Wednesday, September 2, 2015

နိုင်ငံတကာအဆင့်မီ အချက်ပြမီးပွိုင့်စနစ်များအဖြစ် ပြောင်းလဲတပ်ဆင်မည်




ရန်ကုန် စက်တင်ဘာ ၁
ရန်ကုန်မြို့တော်စည်ပင်သာယာနယ်နိမိတ်အတွင်းရှိ ခေတ်မမီဘဲကျန်ရှိနေသော အချက်ပြမီးပွိုင့် ၁၅၄ ခုအား နိုင်ငံတကာအဆင့်မီအချက်ပြ မီးပွိုင့်စနစ် များအဖြစ် အဆင့်မြှင့်တင်ပြောင်းလဲတပ်ဆင်နိုင်ရန်အတွက် တင်ဒါရွေးချယ်ခြင်း ကြိုတင်အစည်းအဝေး (PRE TENDERING MEETING) ကို ယနေ့နံနက် ၁ဝ နာရီတွင် ရန်ကုန်မြို့တော်ခန်းမ၌ ကျင်းပရာ တင်ဒါစိစစ်ရွေးချယ်ရေးကော်မတီဥက္ကဋ္ဌ ရန်ကုန်တိုင်းဒေသကြီး ကရင်တိုင်းရင်းသားရေးရာဝန်ကြီး ဦးစောထွန်းအောင်မြင့်က ရန်ကုန်မြို့အတွင်းတပ်ဆင်မည့် အချက်ပြမီးပွိုင့်များကို နိုင်ငံတကာတင်ဒါစနစ်အတိုင်း ပွင့်လင်းမြင်သာစွာ စနစ်တကျရွေးချယ်ပေး သွားမည်ဖြစ်ကြောင်း ပြောကြားသည်။
ရန်ကုန်မြို့တွင်း အချက်ပြမီးပွိုင့် ၁၅၄ ခုအား နိုင်ငံတကာအဆင့်မီ အချက်ပြမီးပွိုင့်စနစ်များအဖြစ် ပြောင်းလဲတပ်ဆင်ရန် တင်ဒါများခေါ်ယူခဲ့ရာ ပြည်တွင်း ပြည်ပနှင့် JV အပါအဝင် ကုမ္ပဏီပေါင်း ၂၈ ခုအထိ တင်သွင်းလျှောက်ထားကြပြီး တင်ဒါလျှောက်လွှာထပ်မံ တင်သွင်းလိုသူရှိပါက ဆက်လက်လက်ခံပေးသွားမည် ဖြစ်သည်။ တင်ဒါများစိစစ်ရွေးချယ်ရာတွင် တင်ဒါစိစစ်ရေးကော်မတီပညာရှင်အဖွဲ့များက အမှတ်ပေးစနစ်ဖြင့် ရွေးချယ်ပေးမည်ဖြစ်သည်။ ယနေ့ ရန်ကုန်မြို့တွင် ယာဉ် အစီးရေ ၆၅ဝဝဝဝ ကျော်ရှိပြီး ယခင်က တစ်လလျှင် ယာဉ်အစီးရေ တစ်သောင်းကျော် တင်သွင်းရာမှ ကားပါကင်မရှိသူများအား ကားတင်သွင်းခွင့်ကို သက်ဆိုင်ရာမှ တားမြစ်ထားသည့်အတွက် ယခုအခါ တစ်လလျှင် ယာဉ်အစီး ၂ဝဝဝ ကျော်သာ တင်သွင်းလျက် ရှိကြောင်း သိရသည်။
ယခင်က ရန်ကုန်မြို့တွင် တပ်ဆင်ထားသော အချက်ပြမီးပွိုင့်များမှာ တစ်ပွိုင့်နှင့် တစ်ပွိုင့်ဆက်စပ်မှု မရှိခြင်းကြောင့် ယာဉ်ကျပ်တည်းမှုကို အချိန်နှင့် တစ်ပြေးညီလျှော့ချရန် အလွန်ပင်ခက်ခဲမှုရှိကြောင်း၊ ယခု တင်ဒါစနစ်ဖြင့် တပ်ဆင်အသုံးပြုမည့် မီးပွိုင့်စနစ်ကို ရေရှည်အသုံးပြုနိုင်ကာ အနာဂတ်တွင် တိုးတက်များပြား လာမည့် ယာဉ်အစီးအရေအတွက်ကို ကြိုတင်မျှော်မှန်းပြီး ကောင်းမွန်လွယ်ကူစွာ ပြုပြင်ထိန်းချုပ်နိုင်သည့် ဒီဇိုင်း များကို ရွေးချယ်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။
အချက်ပြမီးပွိုင့်စတင်တပ်ဆင်ခြင်းကို နိုဝင်ဘာ ၃ဝ ရက်တွင် စတင်ပြုလုပ်ပြီး ရက်ပေါင်း ၁၈ဝ အတွင်း အပြီး တည်ဆောက်ရမည်ဖြစ်သည်။ အချက်ပြမီးပွိုင့်ဗဟို ထိန်းချုပ်စက်ရုံ တည်ဆောက်မည့်နေရာကို ပြည်သူ့ ဥယျာဉ်အတွင်း နက္ခတ်တာရာပြခန်းအနီး၌ တည်ဆောက် သွားမည်ဖြစ်သည်။
အချက်ပြမီးပွိုင့်တည်ဆောက်မှုအတွက် နိုင်ငံတော် မှ ငွေကျပ်ဘီလီယံ ၂ဝ အသုံးပြုသွားမည်ဖြစ်ပြီး တင်ဒါ အောင်မြင်သော ကုမ္ပဏီများအား မိမိနှစ်သက်ရာ မြို့နယ် အလိုက်ရှိသော အချက်ပြမီးပွိုင့်အရေအတွက်အလိုက် ခွင့်ပြုဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။
(စောသိန်းဝင်း)

No comments:

Post a Comment