Wednesday, September 2, 2015

ကမ္ဘာမြေထိန်းသိမ်းစောင့်ရှောက်စို့


သဘာဝပတ်ဝန်းကျင် တစ်စတစ်စယိုယွင်းပျက်စီးလာသည်မှာ အမှန် ဖြစ်သည်။ ယိုယွင်းပျက်စီးလာခြင်းသည် နှစ်စဉ်တိုးပွားနေသော ကမ္ဘာ့လူဦးရေနှင့်အတူ စားနပ်ရိက္ခာလိုအပ်ချက် မြင့်တက်နေသော ကြောင့်ဖြစ်သည်။ လူဦးရေတိုးပွားခြင်းသည် မြေသယံဇာတအရင်း အမြစ်များအပေါ် မှီခိုသက်ရောက်မှုမြင့်မားသည်။
လူဦးရေတိုးပွားခြင်းနှင့်အတူ အစားအစာ၊ ရေ၊ စွမ်းအင်နှင့် လောင်စာ လိုအပ်ချက်တိုးပွားလာသည်။ လူဦးရေတိုးပွားနှုန်းကိုကြည့်၍ ၂ဝ၅ဝ ခုနှစ် တိုင်အောင် နှစ်စဉ်နှစ်တိုင်း မြေနေရာသစ် ဟက်တာခြောက်သန်းခန့် ထပ်မံဖော်ထုတ်ရန်လိုအပ်ကြောင်း ခန့်မှန်းထားသည်။ မြေနေရာသစ်များ ဖော်ထုတ်ခြင်းသည် ဇီဝမျိုးစုံမျိုးကွဲများ လျော့နည်းစေခြင်း၊ ဖန်လုံအိမ် ဓာတ်ငွေ့များ ထုတ်လွှတ်ခြင်းကို ပိုမိုဖြစ်ပေါ်စေနိုင်သည့် အကျိုး သက်ရောက်မှုရှိပါသည်။
လက်ရှိအခြေအနေတွင် မြေဆီလွှာပျက်စီးဆုံးရှုံးမှုပမာဏသည် ပိုမို လျင်မြန်စွာဆုံးရှုံးနေသည်ကို တွေ့နေရသည်။ နှစ်စဉ်နှစ်တိုင်း မြေဧရိယာ ဟက်တာပေါင်း ၁၂ သန်းခန့် မြေဆီလွှာအရည်အသွေးကျဆင်းမှုနှင့် ရင်ဆိုင်နေရပါသည်။ မြန်မာနိုင်ငံတွင် ရေကြီးရေလျှံဖြစ်စဉ်ကြောင့် ရေစီး နှင့်အတူ မြေဆီလွှာများ တိုက်စားပျက်စီးဆုံးရှုံးမှုဖြစ်ခဲ့သည်ကို မြင်တွေ့ရ မည်ဖြစ်သည်။
မြေဧရိယာ ဟက်တာ ၁၂ သန်း မြေဆီလွှာအရည်အသွေးကျဆင်းခြင်းသည် သီးနှံတန်ချိန် သန်း ၂ဝ ခန့် ထုတ်လုပ်မှုကျဆင်းခြင်းနှင့်ညီမျှပါသည်။ ၂ဝ၁၅ ခုနှစ်အလွန် ဖွံ့ဖြိုးတိုးတက်မှုအစီအစဉ်တွင် မြေစဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက် ရေးရည်မှန်းချက်ကို ထည့်သွင်းထားသည်။ မြေအရည်အသွေးလျော့ကျမှုမြင့်မား လာခြင်းကို တားဆီးကာကွယ်ရန်၊ အရည်အသွေးကျဆင်းနေသည့် မြေများအား ပြန်လည်ကောင်းမွန်လာစေရန်၊ လူသားများကြောင့် မြေ တစ်ဟက်တာအရည် အသွေးလျော့ကျသွားပါက အစားထိုးအနေဖြင့် ထိုမြေ တစ်ဟက်တာအရည် အသွေးအား ချက်ချင်းပြန်လည်ကုစားပေးရန်တို့ကို အလေးထား လုပ်ဆောင်ကြ မည်ဟုဆိုကြသည်။
