Monday, September 28, 2015

မြန်မာ့သွေး၊ မြန်မာ့သတ္တိ၊ မြန်မာ့မာန် မြန်မာ့ရိုးရာလက်ဝှေ့စိန်ခေါ်ပွဲ ကျင်းပ




သတင်း-ကိုသက်၊ ဓာတ်ပုံ-ခင်မောင်ဝင်း(ကြေးမုံ)
မြန်မာနိုင်ငံရိုးရာလက်ဝှေ့အဖွဲ့ချုပ်က ကြီးမှူး၍ VICTORY Myanmar Group Co.,Ltd. T&T Group နှင့် Naing Moe Entertainment က စီစဉ်ကျင်းပသော MANDALAY RUMBLING MEGA FIGHTS ''မြန်မာ့သွေး၊ မြန်မာ့သတ္တိ၊ မြန်မာ့မာန်'' မြန်မာ့ရိုးရာလက်ဝှေ့စိန်ခေါ်ပွဲကို စက်တင်ဘာ ၂၇ ရက် မွန်းလွဲ ၂ နာရီ တွင် လက်ဝှေ့အားကစားရုံ(သိမ်ဖြူ)၌ ကျင်းပသည်။ 
အဆိုပါ မြန်မာ့ရိုးရာလက်ဝှေ့စိန်ခေါ်ပွဲကို အမျိုးသမီး သုံးချီစိန်ခေါ်ပွဲနှစ်ပွဲ၊ အမျိုးသား သုံးချီ စိန်ခေါ် ပွဲ တစ်ပွဲ၊ လေးချီ စိန်ခေါ်ပွဲ သုံးပွဲး၊ ငါးချီ စိန်ခေါ်ပွဲ ငါးပွဲ စုစုပေါင်း ပွဲစဉ် ၁၁ပွဲကို ယှဉ်ပြိုင်ထိုးသတ်ကြ သည်။

ပွဲစဉ် ၁၁ ပွဲ ကျင်းပခဲ့ရာ နောက်ဆုံးပွဲစဉ်ဖြစ်သည့် ပရိသတ်အထူးမျှော်လင့်စောင့်စားနေသော ၂ဝ၁၃ အာဆီယံရွှေတံဆိပ်ဆုရှင် တူးတူး (နဂါးမန်)နှင့် စောဂေါ်မူဒို(သတ္တိ) ယှဉ်ပြိုင်ထိုးသတ်ရာ ပထမအချီတွင် တူးတူးက အကဲစမ်းသည့် ကန်လုံး၊ ထိုးလုံးတို့ဖြင့် ထိုးသတ်သလို စောဂေါ်မူဒိုကလည်း အောက်ခြေဖြတ်ကန် ချက် ညာထောင့်လက်သီး ခြေထောက်ကန်ချက်တို့ဖြင့် ထိုးသတ်ကြသည်။
ဒုတိယအချီတွင် တူးတူး၏ ပြင်း ထန်အားပါသော ညာခြေကန်ဖြင့် စောဂေါ်မူဒို၏ နားအုံကို ထိထိမိမိကန်ခဲ့ပြီး ဆင့်ကန်လုံးများကို တရစပ် ဖြင့် တူးတူးယှဉ်ပြိုင်ထိုးသတ်ခဲ့သည်။ စောဂေါ်မူဒိုကလည်း အားပါသော ညာဝိုက်လက်သီးများ၊ ကန်လုံးများ ပြန်လည်ခုခုံထိုးသတ်ခဲ့သည်။ တတိယအချီ အရောက်တွင် တူးတူးက ပတ်ကန်လုံးခြုပ်ဒူး၊ နောက်ပြန်ကန်လုံး များ အသုံးပြုသလို စောဂေါ်မူဒိုကလည်း လက်သီးတွဲဆိုင်းများ ခေါင်းတိုက်ချက်များ အသုံးပြုယှဉ်ပြိုင် ထိုးသတ်နေစဉ် မီးပြတ်တောက်သွားသဖြင့် သုံးမိနစ်ခန့် ပွဲချိန်နားခဲ့သည်။ ထို့နောက် ပွဲကို ဆက်လက်ယှဉ်ပြိုင် ရာ စတုတ္ထအချီတွင် တူးတူးနှင့် စောဂေါ်မူဒို သူတစ်ပြန်ကိုတစ်ပြန် ယှဉ်ပြိုင်ထိုးသတ်စဉ် စောဂေါ်မူဒို၏ ညာဝိုက်လက်သီးများ တူးတူးထိမှန်ခဲ့သလို တူးတူးကန်လုံးများလည်း စောဂေါ်မူဒိုကို ထိမှန်ခဲ့သည်။ပဉ္စမ အချီ အရောက်တွင် တူးတူးက စောဂေါ်မူဒိုကို ထိချက်မှန်သောကန်လုံးထိုးလုံးများဖြင့်ယှဉ်ပြိုင်ထိုးသတ် သဖြင့် စောဂေါ်မူဒို လဲကြပြီး အမှတ်စဉ်ရေတွက်ခဲ့ရပြီးနောက် ယှဉ်ပြိုင်ထိုးသတ်ဘယ်သူဘယ်သူမှ အလဲမထိုးနိုင်ဘဲ သရေပွဲဖြင့်သာ ပြီးဆုံးခဲ့သည်။
အခြားပွဲစဉ်ဖြစ်သည့် သုံးချီအမျိုးသမီးစိန်ခေါ်ပွဲများဖြစ်သည့် မူမူထွေး(မြွေဟောမင်း)နှင့် နော်ချဲဖော၊ ချယ်ရီ(မြွေဟောက်မင်း)နှင့် နော်စုစုမြတ် (အားကာ သိပံ္ပ-ရန်ကုန်)တို့က သရေသုံးချီအမျိုးသားစိန်ခေါ်ပွဲ၌ သားချောလှ (ရက္ခမဏ္ဍိုင်)နှင့် ထွန်းမင်းအောင်(ထွန်းထွန်းမင်းကလပ်) သရေ၊ လေးချီစိန်ခေါ်ပွဲများဖြစ်သည့် ထွန်းလွင်မိုး(နဂါးဟန်)နှင့် စာသူရိန်(သတ္တိ)၊ ကျားဗဟိန်း(အလင်းရောင်)နှင့် မျိုးမာန်သစ်(STL)၊ သိန်းစိုး(T&T) နှင့် မိုက်မိုက်(STL)တို့ ပွဲစဉ်များ၌လည်း သရေအသီးသီးကြခဲ့သည်။
ငါးချီစိန်ခေါ်ပွဲများ၌ ရဲသွေးနီ (တောင်ကလေး)က ကျော်ဝင်းအောင(T&T) ကို အနိုင်၊ စောမိုက်ရိုင်း (ရွှေဖူး)က စောလှကြည်ထူး(ကောင်ကလေး) ကိုနိုင်၊ ဖျံသွေး(အောင်မြန်မာ)က ရှမ်းကို(T&T) ကို နိုင်ခဲ့ ပြီး သွေးသစ်အောင် (နဂါးနီ)နှင့် စိုးလင်းဦးတို့က သရေကျခဲ့သည်။

No comments:

Post a Comment