Wednesday, September 2, 2015

မြို့ပတ်ရထားကို အခြေခံလူတန်းစားများသာမက အားထားစီးနင်းသူများပြားလာ





ရန်ကုန်မြို့ပတ်ရထားခရီးစဉ်များကို အခြေခံလူတန်းစားများသာမက ဝန်ထမ်းများနှင့် ကျောင်းသား ကျောင်းသူများပါ အားထားစီးနင်းမှု များပြား လာကြောင်း ရထားပို့ဆောင်ရေးဝန်ကြီးဌာနမှ သိရသည်။
မြို့ပတ်ရထားများ အဆင့်မြှင့်တင်ပြေးဆွဲခြင်းနှင့် ဂျပန်နိုင်ငံမှ လေအေး ပေးစက်ပါRBE ရထားတွဲဆိုင်းများ မြို့ပတ်ရထားခရီးစဉ်များတွင် အစား ထိုး ထည့်သွင်းပြေးဆွဲလာရာတွင် ယခင်က အခြေခံလူတန်းစားများသာ အားထားစီးနင်းနေသော မြို့ပတ်ရထားခရီးစဉ်များကို ရုံးဝန်ထမ်းများနှင့် ကျောင်းသား ကျောင်းသူများပါ စီးနင်းမှုများပြားလာသည်ဟု သိရသည်။
ယာဉ်ကြောပိတ်ဆို့မှုများကြောင့် ရန်ကုန်မြို့ပြ သယ်ယူပို့ဆောင်ရေး လုပ်ငန်းများတွင် နှောင့်နှေးကြန့်ကြာမှုများ၊ အခက်အခဲများ နေ့စဉ်ရင်ဆိုင်လျက် ရှိရာတွင် မြို့ပတ်ရထားခရီးစဉ်များကို ပိုမိုအားထားစီးနင်းလာခြင်းဖြစ်ပြီး ရထားများ၏ သန့်ရှင်းမှုအပိုင်း၊ အဆင့်မြှင့်တင်ပြေးဆွဲနိုင်ရန် ပြင်ဆင်မှုအပိုင်း နှင့် အချိန်မှန်မှန်သွားလာနိုင်ရန် မြန်မာ့မီးရထား၏ ကြိုးပမ်းလာမှုတို့ကြောင့် မြို့ပတ်ရထားစီးနင်းသူများပြားလာသည်ဟု သိရသည်။
''အရင်ကတော့ အခြေခံလူတန်းစားတွေ အားထားစီးနင်းတာပေါ့။ ရထားပို့ဆောင်ရေးက စရိတ်လည်း သက်သာ၊ လူလည်း သက်သာ တယ်။ အခုနောက်ပိုင်းဆိုရင် ယာဉ်ကြော ပိတ်ဆို့တာတွေကြောင့် ရထားနဲ့သွားတာက ပိုအဆင်ပြေတယ်။ ပြီးတော့ အခုဆိုရင်RBE တွဲဆိုင်းတွေနဲ့ အဲကွန်းရထား၊ အထူးရထားတွေ ပြေးဆွဲပေးလာတော့ အခြေခံလူတန်းစားတွေ သာမက ရုံးဝန်ထမ်း၊ ကုမ္ပဏီဝန်ထမ်းတွေ၊ ကျောင်းသား ကျောင်းသူတွေ လူတန်းစား အသီးသီးစီးနင်းလာကြပါပြီ။ မြန်မာနိုင်ငံရဲ့ ရထားစီးနင်းခဟာ အသက်သာဆုံးပါ။
ရထား ပို့ဆောင်ရေးဟာ နိုင်ငံတော်ကနေ ပြည်သူလူထု အတွက် အရှုံးခံစိုက်ထုတ်ပြေးဆွဲပေးနေတဲ့ အများပြည်သူ သယ်ယူပို့ဆောင်ရေးလုပ်ငန်းပါ''ဟု ရထားပို့ဆောင်ရေးဝန်ကြီးဌာန မြန်မာ့ မီးရထားအထွေထွေမန်နေဂျာ (စုံစမ်းစစ်ဆေး ရေး) ဦးဘမြင့်က ပြောသည်။
လက်ရှိ ရန်ကုန်မြို့ပတ်ရထား ခရီးစဉ်များ တွင်RBEတွဲဆိုင်းငါးဆိုင်း ထည့်သွင်းပြေးဆွဲ ခဲ့ပြီး သြဂုတ် ၁၆ ရက်တွင် လေအေးပေးစက်ပါRBE တွဲဆိုင်းသစ်နှစ်ဆိုင်းနှင့်RBT ရထား တွဲဆိုင်း သုံးဆိုင်းကို တစ်ပြိုင်တည်း တိုးချဲ့ပြေး ဆွဲပေးခဲ့သည်။ ဆက်လက်၍ ဂျပန်နိုင်ငံမှ တင်သွင်းလာသည့် ရထားတွဲများအနက် တွဲဆိုင်းနှစ်ဆိုင်းကို ရန်ကုန်မြို့ပတ်ရထား ခရီးစဉ်များတွင် ထပ်မံတိုးချဲ့ပြေးဆွဲသွားရန်ရှိနေပြီး စက်တင်ဘာလအတွင်းတွင် လေအေး ပေးစက်ပါ အဲကွန်းရထားများ အစားထိုးပြေး ဆွဲသွားရန်ရှိကြောင်း မြန်မာ့မီးရထားမှ သိရ သည်။ မြို့ပတ်ရထားခရီးစဉ်များကို နေ့စဉ် လိုက်ပါစီးနင်းသူများအနေဖြင့် လက်မှတ်ဝယ်ယူ စီးနင်းသူ ကိုးသောင်းဝန်းကျင်ခန့်ရှိပြီး လပေးလက်မှတ်ဖြင့်လည်း စီးနင်းသူများရှိ ကြောင်း၊ ကျောင်းသား ကျောင်းသူများ၊ ဝန်ထမ်း များအနေဖြင့် လပေးကတ်ဖြင့် စီးနင်းမှုများပြား ကြောင်း သိရသည်။

[သတင်း - ဆုနှင်းလဲ့
ဓာတ်ပုံ - ဖိုးခွား]

No comments:

Post a Comment