မြေအရည်အသွေးကောင်းမွန်စေခြင်းသည် ထိရောက်သော မြေဆီသြဇာ နှင့် ရေစီမံခန့်ခွဲခြင်း၊ မြေဆီလွှာအတွင်း ကာဗွန်ပါဝင်မှုများပြားခြင်း၊ ဖျက်ပိုးနှင့် ရောဂါပိုးများအား သဘာဝအတိုင်း ထိန်းချုပ်နိုင်ခြင်းနှင့် မြေဆီလွှာတိုက်စား ခံရမှုမှ လျော့နည်းစေခြင်း စသည့် အကျိုးကျေးဇူးများ ရနိုင်ပါသည်။ ထို့ကြောင့် နိုင်ငံအများတွင် မြေဆီလွှာထိန်းသိမ်းခြင်းကို ဦးစားပေးဆောင်ရွက်ကြ သည်ကို တွေ့ရပါသည်။
ဓာတ်မြေသြဇာ၊ ပိုးသတ်ဆေး၊ ပေါင်းသတ်ဆေး စသည်တို့ကို ထိရောက် မှန်ကန်စွာသုံးစွဲနိုင်မည်ဆိုပါက မြေအရည်အသွေးလျော့နည်းလာခြင်းကြောင့် လယ်သမားများ လယ်ယာလုပ်ငန်းခွင်မှ စွန့်ခွာသွားရသည့် ဖြစ်စဉ်များ လျော့နည်းလာပြီး ရာသီဥတုပြောင်းလဲမှုဒဏ်ကို ပိုမိုခုခံကာကွယ်နိုင်မည် ဖြစ်သည်။ စားနပ်ရိက္ခာဖူလုံရေးတွင် ဇီဝမျိုးစုံမျိုးကွဲများဖွံ့ဖြိုးရေးကို ဆောင်ရွက်သွားရန်လိုပါသည်။
နိုင်ငံတကာမြေဆီလွှာပြုမူပြောင်းလဲမှုပုံစံများ၊ သုံးစွဲခြင်း၊ ထုတ် လုပ်ခြင်းနှင့် စီးပွားရေးအခွင့်အလမ်းများ ဖန်တီးပေးခြင်းတို့ကို သမားရိုးကျ နည်းဖြင့်သာဆောင်ရွက်သွားမည်ဆိုပါက အနာဂတ်ကာလတွင် လူသား တို့လိုအပ်ချက်ကို ဖြည့်ဆည်းပေးနိုင်မည့် ဂေဟစနစ်ကို ရရှိနိုင်မည်မဟုတ်ပါ။ ၂ဝ၁၅ ခုနှစ်သည် မြေဆီလွှာ ပျက်စီးမှုထိန်းသိမ်းကာကွယ်ရေးနှင့် မြန်မာ နိုင်ငံ၏အနေအထားများက တိုက်ဆိုင်မှုရှိလာသည်။ အရည်အသွေး ကောင်းမွန်သော မြေဆီလွှာများ ပြန်လည်ရရှိအောင် ကြိုးပမ်းဆောင်ရွက်သွား မည်ဟု သန္နိဋ္ဌာန်ပြုထားကြသည်။
သို့မှသာ စားနပ်ရိက္ခာဖူလုံမှု၊ ရာသီဥတုပြောင်းလဲမှုတို့ကို ကြံ့ကြံ့ခံနိုင် မည်ဖြစ်သည်။ မြေဆီလွှာပျက်စီးဆုံးရှုံးပါက လူသားတို့၏လူ့သက်တမ်းကို လည်း ထိခိုက်လာနိုင်သည်။ မြေဆီလွှာကောင်းလျှင် သက်ရှိများ ရှင်သန် ရပ်တည်နိုင်ကြပြီး မြေဆီလွှာပျက်စီးလျှင် သက်ရှိများလည်း ပျက်စီးပြုန်းတီး သွားမည်ဖြစ်သည်။ လက်ရှိတွင် ဖြစ်ပေါ်နေသော မြေဆီလွှာပျက်စီး ဆုံးရှုံးမှုကို ပြန်လည်ထိန်းသိမ်းခြင်းမပြုနိုင်ပါက အနာဂတ်တွင် လူသားများ အသက်ရှင်သန်ရပ်တည်နိုင်ရေးအတွက် များစွာအခက်အခဲရှိမည်ဖြစ်သည်။ ထို့ကြောင့် လူသားများအသက်ရှင်ဖို့ မြေဆီလွှာကို ထိန်းသိမ်းစို့ဟု တိုက်တွန်း ချင်ပါသည်။ ။

No comments:

Post a Comment