Thursday, September 3, 2015

မြန်မာ့အလင်းအယ်ဒီတာ့အာဘော်



 
မွန်းကျပ်ပိတ်ဆို့မှုများနှင့်ရန်ကုန်ခရီးသည်



မြန်မာနိုင်ငံ၏  စီးပွားရေးမြို့တော်ဖြစ်သည့်  ရန်ကုန်မြို့ တွင် လူဦးရေ ခုနစ်သန်းကျော် နေထိုင်လျက်ရှိရာ ယင်းတို့အနက် လူဦးရေသုံးသန်းခန့်သည် အကြောင်းကိစ္စအမျိုးမျိုးဖြင့်  နေ့စဉ် ခရီးသွားနေကြပါသည်။ ရန်ကုန်မြို့နေ  ခရီးသွားပြည်သူများ   သည် ကားစီး၍တစ်ဖုံ၊ ရထားစီး၍တစ်သွယ်၊ ကိုယ်ပိုင်ကားဖြင့် တစ်နည်း ခရီးသွားနေကြပါသည်။ ယင်းတို့တွင် ဘက်စ်ကားဖြင့် သွားရောက်ကြသည့် ခရီးသည်အရေအတွက်သည် အများဆုံးဖြစ် ပါသည်။
ခရီးသည်အများစုသည် မွန်းကျပ်ပိတ်ဆို့မှုများနှင့် ရင်ဆိုင် နေကြရပါသည်။ ယာဉ်ကြောပိတ်ဆို့ခြင်း၊  မီးပွိုင့်များတွင် အချိန် ကြာမြင့်စွာ စောင့်ဆိုင်းရခြင်း၊ ဘတ်စ်ကားခရီးသည် တင်ချမှု အချိန်ကြာမြင့်စွာ စောင့်ဆိုင်းရခြင်းတို့ကြောင့် မွန်းကျပ်ပိတ်ဆို့မှု များနှင့် ကြုံတွေ့နေကြရပါသည်။ အဆိုးရွားဆုံးအချိန်မှာ ရုံးဆင်း၊ ရုံးတက်ချိန်တွင် မွန်းကျပ်ပိတ်ဆို့မှုများကို အခံရဆုံးဖြစ်သည်။ သက်ကြီးရွယ်အိုများ၊ ကလေးငယ်များ၊ ကျန်းမာရေးမကောင်း သူများသည် ဘတ်စ်ကားအတွင်း အချိန်ကြာမြင့်စွာ ပိတ်ဆို့မှုများ ခံနေကြရပါသည်။ ခရီးသည်အယောက် ၁ဝဝ ခန့်သာ တင်ဆောင် နိုင်သော ဘတ်စ်ကားကြီးများသည် ရုံးဆင်း၊ ရုံးတက်ချိန်များတွင် အယောက် ၃ဝဝ၊ ၄ဝဝ တင်ဆောင်နေကြ၍ ငါးပိ ငါးချဉ်သိပ်ထား သကဲ့သို့ မွန်းကျပ်ပိတ်ဆို့မှုများကို အချိန်ကြာမြင့်စွာ ပိတ်ဆို့ခံနေ ကြရပါသည်။
ထိုသို့ခရီးသည်ဘတ်စ်ကားကြီးများ ဥလနမူသေိ  တင် ဆောင်နေခြင်းကို မည်သည့်အဖွဲ့အစည်း၊ မည်သည့်တာဝန်ရှိသူကမျှ ထိုယာဉ်မောင်း၊ ထိုယာဉ်ကိုအရေးယူသည်ဟု မကြားဖူးသေးပါ။ အများအားဖြင့် ရံဖန်ရံခါ ယာဉ်မောင်းများ၏လိုင်စင်များကို စစ်ဆေး နေသည်ကိုသာ တွေ့ရသည်။
ခရီးသည်များ အလွန်အကျွံတင်ဆောင်နေခြင်းသည် နောက် ဆက်တွဲဆိုးကျိုးများစွာရှိ၏။  ယာဉ်မတော်တဆမှုဖြစ်လျှင် ထိခိုက် သေကျေမှုများနိုင်၏။ တီဘီအပါအဝင် အသက်ရှူလမ်းကြောင်း မှ (ဝါ)လေထဲမှ ကူးစက်တတ်သော ရောဂါများခြိမ်းခြောက်လာ ချိန်တွင် ခရီးသည်များ ပြွတ်သိပ်တင်ဆောင်ခြင်းသည် အလွန်စိုးရိမ် ဖွယ်ရာပင် ဖြစ်ပါသည်။
ခရီးသည်အများစု မိနစ် ၂ဝ ဖြင့် သွားရောက်နိုင်မည့် ခရီးသည် ဤကဲ့သို့ ပိတ်ဆို့မှုများကြောင့် အချိန် ၂ နာရီလောက် ကားစီးနေကြရသည်။ ဘတ်စ်ကားအချို့သည်  ခရီးဆုံးမှတ်တိုင် ရောက်အောင်မမောင်းဘဲ လမ်းတစ်ဝက်မှပြန်ကွေ့ခြင်း၊ ယာဉ်စီးခ များပိုတောင်းခြင်း၊ ပုံမှန်လမ်းကြောင်းမဟုတ်ဘဲ ဖြတ်လမ်းများ မှ  မောင်းနှင်ခြင်းတို့ကြောင့် မွမ်းကျပ်ပိတ်ဆို့ခံရသည့်အထဲ အချိန်ကုန်၊ ငွေကုန်၊ လူပန်းမှုများကိုလည်း ရင်ဆိုင်နေကြရပါသည်။
ထိုအတောအတွင်း ဘတ်စ်ကားခရီးသည်ယာဉ်များ၏ ယာဉ် စီးခကို အနည်းဆုံး ကျပ်တစ်ရာမှ အများဆုံး ကျပ်လေးရာအထိ တစ်ပြေးညီကောက်ခံသွားရန် စီစဉ်နေကြောင်း ကြားသိရသည်။  ယာဉ်စီးခများ  တိုးသွားသည့်နည်းတူ ဝန်ဆောင်မှုများ ပို၍ ကောင်းလာပါမည်လားဆိုသည့်  ရန်ကုန်မြို့တွင်  ခရီးသည် သုံးသန်းတို့၏ မေးခွန်းကို မည်သူက တာဝန်ယူ၍ ဖြေဆိုပါမည်နည်း။ ဒီမိုကရေစီခေတ်တွင် အများဆန္ဒ၊ ပြည်သူ့ဆန္ဒသည် အဓိက ဖြစ်သည်ကို သတိမူသင့်သည်။ မကြာမီက အနည်းဆုံး အခကြေးငွေ သတ်မှတ်ရာတွင် အလုပ်ရှင်၊  အလုပ်သမား  အကျေအလည် ညှိနှိုင်းပြီးမှ ဆောင်ရွက်ခဲ့သည်ကို တွေ့ရမည်ဖြစ်ပါသည်။ အများ ဆန္ဒ ခံယူလုပ်ဆောင်ခြင်းသည် ဒီမိုကရေစီစံနှုန်းများကို လိုက်နာ ဆောင်ရွက်ခြင်းပင်ဖြစ်ပါသည်။  သို့ပါ၍  ခရီးသည်များ စိတ်လက်ချမ်းသာစွာဖြင့် သက်သောင့်သက်သာ  သွားလာနိုင်ရေး ဝိုင်းဝန်းကြိုးပမ်းသင့်ပေကြောင်း။    ။

No comments:

Post a Comment