Wednesday, September 2, 2015

လေဗာကူဆင်သို့အပြီးသတ်ပြောင်းရွှေ့သွားသည့်မန်ယူတိုက်စစ်မှူး ဟာနန်ဒက်ဇ်၊ မိုနာကိုတိုက်စစ်မှူးမာရှယ်လ်အားခေါ်ယူရန် မန်ယူသဘောတူညီမှုရခဲ့ပြီ




မန်ယူတိုက်စစ်မှူးဟာနန်ဒက်ဇ်သည် ဂျာမနီ ကလပ်ဘိုင်ယန်လေဗာကူဆင်သို့ ပေါင် ၇ ဒသမ ၃ သန်းဖြင့် အပြီးသတ် ပြောင်းရွှေ့သွားခဲ့ပြီဖြစ်သည်။ အသက်(၂၇) နှစ်အရွယ်ရှိ မက္ကဆီကိုတိုက်စစ်မှူးမှာ မန်ယူက ဆွမ်ဆီး အားနှစ်ဂိုး-တစ်ဂိုးဖြင့်ရှုံးနိမ့်ခဲ့သော ပွဲတွင်လည်းအရန်ခုံ၌ သာထိုင်နေခဲ့ရပြီး ယခုနှစ်တွင် မန်ယူ၏ ပထမပွဲထွက် ကစားသမားအဖြစ် တစ်ပွဲမျှပွဲထွက်ကစားခွင့်မရရှိခဲ့ပေ။
ဟာနန်ဒက်ဇ်နှင့် လေဗာကူဆင်တို့အကြားသုံးနှစ်စာချုပ်သက်တမ်း ချုပ်ဆိုခဲ့ခြင်းဖြစ်ပြီး သူ၏ မန်ယူကစား ဖော်ဂျာနျူဇက်မှာလည်း ဘွန်ဒက်စ်လီဂါကလပ် ဒေါ့မွန်သို့အငှားစာချုပ်ဖြင့်ပြောင်းရွှေ့သွားခဲ့ပြီဖြစ်ရာ သူတို့နှစ်ဦး မှာ ဘွန်ဒက်စ်လီဂါ၌ ပြိုင်ဘက်များအသွင်ဖြင့်ပြန်လည် ရင်ဆိုင်ရတော့မည်ဖြစ်သည်။ ထို့ပြင် အသက်(၃၁)နှစ် အရွယ်ရှိ မန်ယူဂိုးသမား လင်ဒီဂတ်မှာလည်း ဝက်စ်ဘရွန်း သို့ နှစ်နှစ်စာချုပ်ဖြင့် ပြောင်းရွှေ့သွားခဲ့ပြီဖြစ်သည်။
ဟာနန်ဒက်ဇ်သည် သူ၏ မွေးရပ်မြေကလပ် ဂူဒါလာ ဂျာရာမှ မန်ယူသို့ ၂ဝ၁ဝခုနှစ်တွင် ပြောင်းရွှေ့လာခဲ့ ပြီးနောက် ပွဲပေါင်း၁၅၆ပွဲ ဝင်ရောက်ကစားခဲ့ရာ သွင်းဂိုး ၅၉ ဂိုးသွင်းယူပေးနိုင်ခဲ့သူဖြစ်သည်။ သို့သော် ဟာနန် ဒက်ဇ်မှာ ပြီးခဲ့သည့်ဘောလုံးရာသီတွင် ရီးယဲလ်၌ အငှား စာချုပ်ဖြင့်သာ ကစားနေခဲ့ရပြီး ယခုနှစ်မန်ယူသို့ ပြန်လည် ရောက်ရှိချိန်တွင်လည်း အရန်ခုံတွင်သာ အချိန်ကုန်နေရ ခြင်းကြောင့် အသင်းပြောင်းရွှေ့ရန်ဆုံးဖြတ်ခဲ့ခြင်းဖြစ်သည်။
ထို့ပြင် မန်ယူမှာ အသက်(၁၉)နှစ်သာရှိသေးသော မိုနာကိုတိုက်စစ်မှူးမာရှယ်လ်အား ပေါင်၃၆သန်းဖြင့် အပြောင်း အရွှေ့နောက်ဆုံးနေ့ရက်တွင် အပြီးသတ်ခေါ်ယူနိုင်ခဲ့ပြီ ဖြစ်သည်။ မာရှယ်လ်အား အာဆင်နယ်ကလည်းခေါ်ယူရန် ချိတ်ဆက်နေသော်လည်း ကစားသမားမှာ မန်ယူအသင်းနှင့် ဆေးစစ်ချက်ပြုလုပ်ရန် မန်ချက်စတာမြို့သို့ သြဂုတ် ၃၁ ရက်တွင် ရောက်ရှိနေခဲ့ပြီဖြစ်သည်။ ထိုသို့ ဈေးနှုန်း မြင့်မားသည့်အပြောင်းအရွှေ့ကြောင့် မာရှယ်လ်သည် တန်ဖိုးအကြီးဆုံးဆယ်ကျော်သက် ကစားသမားအဖြစ် မှတ်တမ်းဝင်ခဲ့သလို ဂျူအန်မာတာနှင့် ဒီမာရီယာတို့ကဲ့သို့ မန်ယူ၏ ဈေးအကြီးဆုံး ခေါ်ယူမှုတစ်ခု လည်းဖြစ်ခဲ့သည်။
သို့သော် မာရှယ်လ်မှာ အွန်နရီကဲ့သို့ပင် ဗဟိုနှင့် တောင်ပံတိုက်စစ်နေရာနှစ်ခုလုံးတွင် ကစားနိုင်သူဖြစ်သလို အရပ်အနည်းငယ်ပုသော်လည်း လျှပ်စီးကဲ့သို့လျင်မြန်စွာ ကစားနိုင်သူဖြစ်သောကြောင့် မန်ယူအနေဖြင့် မှန်ကန် သည့် ခေါ်ယူမှုတစ်ရပ်ပြုလုပ်နိုင်ခဲ့ခြင်းဖြစ်သည်ဟု အားကစားကျွမ်းကျင်သူများက သုံးသပ်ကြသည်။
ရွိုင်ယန်ဟေဒင်-စုစည်းသည်

No comments:

Post a Comment