Monday, September 28, 2015

ရန်ကုန်ပြည်သူ့ဆေးရုံကြီး ပင်မဆောင်ပြုပြင်မှု နိုဝင်ဘာလအပြီးဆောင်ရွက်မည်




ရန်ကုန် စက်တင်ဘာ ၂၇
ရန်ကုန်ပြည်သူ့ဆေးရုံကြီးပင်မဆောင် ပြုပြင်မှုကို နိုဝင်ဘာလအပြီး ဆောင်ရွက်ရန် လျာထားကြောင်း ဆေးရုံအုပ်ကြီး ဒေါက်တာအေးကိုကိုက ပြောသည်။
''ပင်မဆောင်ကြီးဆိုရင် ကိုလိုနီခေတ်က အဆောင် ကြီးပါ။ အဲဒီဟာက ၇ဝရာခိုင်နှုန်းပြီးသွားပြီ။ ကျန်တဲ့ ၃ဝ ရာခိုင်နှုန်းကို ဆက်ပြီးပြင်နေတယ်။ နိုဝင်ဘာလမှာ ပြီးဖို့လျာထားပါတယ်''ဟု ၄င်းကပြောသည်။

ရန်ကုန်ပြည်သူ့ဆေးရုံကြီးကို တိုးချဲ့ပြုပြင်မွမ်းမံရေးနှင့် အဆင့်မြှင့်တင်ရေးလုပ်ငန်းများလုပ်ဆောင်နေကာ နှစ်စဉ် ဘတ်ဂျက်တိုးမြှင့်ချထားပေးသော်လည်း ဘဏ္ဍာငွေ လိုအပ်ချက်များရှိကြောင်း သိရသည်။
''ဘတ်ဂျက်ကတော့ နှစ်စဉ်နှစ်စဉ် တိုးပြီးတော့ ချထားပေးပါတယ်။ ကျွန်တော်တို့ဆေးရုံကြီးအနေနဲ့ ဥပဓိရုပ်အပိုင်းမှာ ပင်မဆောင်ကြီးဆိုရင်လည်း နှစ်ပေါင်း တစ်ရာကျော် ဖြစ်နေပြီဆိုတော့ ပြန်လည်ပြုပြင်မွမ်းမံ ရေးလုပ်ငန်းတွေ ပြန်လုပ်နေတယ်။ လူနာတွေကလည်း နှစ်စဉ်တိုးတက်များပြားလာတဲ့အတွက်ကြောင့် ဒီဘဏ္ဍာ ငွေအနေနဲ့ကလည်း နှစ်စဉ်လိုအပ်ချက်တွေ ဆက်ပြီး ရှိနေပါသေးတယ်'' ဟု ၄င်းက ဆက်လက်ပြောသည်။
အဆိုပါရန်ကုန်ပြည်သူ့ဆေးရုံကြီးတိုးချဲ့ ပြုပြင်မွမ်းမံ ရေးနှင့် အဆင့်မြှင့်တင်ရေးလုပ်ငန်းများဖြစ်သည့် ပင်မ ဆောင် ပြုပြင်မွမ်းမံခြင်း၊ တိုးချဲ့ငါးထပ်ဆောင်ဆောက်လုပ်ခြင်း၊ Cyclotron Pet CT တည်ဆောက်ခြင်း၊ ဆေး သိုလှောင်ရုံတည်ဆောက်ခြင်း၊Transformers သုံးလုံး ဖြည့်စွက်တပ်ဆင်ခြင်း စသည်တို့ကို ၂ဝ၁၃-၂ဝ၁၄ ဘဏ္ဍာ ရေးနှစ်မှစ၍ လုပ်ဆောင်ခဲ့ကြောင်း ရန်ကုန်ပြည်သူ့ ဆေးရုံကြီးမှ လက်ထောက်ဆေးရုံအုပ် ဒေါက်တာ သူရက ပြောသည်။
ရန်ကုန်ပြည်သူ့ဆေးရုံကြီးအတွက် ကျန်းမာရေး အသုံးစရိတ်အဖြစ် ၂ဝ၁၃-၂ဝ၁၄ ဘဏ္ဍာရေးနှစ်တွင် ကျပ်သိန်းပေါင်း ၉၇ဝဝဝနှင့် ၂ဝ၁၄-၂ဝ၁၅ ဘဏ္ဍာရေး နှစ်တွင် ကျပ်သိန်းပေါင်း ၁၆ဝဝဝဝ တိုးမြှင့်ချထားပေး ခဲ့ကြောင်းသိရသည်။
(သီရိ)

No comments:

Post a Comment