည်း ကောင်း၊ ကော်မရှင်အဖွဲ့ဝင် ဦးမြင့်နိုင်က ရွေးကောက်ပွဲ ဆိုင်ရာ အငြင်းပွားမှုများ ဖြေရှင်းခြင်း၊ ကိုယ်စားလှယ် လောင်းများ၏ မဲရုံကိုယ်စားလှယ်များ ဆိုင်ရာနှင့် စပ်လျဉ်း ၍လည်းကောင်း ရှင်းလင်းပြောကြားရာ တက်ရောက်လာ သော နိုင်ငံရေးပါတီများက မေးမြန်းဆွေးနွေးကြသည်။
ထို့နောက် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌက ၂ဝ၁၅ ခုနှစ် အထွေထွေရွေးကောက်ပွဲအား တည်ငြိမ်အေးချမ်းအောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် နိုင်ငံရေးပါတီများအနေဖြင့် ပူးပေါင်းဆောင်ရွက်ကြရန် တိုက်တွန်းပြောကြားခဲ့ကြောင်း သတင်းရရှိသည်။
(သတင်းစဉ်)

No comments:

Post a Comment