Tuesday, September 1, 2015

အစားအသောက်၊ ဆေးဝါး၊ အလှကုန်များ ဘေးအန္တရာယ်ကင်းရှင်းရေး ထိရောက်စွာအရေးယူမည့် နည်းလမ်းများ ဆွေးနွေး



The Mirror Daily's photo.

ရန်ကုန် သြဂုတ် ၃၁

အများပြည်သူတို့ ဘေးအန္တရာယ်ကင်းရှင်း၍ အရည် အသွေးပြည့်မီသော အစားအသောက်၊ ဆေးဝါး၊ အလှကုန် များ သုံးစွဲနိုင်ရေးအတွက် ကြီးကြပ်ကွပ်ကဲမှု နည်းလမ်းများကို ဥပဒေလုပ်ထုံးလုပ်နည်းများနှင့်အညီ ထိရောက်စွာ အရေးယူ ဆောင်ရွက်နိုင်မည့် နည်းလမ်းများနှင့်စပ်လျဉ်း ၍ သြဂုတ် ၃ဝ ရက်နှင့် ၃၁ ရက်တို့တွင် ရန်ကုန်မြို့ ကန်တော်ကြီး ပဲလေ့စ်ဟိုတယ်၌ ကျင်းပသည့် အစားအသောက်နှင့် ဆေးဝါးကြီးကြပ်ကွပ်ကဲရေး ဦးစီးဌာန၏ ကြီးကြပ်ကွပ်ကဲရေးဆိုင်ရာကိစ္စရပ်များ ဟန်ချက်ညီ ပူးပေါင်းဆောင်ရွက်ရေး အလုပ်ရုံဆွေးနွေးပွဲတွင် ထည့်သွင်းဆွေးနွေးခဲ့သည်။

အစားအသောက်နှင့် ဆေးဝါးကြီးကြပ်ကွပ်ကဲရေး ဦးစီးဌာန (FDA) က ထောက်ခံချက်ပေးထားသည့် ကုန်ပစ္စည်းများနှင့် ဈေးကွက်တွင် ဖြန့်ချိနေသည့် ကုန်ပစ္စည်းများ ကွဲလွဲမှုများရှိနေကြောင်း မြန်မာနိုင်ငံ စားသုံးသူကာကွယ်ရေးအသင်းဥက္ကဋ္ဌ ဦးဗအုပ်ခိုင်က ပြောသည်။

(FDA) အနေနဲ့ သူထောက်ခံချက်ပေးထားတဲ့ ကုန်ပစ္စည်းတွေကို သုံးလတစ်ခါ မလုပ်နိုင်ရင်တောင် ခြောက်လတစ်ခါ ဈေးကွက်ထဲကကောက်ပြီး အန္တရာယ်ရှိ၊ မရှိ စစ်ဆေးသင့်တယ်။ အန္တရာယ်ရှိတယ်ဆို ထုတ်ပြန် ကြေညာပြီး အရေးယူသင့်တယ်။ ဒီမှာက ထုတ်ပြန်ကြေညာ တာပဲ ရှိတယ်။ အရေးယူတာ မတွေ့ရဘူး။ ပညာပေး သတိပေးရုံနဲ့တော့ မရဘူး''ဟု ၎င်းက ဆိုသည်။

အစားအသောက်၊ ဆေးဝါး၊ အလှကုန်ပစ္စည်းများ ဘေးအန္တရာယ်ကင်းရှင်းရေးလုပ်ငန်းစဉ်သည် အမျိုးသား လုံခြုံရေးနှင့် နှီးနွှယ်ပတ်သက်နေပြီး ယခုအခါ တစ်ကမ္ဘာ လုံးက လက်ခံကျင့်သုံးလျက်ရှိသည်။ သို့သော် မြန်မာနိုင်ငံတွင် ယခုနှစ်ပိုင်းအတွင်း အများပြည်သူတို့ စားသုံးသည့် အစားအသောက်အများစုတွင် ဘေးအန္တရာယ်ဖြစ်စေမည့် ဓာတုပစ္စည်းများကို သုံးစွဲလျက်ရှိနေကြောင်း သိရသည်။

