Tuesday, September 1, 2015

ညောင်တုန်းမြို့နယ်အတွင်း ရေဘေးသင့်ကျေးရွာများသို့ ဘာသာပေါင်းစုံ ချစ်ကြည်ညီညွတ်ရေးအသင်း ကွင်းဆင်းအခမဲ့ဆေးကုသ



The Mirror Daily's photo.

ညောင်တုန်း သြဂုတ် ၃၁

ဘာသာပေါင်းစုံ ချစ်ကြည်ညီညွတ်ရေး (Y.M.C.A)အသင်းကဦးဆောင်၍ အဖွဲ့ဝင် ၁၂ ဦးပါဝင်သော အခမဲ့ ဆေးကုသရေးအဖွဲ့သည် သြဂုတ် ၂၉ ရက် နံနက်က ညောင်တုန်းမြို့နယ်အတွင်း စံကင်းကျွန်းရှိ အလယ်ချောင်း ကျေးရွာ ဘုန်းတော်ကြီးကျောင်း၌ ရေဘေးသင့်ပြည်သူများအား အခမဲ့ဆေးဝါးများ ကုသပေးကြသည်။

''ကျွန်တော်တို့မြန်မာနိုင်ငံ ဘာသာပေါင်းစုံချစ်ကြည် ညီညွတ်ရေးအသင်းဟာ အခုလိုသဘာဝဘေးအန္တရာယ်ဖြစ် နေတဲ့နေရာတွေကိုလိုက်ပြီး အခမဲ့ဆေးကုသပေးနေတာပါ။ အခု ကျွန်တော်တို့အဖွဲ့မှာ ဆရာဝန် နှစ်ဦး၊ သူနာပြု သုံးဦး၊ ဘရာဇီးနိုင်ငံသား နှစ်ဦးနဲ့ ကျွန်တော်အပါအဝင် အားလုံး ၁၂ ဦးဖြစ်ပါတယ်။ ကျွန်တော်က အထွေထွေရောဂါတွေကို ကုသပေးသွားမှာပါ။ အခုတွေ့ရတဲ့ရောဂါ တွေက သွေးတိုး၊ ခန္ဓာကိုယ်ကိုက်ခဲ၊ ဒူးနာ၊ ခါးနာ၊ အာဟာရ ချို့တဲ့ရောဂါ၊ ကိုယ်ရေပြားယားယံနဲ့ ပန်းနာရောဂါတွေ တွေ့ရှိပါတယ်။ အထူးသဖြင့် ရောဂါပေါ်မှာမူတည်ပြီး ဒေသန္တရဆေးရုံ၊ ဆေးခန်းနဲ့ ကုသဖို့မလုံလောက်ပါက ရန်ကုန်ဆေးရုံတွေကို အခမဲ့ပို့ဆောင်ပေးတဲ့အပြင် ပြည်ပမှာ ကုသမှရမယ်ဆိုတဲ့ ရောဂါမျိုးတွေကိုပါ အခမဲ့ပို့ဆောင် ပေးပါတယ်။ အခုကျွန်တော်တို့မှာ အထွေထွေရောဂါများ ကုသဖို့ လူ ၅ဝဝ အတွက် ဆေးအလုံအလောက်ပါပါတယ်။ ဒီနေ့ဆိုရင် လူ ၃ဝဝ လောက် ကုသပေးရပါတယ်''ဟု အသင်း၏ အထွေထွေအတွင်းရေးမှူး ဒေါက်တာ သာဥာဏ်က ရှင်းပြသည်။

အဆိုပါဆေးကုသရေးအဖွဲ့အား မြို့နယ်စီမံခန့်ခွဲရေး ကော်မတီဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးသန့်ဇော်ဦးနှင့် သဘာဝဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးစီမံခန့်ခွဲမှုကော်မတီအတွင်းရေးမှူး မြို့နယ်မီးသတ်ဦးစီးအရာရှိ ဦးသန့်ဇင်ဝင်းတို့က သွားရောက်၍ လိုအပ်သည်များကို စီစဉ်ဆောင်ရွက်ပေးကြသည်။ စံကင်းကျွန်းဒေသ ရေဘေးသင့်ကျေးရွာအချို့ရှိ ပြည်သူများအား ယင်းအဖွဲ့မှ ဆက်လက်၍ အခမဲ့ဆေးကုသပေးသွားမည်ဖြစ်ကြောင်း သိရသည်။
ဝင်းမြင့်ကျော်(ညောင်တုန်း)

No comments:

Post a Comment