Wednesday, September 2, 2015

ရေဘေးသင့်ပြည်သူများအား ရှာဖွေကယ်ဆယ်ရန် အသက်ကယ် အမြန်ရေယာဉ်များ အသုံးပြုမည်




ရန်ကုန် စက်တင်ဘာ ၁
တရုတ်ပြည်သူ့သမ္မတနိုင်ငံမှ မီးသတ်ဦးစီးဌာနသို့ သြဂုတ် ၁၅ ရက်က လေကြောင်းခရီးဖြင့် လှူဒါန်းထားသည့် အမြန်ရေယာဉ်အစင်း ၁ဝဝ ကို နေပြည်တော်ကောင်စီ၌ တစ်စင်း၊ ကချင်ပြည်နယ်၌် ငါးစင်း၊ ကယားပြည်နယ်၌ တစ်စင်း၊ ကရင်ပြည်နယ်၌ ငါးစင်း၊ ချင်းပြည်နယ်၌ တစ်စင်း၊ စစ်ကိုင်းတိုင်းဒေသ ကြီး၌ ၁၁ စင်း၊ တနင်္သာရီတိုင်းဒေသကြီး၌ လေးစင်း၊ ပဲခူးတိုင်းဒေသကြီး၌ ရှစ်စင်း၊ မကွေးတိုင်းဒေသကြီး၌ ခြောက်စင်း၊ မန္တလေးတိုင်းဒေသကြီး၌ ရှစ်စင်း၊ မွန်ပြည်နယ်၌ သုံးစင်း၊ ရခိုင်ပြည်နယ်၌ ကိုးစင်း၊ ရန်ကုန်တိုင်းဒေသကြီး၌ ငါးစင်း၊ ရှမ်းပြည်နယ်၌ ရှစ်စင်း၊ ဧရာဝတီတိုင်းဒေသကြီး၌ ၁ဝ စင်းတို့ကို ဖြန့်ဝေပေးခဲ့ပြီး မီးသတ်ဦးစီးဌာန(ရုံးချုပ်)နေပြည်တော်တွင် ငါးစင်း၊ ရန်ကုန် တွင် ၁ဝ စင်းဖြန့်ခွဲထားရှိပြီး ရေကြီးရေလျှံခြင်း၊ ရေနစ်ခြင်းများကြုံတွေ့ပါက အဆိုပါ စက်လှေများအသုံးပြုပြီး ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သက်ဆိုင်ရာ ဌာနမှ သိရသည်။
အဆိုပါ စက်လှေများတွင် ရှာဖွေကယ်ဆယ်ရေးသုံး အသက်ရှူကိရိယာ များ၊ ရေပြင် အသက်ကယ်လုပ်ငန်းများ၊ ခေတ်မီဆက်စပ်ပစ္စည်းများ ပါဝင်ပြီး လူဦးရေ ၁ဝ ဦးနှင့် ၁၅ ဦး တင်ဆောင်နိုင်သည့် စက်လှေများဖြစ်ကာ တစ်စင်း လျှင် ရန်ကုန်အရောက် အမေရိကန်ဒေါ်လာ ၁၆၁၂၉ ဒေါ်လာတန်ဖိုးရှိပြီးFiber glass အမျိုးအစားများဖြစ်သည်။ မြင်းကောင်ရေ 40-HP ရှိပြီး လောင်စာဆီ၊ သာမန်ဓာတ်ဆီနှင့် အောက်တိန်း 90-RONအသုံးပြုနိုင်ကြောင်း သိရသည်။
သြဂုတ် ၂၉ ရက် နံနက်ပိုင်းတွင် ရန်ကုန်မြို့သဘာဝဥယျာဉ်ရှိ ကန်တော် ကြီးရေပြင်၌ ရှာဖွေကယ်ဆယ်ရေးတပ်ဖွဲ့ဝင်များက အဆိုပါ အမြန်ရေယာဉ် များဖြင့် အသက်ကယ် ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများကို လက်တွေ့သရုပ်ပြ သခဲ့သည်။

