Monday, September 28, 2015

ရုပ်သေးပညာရပ် တိမ်မြုပ်မသွားစေရေး ဆက်လက်ထိန်းသိမ်းထား




သတင်း - နိုင်လင်းကြည်၊ ဓာတ်ပုံ - အလင်းသစ်
မြန်မာတို့၏ ရိုးရာယဉ်ကျေးမှု အနုပညာရပ်များ ထဲတွင် တစ်ခုအပါအဝင်ဖြစ်သည့် ရုပ်သေးပညာရပ်သည် တိမ်မြုပ်ပျောက်ကွယ်လုနီးပါးဖြစ်လာသည့်အပြင် မြန်မာ တစ်နိုင်ငံလုံးတွင် ရုပ်သေးပညာရှင်ဟုပင် များများစားစား မရှိတော့ပေ။ သို့ရာတွင် တိမ်မြုပ်ပျောက်ကွယ်သွားမည့် အရေးစိုးရိမ်ကာ ဝါသနာအရသော်လည်းကောင်း၊ မျိုးရိုး ပညာရပ်အဖြစ်လည်းကောင်း ဆက်လက်ထိန်းသိမ်း ထားမှုများသာရှိတော့ကြောင်း သိရသည်။ ထို့ကြောင့် သတင်းသမားခရီးသွားရင်း ပုဂံဒေသတွင် ရုပ်သေးပညာ ရပ်ဖြင့် အသက်မွေးဝမ်းကျောင်းပြုနေသည့် ရုပ်သေး ပညာရှင် ဦးစိန်မြင့်အောင်နှင့် တွေ့ဆုံမေးမြန်းဖြစ်ခဲ့သည်။
''ကျွန်တော့်ရဲ့အဘက ရုပ်သေးဆရာကြီး ဇော်ဂျီပျံ ဆရာလှရဲ့ မြေးပါ။ မျိုးရိုးပညာတိမ်ကောပပျောက်မသွား အောင်ဆိုပြီး ဆက်ထိန်းထားတဲ့သဘောနဲ့ ကတာပါ။ ရုပ်သေးကို ကိုယ်တိုင်လည်းကသလို ကိုယ်တိုင်လည်းလုပ် တယ်။ ရုပ်သေးအကကို အပြင်မှာသိပ်မရှိတော့ဘူးဆို ပေမယ့် ကျွန်တော့်တို့ကတော့ ဆက်ထိန်းထားပါသေးတယ်။ ငပလီမှာဆိုရင် ကျွန်တော့်သမီးကတယ်။ ပုဂံမှာဆိုရင်လည်း ကျွန်တော့်အဒေါ်ကတယ်။ ကျွန်တော့်က တော့ ဒီနန္ဒာ စားသောက်ဆိုင်မှာပဲ ကပါတယ်။ တစ်ခြားဟိုတယ်တွေ၊ စားသောက်ဆိုင်တွေက ဧည့်သည်ကြည့်ချင်လို့ လာငှားရင် တော့ လိုက်ကပါတယ်။''ဟု ရုပ်သေးပညာရှင် ဦးစိန်မြင့်အောင်က ရှင်းပြသည်။
ရုပ်သေးပညာရပ်ကို ကုန်းဘောင်မင်းဆက် စဥ့်ကူးမင်းလက်ထက်တွင် ပေါ်ပေါက်ခဲ့သည်ဟု သိရပြီး ရုပ်သေး ရုပ်များကို ယမနေသား၊ ပဉ္စနေသား၊ ဧကရာဇ်သား စသည်တို့ဖြင့် ထွင်းထုကြောင်းသိရသည်။ ရုပ်သေးပွဲတွင် ပါဝင်သော လူ၊ နတ်၊ ဘုရင်၊ တိရစ္ဆာန်အားလုံး ဇာတ်စင်၏ လက်ဝဲ၊ လက်ယာ၊ အပေါ်၊ အောက် မည်သူက မည်သည့်နေရာက ထွက်ရမည်ဟူသည့် ဥပဒေသများရှိကြောင်းလည်းသိရသည်။
