Wednesday, September 2, 2015

တစ်နိုင်ငံလုံးမဲဆန္ဒရှင်စာရင်း စက်တင်ဘာ ၁၄ ရက်တွင် ထုတ်ပြန်မည်





ရန်ကုန် စက်တင်ဘာ ၁
တစ်နိုင်ငံလုံး မဲဆန္ဒရှင်စာရင်းအား စက်တင်ဘာ ၁၄ ရက်တွင် ထုတ်ပြန် နိုင်ရန် ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင် (UEC)မှ စီစဉ်လျက်ရှိ ကြောင်း ကော်မရှင်အဖွဲ့ဝင်တစ်ဦး ထံမှ သိရသည်။
ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်ဥက္ကဋ္ဌ ဦးတင်အေးကလည်း ကော်မရှင်အနေဖြင့် မဲစာရင်းကို စက်တင်ဘာလလယ်တွင် ကြေညာ သွားနိုင်ရန် မျှော်မှန်းထားကြောင်း စက်တင်ဘာ ၁ ရက်နေ့က ရန်ကုန်မြို့ Park Royal ဟိုတယ်တွင် UEC နှင့် နိုင်ငံရေးပါတီများအကြား ခြောက် ကြိမ်မြောက် တွေ့ဆုံသည့် ပူးပေါင်း ညှိနှိုင်းမှုဆိုင်ရာ အစည်းအဝေးတွင် ပြောကြားခဲ့သည်။
မဲဆန္ဒရှင်များအနေဖြင့် မဲစာရင်း တွင် အမည်ပါရှိမှသာ မဲပေးနိုင်မည် ဖြစ်ပြီး တစ်နိုင်ငံလုံးမဲဆန္ဒရှင်စာရင်း အား ၁၄ ရက်ကြာ ကြေညာထား မည်ဖြစ်သည်။ ယင်းသို့ ကြေညာထား သည့်ရက်အတွင်း မဲဆန္ဒရှင်များ အနေဖြင့် မဲစာရင်းတွင် ဖြည့်စွက်၊ ပြင်ဆင်၊ ပယ်ဖျက်ခြင်းများကိုဆောင် ရွက်နိုင်မည် ဖြစ်သည်။

လက်ရှိတွင် အခြေခံမဲဆန္ဒရှင် စာရင်းအရ မြန်မာနိုင်ငံတွင် အသက် (၁၈)နှစ်ပြည့်ပြီး ဆန္ဒမဲပေးပိုင်ခွင့် ရှိသူ ၃၂ သန်းရှိကြောင်းသိရသည်။
ယခင်က သြဂုတ်လကုန်ပိုင်းတွင် ကြေညာနိုင်ရန် စီစဉ်ထားသော်လည်း မြန်မာနိုင်ငံ၏ နေရာအနှံ့တွင် ရေဘေးဒုက္ခ ကျရောက်ခဲ့သဖြင့် မဲဆန္ဒရှင်များ မဲစာရင်းကြည့်ရှုခြင်း၊ ဖြည့်စွက်ခြင်း၊ ပယ်ဖျက်ပြင်ဆင်ခြင်း များဆောင်ရွက်ရာတွင် အခက်အခဲရှိ နိုင်သည့်အတွက် ရွှေ့ဆိုင်းခဲ့ခြင်းဖြစ် ကြောင်း ကော်မရှင်ဥက္ကဋ္ဌ ဦးတင်အေး က ဆိုသည်။

မဲဆန္ဒနယ်ပြင်ပတွင် ရက်ပေါင်း ၁၈ဝ အထက် နေထိုင်ကြသူများအား မဲပေးပိုင်ခွင့် ရရှိစေရန်အတွက် ပုံစံ (၃-က)ဖြင့် ၂ဝ၁၅ ခုနှစ် အောက်တို ဘာလ ၁ဝ ရက်အထိ နောက်ဆုံးထား လျှောက်ထားရမည်ဖြစ်ကြောင်း ပြည် ထောင်စုရွေးကောက်ပွဲကော်မရှင်မှ သြဂုတ် ၁၉ ရက်တွင် နှိုးဆော်အသိ ပေးထားသည်။ 
ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်သည် တစ်နိုင်ငံလုံးမဲစာရင်း ကြေညာပြီးနောက် ပြင်ဆင်ခြင်း၊ မဲလက်မှတ်များရိုက်နှိပ်ခြင်း၊ နိုင်ငံ ပြင်ပရောက် မဲဆန္ဒရှင်များအတွက် ကြိုတင်ဆန္ဒမဲလက်မှတ်များ ပေးပို့ ခြင်း၊ မဲရုံများဆောက်လုပ်ခြင်း၊ မဲရုံသုံး ပစ္စည်းများပေးပို့ခြင်း၊ ဆန္ဒမဲလက်မှတ် များဖြန့်ဝေခြင်း၊ မဲရုံမှူး၊ ဒုတိယမဲရုံ မှူးနှင့် အဖွဲ့ဝင်များအား သင်တန်း ပို့ချခြင်းလုပ်ငန်းများကို ဆက်လက် ဆောင်ရွက်မည် ဖြစ်သည်။

(မြတ်သန္တာမောင်)

No comments:

Post a Comment