Tuesday, September 1, 2015

အင်္ဂပူမြို့နယ်တွင် ရေကြီးနစ်မြုပ်မှုကြောင့်ပျက်စီးခဲ့သည့်မိုးစပါးများကို ပြန်လည်စိုက်ပျိုးနေ



The Mirror Daily's photo.

အင်္ဂပူ သြဂုတ် ၃၁

ဧရာဝတီတိုင်းဒေသကြီး အင်္ဂပူမြို့နယ်တွင် ရေကြီးနစ်မြုပ်မှုကြောင့် ပျက်စီးခဲ့သည့် မိုးစပါးများကို ပြန်လည်စိုက်ပျိုးနေပြီဖြစ်ကြောင်း လယ်ယာ စိုက်ပျိုးရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန စိုက်ပျိုးရေးဦးစီးဌာန ဦးစီးအရာရှိ မြို့နယ်ဦးစီးမှူး ဦးဆန်းဝင်းက ပြောသည်။

''ရေကြီးနစ်မြုပ်လို့ ပျက်စီးသွားတဲ့ မိုးစပါးတွေကို ရေကျသွားတဲ့နေရာ တွေမှာ ပြန်လည်စိုက်ပျိုးနေပါပြီ။ အခုလိုပြန်လည်စိုက်ပျိုးတဲ့နေရာမှာလည်း စိုက်ပျိုးရာသီမီဖို့ သက်တမ်းတိုစပါးမျိုးတွေကို တိုင်းဒေသကြီးအစိုးရအဖွဲ့ရဲ့ အကူအညီနဲ့ဆောင်ရွက်ပေးနေတယ်။ ဒါကြောင့်လည်း မျိုးစပါးအခက်အခဲ ဖြစ်လို့ မစိုက်ဖြစ်တဲ့တောင်သူတွေတောင် ပြန်လည်စိုက်ပျိုးလာကြပါတယ်။ နောက်ထပ် စိုက်ပျိုးဖို့အတွက်လည်း မျိုးခင်းများ အသင့်ပြင်ဆင်ထားပါတယ်'' ဟု မြို့နယ်ဦးစီးမှူးက ပြောသည်။

အင်္ဂပူမြို့နယ်တွင် ဇူလိုင် ၂၇ ရက်ခန့်က မိုးသည်းထန်စွာ ရွာသွန်းခဲ့မှုနှင့် မြစ်ရေမြင့်တက်မှုတို့ကြောင့် စိုက်ပျိုးမြေ ၅၃၆ဝ၈ ဧက ရေနစ်မြုပ်ခဲ့သည့် အနက် စိုက်ပျိုးမြေ ၃ဝ၂၆၇ ဧက ပျက်စီးဆုံးရှုံးခဲ့ရသည်။ ယခုအခါ ရေများပြန်လည်ကျဆင်းသွားပြီဖြစ်၍ ပျက်စီးဆုံးရှုံးသွားသည့်မိုးစပါးများကို ပြန်လည်စိုက်ပျိုးလျက်ရှိရာ ယင်းဒေသတွင် သြဂုတ် ၃၁ ရက်အထိ မျိုးစပါး များကို ဧက ၁၁ဝဝ ကျော် ပျိုးထောင်စိုက်ပျိုးပြီးစီးခဲ့ကြောင်း သိရသည်။

''ပထမပိုင်းမှာတော့ မျိုးစေ့ဝယ်ဖို့ အခက်အခဲရှိခဲ့တယ်။ အခုတော့ သက်ဆိုင်ရာက မျိုးအတွက်ကူညီပေးလို့ ပြန်လည်စိုက်ပျိုးဖြစ်တာပါ။ ရေဆက် မတက်ရင်တော့ အခုပြန်စိုက်ထားတဲ့ ပျိုးပင်တွေကို ဓာတ်မြေသြဇာကျွေးမယ်။ လောလောဆယ်တော့ ဓာတ်မြေသြဇာ လိုအပ်နေပါသေးတယ်'' ယင်းမြို့နယ် ရှိ တလိုင်းကွင်းကျေးရွာမှ တောင်သူ ဦးခင်ကြိုင်က ပြောသည်။

ထိုသို့ စိုက်ပျိုးနိုင်ရန်အတွက် သက်တမ်းတိုမျိုးစပါးများကို ဧရာဝတီတိုင်း ဒေသကြီးအစိုးရအဖွဲ့အစီအစဉ်ဖြင့်မှာယူ၍ တောင်သူများကို ယာယီဆိုင်းငံ့ စနစ်ဖြင့်ချပေးထားကြောင်းသိရသည်။ အဆိုပါ မြို့နယ်တွင် ရေနစ်မြုပ်ပျက်စီး သွားခဲ့သည့် မိုးစပါးစိုက်ဧကများအနက်မှ ဧက ၁ဝဝဝဝ ကျော်သာ မိုးစပါး ပြန်လည်စိုက်ပျိုးရန်စီစဉ်ထားပြီး ကျန်စိုက်ဧကများမှာ ဧရာဝတီမြစ်၊ ငဝန်မြစ်တို့နှင့် ဆက်စပ်နေသဖြင့် စပါးပြန်လည်စိုက်ပျိုးနိုင်ရန် အချိန်နောက်ကျသွား၍ ပဲ(မတ်ပဲ)သာစိုက်ပျိုးနိုင်တော့ကြောင်း သိရသည်။
ဇော်ကြီး(ပဏီတ)

No comments:

Post a Comment