ဆက်လက်၍ ရုပ်သေးပညာကို အသက်မွေးဝမ်းကျောင်းပညာတစ်ခု အဖြစ်အသုံးချခဲ့မှုနှင့် ရုပ်သေး ပညာရပ်ပေါ် ခံယူချက်နှင့် ပတ်သက်ပြီး ဦးစိန်မြင့်အောင်က''ကျွန်တော် ဒီနန္ဒာစားသောက်ဆိုင်မှာ ရုပ်သေးကတာ နှစ် ၂ဝ လောက် ရှိသွားပြီ။ ပုဂံမှာတော့ ကျွန်တော့်မိသားစုရယ်။ ဦးလေးတွေရယ်ပဲ ကပါတယ်။ ကျွန်တော့်ကနေတဲ့ သက်တမ်းကတော့ ကျွန်တော် ၁၂ နှစ်သားကတည်းကပါ။ ဒီနန္ဒာစားသောက်ဆိုင်တည်ထောင်လိုက်တော့ ပုံမှန်လခ စားဖြစ်သွားတာပါ။ ရုပ်သေးပညာနဲ့ ပတ်သက်ပြီး ကျွန်တော့်ခံယူချက်ကို ပြောရရင် ဒီပညာနဲ့ အသက်မွေးဝမ်းကျောင်း ပြုရတဲ့ကျေးဇူးရယ်။ ပြီးတော့ ကျွန်တော့်အဘရဲ့ ပညာကို ဆက်လက်ထိန်းသိမ်းစောင့်ရှောက်သွားမယ်လို့ ခံယူထားပါ တယ်။ အခုဒီဆိုင်မှာကနေတယ်ဆိုပေမယ့် ကျန်တဲ့နေရာလည်း ကမှာပါပဲ။''ဟု ရှင်းပြခဲ့သည်။
ရုပ်သေးတွင် ရုပ်စုံအကဖြစ်သည့် ခုနစ်ထွေအကကို အများဆုံးကပြကြပြီး ခုနစ်ထွေအကအပြင် ဦးရွှေရိုးအက၊ ကရင်အက၊ ရှမ်းအက၊ မင်းထက်ပြိုင်အက စသည်ဖြင့် ၁၂ ထွေအကအထိ တိုးချဲ့ကပြလျက်ရှိသည့်အကြောင်း ဦးစိန်မြင့်အောင်က''ရုပ်သေးမှာ ခုနစ်ထွေအကာဆိုတာရှိတာပေါ့။ ခုနစ်ထွေအကဆိုတာ ရုပ်စုံအကကိုဆိုလိုတာ ဖြစ်ပြီး ၁၂ ထွေအကအထိ ထည့်ပြီးကလာခဲ့ကြတယ်။ ၁၂ ထွေမှာ ရုပ်သေးအကရဲ့ ပုံမှန်ကရိုးကစဉ်ထက် မြန်မာ့ ရိုးရာအကတွေကိုပါ ထည့်ကတာကို ပြောတာပါ။ ရှင်ပြုပွဲတွေဆိုရင် ဦးရွှေရိုးအကထည့်တယ်။ အလှည့်တွေပါရင် သူငယ်တော်အကတွေအပြင် ကရင်ဒုံးယိမ်း၊ ရှမ်းအိုးစည်အက စတဲ့အကမျိုးတွေကိုလည်း ထည့်ကပါတယ်။ အဲဒါ ဟာလည်း ရုပ်သေးအကကို ပိုပြီးစိတ်ဝင်စားအောင်ကပြတာပါ။ ''ဟု ပြောပြသည်။
ရုပ်သေးပညာပျောက်ကွယ်သွားမှုနှင့် မျိုးဆက်မပြတ်ဆက်လက်ထိန်းသိမ်းနိုင်ရေးတို့နှင့် ပတ်သက်၍ ဦးစိန် မြင့်အောင်က ''ရုပ်သေးပညာက အပြင်မှာပျောက်ကွယ်သွားတာ အင်္ဂလိပ်တွေပြေးကတည်းက ပျောက်ကွယ်သွားတာ ပါ။ ဒါပေမယ့် ဒီပညာကို ပျောက်ကွယ်သွားပေမယ့် မတိမ်ကောစေရဘူးဆိုပြီး ကျွန်တော့်အဘက အပင်ပန်းခံပြီး ဆက်လက်ထိန်းထားတာပါ။ အခုမြန်မာပြည်အထက်ပိုင်းမှာဆိုရင် မန္တလေးမှာ ဒေါ်မမနိုင်၊ ရွှေဘိုမှာ ဦးတင်အောင် စတဲ့ ပညာရှင်ကြီးတွေ ရှိပါသေးတယ်။ ဒါပေမယ့် ဒီရုပ်သေးပညာကို လက်ဆင့်ကမ်းယူမယ့်သူက နည်းနေတယ်။ အဲဒီရုပ်သေးပညာရှင်ကြီးတွေ မရှိရင် တိမ်မြုပ်သွားမှာစိုးရတယ်။ ကျွန်တော်တို့မိသားစုက ဆက်ထိန်းထားတယ်ဆို ပေမယ့် တစ်ဦးယောက်တည်းထိန်းလို့မရဘူး။ အခုတော့ ရုပ်သေးပညာကို မျိုးဆက်မပျက်သွားအောင်ဆိုပြီး တပည့် လေးတွေကို ဆက်ပြီးလက်ဆင့်ကမ်းသင်ပေးနေပါတယ်။''ဟု ဆိုသည်။

No comments:

Post a Comment