သဘာဝဘေးအန္တရာယ်နှင့် ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများတွင် ဘေးဒုက္ခရောက်ရှိသူ ပြည်သူများအား မီးသတ်တပ်ဖွဲ့ဝင်များက ရှာဖွေကယ် ဆယ်ရေးနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများတွင် ပါဝင်ကူညီဆောင်ရွက် ပေးလျက်ရှိသည်။
၂ဝ၁၅ ခုနှစ် ဇန်နဝါရီ ၁ ရက်မှ ၂၈ ရက်အထိ တိုင်းဒေသကြီးနှင့် ပြည်နယ်ဒေသအသီးသီး၌ တောင်ပြိုကျခြင်း၊ ကမ်းပါးပြိုကျခြင်း၊ လေပြင်းတိုက် ခတ်ခြင်း၊ တိုက်ပြိုကျခြင်း၊ တံတိုင်းပြိုကျခြင်း၊ ယာဉ်တိုက်ခြင်း၊ ရေကြီးခြင်း၊ ယာဉ်တိမ်းမှောက်ခြင်း၊ ရေနစ်မြုပ်ခြင်း၊ မိုးကြိုးပစ်ခြင်း၊ ရေတွင်းအတွင်း ပြုတ်ကျခြင်း၊ သစ်ပင်ပြိုလဲခြင်း၊ အစာအဆိပ်သင့်ခြင်း၊ ဓာတ်လှေကားပိတ်မိခြင်း အစရှိသည့် မတော်တဆဖြစ်စဉ် ၉ဝ၄ ကြိမ်တွင် မီးသတ်တပ်ဖွဲ့ဝင်များက ရှာဖွေကယ်ဆယ်ရေးနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများတွင် ပါဝင် ဆောင်ရွက်ပေးခဲ့ကြသည်။
မီးသတ်ဦးစီးဌာနအနေဖြင့် ပြည်ထဲရေးဝန်ကြီးဌာန၏ လမ်းညွှန်မှုများနှင့် အညီ မီးဘေးလုံခြုံရေး၊ သဘာဝဘေးအန္တရာယ်ကာကွယ်ရေး၊ ရှာဖွေကယ် ဆယ်ရေးနှင့် ပြည်သူ့အကျိုးပြု ဆောင်ရွက်ရေးရည်မှန်းချက်တာဝန် ၄ ရပ် ချမှတ်ထားကာ တိုင်းဒေသကြီးနှင့် ပြည်နယ်မြို့တော်များတွင် ရှာဖွေကယ်ဆယ် ရေးတပ်ခွဲများကို တပ်ခွဲတစ်ခွဲလျှင် သန္ဓေမီးသတ်တပ်ဖွဲ့ဝင် ၂၁ ဦး၊ အရန် မီးသတ်တပ်ဖွဲ့ဝင် ၉၅ ဦး စုစုပေါင်း ၁၁၆ ဦးဖြင့် နိုင်ငံတစ်ဝန်းတွင် တပ်ခွဲပေါင်း ၁၇ ဖွဲ့ ဖွဲ့စည်းထားပြီးဖြစ်သည်။ မြို့နယ်များတွင်လည်း ရှာဖွေကယ်ဆယ်ရေး တပ်စုများ မြို့နယ်အလိုက် ဖွဲ့စည်းထားရှိရာ တစ်မြို့နယ်လျှင် သန္ဓေမီးသတ် တပ်ဖွဲ့ဝင် ငါးဦး၊ အရန်မီးသတ်တပ်ဖွဲ့ဝင် ၃ဝ စုစုပေါင်း ၃၅ ဦးဖြင့် ဖွဲ့စည်းထားရှိပြီး မြို့နယ်ပေါင်း ၃၃၃ မြို့နယ်တွင် စုစုပေါင်းအင်အား ၁၃၆၂၇ ဦးဖြင့် ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိသည်။
ရှာဖွေကယ်ဆယ်ရေးတပ်ဖွဲ့ဝင်များအား အရေးပေါ်အခြေအနေများနှင့် ကြုံတွေ့ပါက ကူညီကယ်ဆယ်ရေးလုပ်ငန်းများ ထိရောက်စွာ ဆောင်ရွက်နိုင်ရေး အတွက် ပြည်တွင်းတွင် ဗဟိုမီးသတ်သင်တန်းကျောင်း (ပြင်ဦးလွင်)နှင့် မြန်မာ နိုင်ငံမီးသတ်တပ်ဖွဲ့ဌာနချုပ်တို့တွင် သာမက ခေတ်မီနည်းစနစ်များ သင်ယူနိုင် ရေးအတွက် မလေးရှား၊ ကိုရီးယား၊ ဂျပန် ၊ တရုတ်၊ စင်ကာပူ အစရှိသည့် နိုင်ငံများသို့ ပညာသင်များစေလွှတ်ခြင်း၊ ပြည်ပမှ ကျွမ်းကျင်ပညာရှင်များဖြင့် သင်တန်းများပို့ချပေးကာ စွမ်းရည်များ မြှင့်တင်ပေးလျက်ရှိကြောင်း သိရသည်။
သတင်း - ဝင်းဝင်းမော်
ဓာတ်ပုံ - ဇော်မင်းလတ်

No comments:

Post a Comment