Tuesday, September 29, 2015

ရေငန်ကကတစ်ငါးကို ရေချိုတွင်စမ်းသပ်မွေးမြူရာ တွက်ခြေကိုက်အောင်မြင်သော်လည်း ငါးမျိုးရရန်အခက်အခဲရှိ



The Mirror Daily's photo.

ရန်ကုန် စက်တင်ဘာ ၂၈

ရေငန်ငါးမျိုးစိတ်တစ်မျိုးဖြစ်သည့် ကကတစ်ငါးကို ရေချို၌စမ်းသပ်မွေးမြူရာတွင် တွက်ခြေကိုက်လျက်ရှိသော်လည်း ငါးမျိုးရရှိရန်ခက်ခဲနေကြောင်း ကိုယ်တိုင် မွေးမြူသူများ၏ပြောကြားချက်အရသိရသည်။

အဆိုပါ ကကတစ်ငါးများကို ဥက္ကံမြို့နယ် ဥက္ကာမောင် ငါးမွေးမြူရေးစခန်း၌ လုပ်ငန်းရှင်တစ်ဦးက USAID အကူအညီဖြင့်စတင် စမ်းသပ်မွေးမြူခဲ့ခြင်းဖြစ်ပြီး လေးလက်မအရွယ်ငါးသားပေါက်များကို ကန်ထဲထည့်ပြီး လေးလခွဲအကြာတွင် အလေးချိန် ၃၅ ကျပ်သားမှ ၆ဝ သားအထိ ရရှိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

သို့သော် အဆိုပါ ကကတစ်ငါးကို ထပ်မံမွေးမြူနိုင်ရန် အတွက် ငါးမျိုးရရှိရန် အတွက် ခက်ခဲနေကြောင်းကို ဥက္ကာမောင် သားငါးထုတ်လုပ်ရေးနှင့် အထွေထွေ စီးပွား ရေးလုပ်ငန်းစု ဥက္ကဋ္ဌ ဦးမျိုးအောင်က ''ကကတစ်ကို ရေချို မှာမွေးတာ ဘယ်လောက်အောင်မြင်သလဲဆို တစ်ရာ ရာခိုင်နှုန်းအောင်မြင်တယ်။ လေးလခွဲ ကန်ဖော်ချိန်မှာ ၃၅ ကျပ်သားရှိရမယ်လို့မှန်းပေမယ့် ၆ဝ သား လောက်တွေပါရတယ်။ အကောင် ၁ဝဝဝ ထည့်တာ ၉၇ဝ ပြန်ရတယ်။ အခြား ငါးတန်တို့ ငါးမြစ်ချင်းတို့က တစ်နှစ်ခွဲမွေးမှ ခြောက်ဆယ်သားရတာ၊ ဈေးကွက် ပြန်ရောင်းတော့လည်း ဈေးခြင်းကွာတယ်။ ဒါပေမယ့် ပြဿနာက ကကတစ် သားပေါက်က ဝယ်ရခက်တယ်၊ လိုသလောက်လည်းမရဘူး။ ထောင်ဂဏန်းလောက် ကိုတောင် သုံးလလောက်ကြိုမှာရတာ၊ ဒီကကတစ်က ငါးမွေးမြူရေးလုပ်ငန်းမှာ တကယ်ကို စီးပွားဖြစ်မွေးလို့ရတာ၊ ငါးမျိုးအလွယ်တကူရအောင် သက်ဆိုင်ရာက လုပ်ပေးသင့် တယ်။ အခုက United KMK ကုမ္ပဏီ တစ်ခုတည်းကပဲ မြိတ်ဖက်မှာ မွေးနိုင်သေးတယ်'' ဟုရှင်းပြသည်။

ထို့အပြင် ကကတစ်ငါးကို ကျွေးသည့်အစာနှင့် ပတ်သက်၍လည်း ''အစာက ထိုင်းက ဝယ်ရတယ်။ ထိုင်း မှာက အစာတစ်အိတ်ကို မြန်မာငွေနဲ့ဆို ၂၆ဝဝဝ ပဲရှိတယ်။ ဒီမှာတစ်အိတ်ကို ၄ဝဝဝဝ ပေးရတယ်။ ဒီကအစာတွေက ကြီးထွားနှုန်းတွေဘာတွေ အာမခံမရှိဘူး။ ထူးသစ်ကတော့ ကကတစ်အစာကို ထုတ် နိုင်အောင် ကြိုးစားနေတယ်။ နောက်နှစ်လောက်ဆိုရင်တော့ ရနိုင်တယ်။ ခက်တာက သားပေါက်ပဲ'' ဟု ဆက်လက်ပြော သည်။

ငါးမြစ်ချင်းငါးကို တစ်နှစ်ခွဲမွေး၍ တစ်ပိဿာလျှင် နှစ်ရာကျပ်မြတ်ရန် မသေချာသော်လည်း အဆိုပါ ကကတစ် ကိုလေးလခွဲမွေးရုံဖြင့် တစ်ပိဿာလျှင် နှစ်ထောင်ခန့် အမြတ်ရသည့်အတွက် ငါးမွေးမြူရေးလုပ်ငန်းရှင်များနေ ဖြင့် ကကတစ်ငါးကို မွေးမြူရန် စိတ်ဝင်စားလျက်ရှိကြောင်း သိရသည်။

ယခုမွေးမြူအောင်မြင်ခဲ့သည့် ကကတစ်ငါးသည် ပြည်ပဈေးကွက်တွင်သာမက ပြည်တွင်း၌ပါဈေးကွက်ရှိ ကြောင်းသိရပြီး ပေါများစွာမွေးမြူနိုင်ပါက ပြည်ပမှတင် သွင်းနေရခြင်းမှ သက်သာလာမည်ဖြစ်ကြောင်းလည်း သိရသည်။
သီဟသူ

No comments:

Post a Comment