''စားသောက်ကုန်ပစ္စည်းတွေနဲ့ပတ်သက်ပြီး ပြည်သူ လူထုကလည်း သတိထားရမယ်။ အသိဥာဏ်လည်းရှိရမယ်။ ထုတ်လုပ်သူတွေဘက်ကလည်း အန္တရာယ်ရှိ စားသောက် ကုန်ပစ္စည်းတွေကို လောဘဖက်ပြီး လုပ်တာမျိုး၊ ထွင်တာမျိုး မလုပ်သင့်ဘူး။ ကျွန်တော်တို့ခေတ်တုန်းက အလှအပ ဖြစ်အောင် ထိုးမုန့်၊ လမုန့်တွေကို အရောင်တင်တယ်။ တင်လိုက်တဲ့အရောင်က စားသုံးနိုင်တဲ့ အရောင်ဆို အကြောင်းမဟုတ်ဘူး။ အထည်ဆိုးဆေးအရောင်ဆိုရင် တော့ အန္တရာယ်ရှိတယ်။ ဒါဆို ပိတ်ပစ်လိုက်တယ်''ဟု အစာဆေးဝါးဌာန ညွှန်ကြားရေးမှူး(ငြိမ်း) ဒေါက်တာ စိုးမြတ်ထွန်းက ပြောသည်။
ယခုအခါ ပြောင်းလဲလာသည့် ခေတ်စနစ်နှင့်အညီ တိုးတက်လာသော ကုန်ထုတ်လုပ်မှု၊ ကုန်သွယ်မှုတို့နှင့် လိုက်လျောညီထွေ ဆောင်ရွက်နိုင်ရန်အတွက် အစားအသောက်နှင့် ဆေးဝါးကြီးကြပ်ကွပ်ကဲရေး ဦးစီးဌာနကို အဆင့်မြှင့်တင်တိုးချဲ့ ဖွဲ့စည်းပြီး လုပ်ထုံး လုပ်နည်းများနှင့် လိုက်လျောညီထွေဖြစ်စေရန် ပြင်ဆင်ပြောင်းလဲခြင်း၊ ခေတ်နှင့်လျော်ညီသည့် ဥပဒေများ ပြင်ဆင်ရေးဆွဲခြင်း တို့ကို ကြိုးပမ်းဆောင်ရွက်လျက်ရှိသည်။

''ကျွန်တော်တို့ခေတ်တုန်းက ဝန်ထမ်းအင်အား ၂ဝဝ လောက်နဲ့ တစ်နိုင်ငံလုံး အတိုင်းအတာလုပ်ခဲ့ရတယ်။ အခု ဝန်ထမ်းအင်အား တိုးချဲ့လိုက်ပြီးဆိုတော့ တစ်နိုင်ငံလုံးကိုလည်း လွှမ်းခြုံနိုင်တယ်။ လိုအပ်ချက်ကတော့ ရှိနေ မှာပါ။ အခြေအနေကြည့်ပြီး ဖြည့်ဆည်းပေးရမှာပါ''ဟု ဒေါက်တာစိုးမြတ်ထွန်းက ပြောသည်။

(FDA) က အရင်တုန်းက ဝန်ထမ်းအင်အားနည်းတော့ မလုပ်နိုင်ဘူး ပြောပါတယ်။ အခု ဝန်ထမ်းအင်အားလည်း များလာပြီ။ အလုပ်ရုံဆွေးနွေးပွဲတွေ လုပ်ပြီး NGO အဖွဲ့ တွေနဲ့ ပူးပေါင်းပြီးလုပ်ရင်တော့ အရင်တုန်းကထက် ပိုကောင်းလာမယ်လို့ မျှော်လင့်ပါတယ်''ဟု ဦးဗအုပ်ခိုင်က ပြောသည်။

၂ဝ၁၅ ခုနှစ် ဧပြီ ၁ ရက်မှစ၍ ကျန်းမာရေးဝန်ကြီးဌာန အောက်ရှိ အစားအသောက်နှင့် ဆေးဝါးကြီးကြပ်ကွပ်ကဲ ရေးဦးစီးဌာနကို ခေတ်နှင့်အညီ တိုးတက်လာသော ကုန်ထုတ်လုပ်မှု၊ ကုန်သွယ်မှုတို့နှင့် လိုက်လျောညီထွေ ဆောင်ရွက်နိုင်ရန်အတွက် ဝန်ထမ်းအင်အား ၄၁၄ ဦးဖြင့် ဆောင်ရွက်နေရာမှ ဝန်ထမ်းအင်အား ၂၈၇၅ ဦးဖြင့် တိုးချဲ့ဖွဲ့စည်းလိုက်ကြောင်း သိရသည်။
သတင်း - မင်းသစ်
ဓာတ်ပုံ (FDA)

No comments:

Post a Comment