Tuesday, September 29, 2015

ပုဂံတွင် မနူဟာဘုရားကြီး ရွှေသင်္ကန်းနှင့်  နဝကမ္မအတွက် ငွေသွန်းလောင်းလှူပွဲ စည်ကား




The Mirror Daily's photo.


ညောင်ဦး စက်တင်ဘာ ၂၈

ပုဂံရှေးဟောင်းယဉ်ကျေးမှုဒေသမှ မြင်းကပါကျေးရွာရှိ မနူဟာမင်းကြီး ကောင်းမှုတော် မနူဟာဘုရား ဗုဒ္ဓပူဇနိယပွဲတော်ကို တော်သလင်းလဆန်း ၁၄ ရက်မှစတင်၍ ရိုးရာအရုပ်သွင်းပွဲများဖြင့် စည်ကားသိုက်မြိုက်စွာ ကျင်းပ လျက်ရှိပြီး ယနေ့ (တော်သလင်းလပြည့်နေ့)တွင် မြင်းကပါကျေးရွာအုပ်စု အတွင်းရှိ ရပ်ကွက် ခြောက်ရပ်ကွက်မှ ပြည်သူများစုပေါင်းကာ ဘုရားကြီး ရွှေသင်္ကန်းဖိုးနှင့် နဝကမ္မအသုံးပြုနိုင်ရန် ရည်ရွယ်၍ ငွေသွန်းလောင်းလှူပွဲ ကျင်းပခဲ့ကြောင်း သိရသည်။

အဆိုပါ ငွေသွန်းလောင်းလှူပွဲကို မြင်းကပါကျေးရွာအုပ်စုအတွင်းရှိ မြို့ရှေ့၊ မြို့ညွန့်၊ မြို့မ၊ မြို့လယ်၊ စိန်ကုန်း၊ ရွှေခြံရပ်ကွက် ခြောက်ရပ်ကွက်မှ ပူးပေါင်းဆင်နွှဲကြပြီး ရပ်ကွက်တစ်ရပ်ကွက်ချင်းစီမှ ဖွဲ့စည်းထားသည့် ကာလ သားများက အတီး အဆို နရည်းခုံအဖွဲ့များနှင့် အမျိုးသမီးခေါင်းဆောင်များ၊ လှပျိုဖြူ အမျိုးသမီးငယ်များ၊ ကလေးငယ်များက ဝတ္ထုငွေများကို ကိုင်ဆောင် ကာ ရပ်ကွက်မှသည် ဘုရားကြီးသို့အရောက်စီတန်းလှည့်လည်ကာ သွားရောက် လှူဒါန်းကြသည်။

အဆိုပါငွေသွန်းလောင်းလှူပွဲတွင်ပါဝင်ဆင်နွှဲသည့် ရပ်ကွက် ခြောက် ရပ်ကွက်မှ အဖွဲ့ခြောက်ဖွဲ့အား ခရိုင်အမျိုးသမီးရေးရာအဖွဲ့က မြန်မာဆန်ဆန် ဝတ်စားဆင်ယင်ထုံးဖွဲ့မှု၊ စည်းလုံးညီညွတ်မှု၊ ဖျော်ဖြေမှုများကို အကဲဖြတ်၍ အကောင်းဆုံး အဖွဲ့သုံးဖွဲ့ရွေးချယ်ကာ ပထမ၊ ဒုတိယ၊ တတိယဆုများရွေးချယ် ချီးမြှင့်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။ ငွေသွန်းလောင်းလှူပွဲသို့ ညောင်ဦး ခရိုင် အုပ်ချုပ်ရေးမှူး ဦးတင်ထူးမောင်၊ ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ ခရိုင်အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌ ဒေါ်ခင်ညီလာကျော်နှင့် အဖွဲ့ဝင်များ၊ နိုင်ငံခြားခရီးသွားဧည့်သည်များ၊ ပြည်တွင်းဘုရားဖူးဧည့်သည်များနှင့် ညောင်ဦး (ပုဂံ) မြို့နယ်အတွင်းရှိပြည်သူများ လာရောက်ကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။
ရဲသူရအောင် (ညောင်ဦး)

No comments:

Post a Comment