Wednesday, September 2, 2015

သဘာဝဘေးအန္တရာယ်ကာကွယ်ရေးအတွက် သီးသန့်ရန်ပုံငွေမှ ငွေကျပ် ၄ ဒသမ ၄၄၄ ဘီလီယံ သုံးစွဲပြီးဖြစ်




နေပြည်တော် စက်တင်ဘာ ၁
မြန်မာနိုင်ငံတစ်ဝန်းလုံးတွင် ဇွန်၊ ဇူလိုင်နှင့် သြဂုတ်လတို့အတွင်း မုန်တိုင်းရိုက်ခတ်မှုနှင့် မိုး သည်းထန်စွာရွာသွန်းခဲ့မှုကြောင့် တိုင်းဒေသကြီးနှင့် ပြည်နယ်အချို့တွင် ရေကြီးရေလျှံမှုများ၊ မြေပြိုမှုများ စသည့် သဘာဝဘေးအန္တရာယ်များဖြစ်ပွားခဲ့ရာ ထိခိုက် ပျက်စီးမှုပမာဏ ကြီးမားခဲ့သဖြင့် ပြုပြင်တည်ဆောက်ရေး၊ ပြန်လည်ထူထောင်ရေးနှင့် သဘာဝဘေးအန္တရာယ် ကာကွယ်ရေးလုပ်ငန်းများဆောင်ရွက်ရန် သဘာဝ ဘေးအန္တရာယ် ကာကွယ်ရေးအတွက် သီးသန့်ရန်ပုံငွေမှ ငွေကျပ် ၈၄ ဒသမ ၄၄၄ ဘီလီယံ သုံးစွဲခဲ့ပြီးဖြစ်ကြောင်း သိရသည်။
အဆိုပါ သဘာဝဘေးအန္တရာယ်ကျရောက်ခဲ့သော ချင်းပြည်နယ်၊ စစ်ကိုင်းတိုင်းဒေသကြီး၊ မကွေးတိုင်း ဒေသကြီးနှင့် ရခိုင်ပြည်နယ်တို့တွင် ထိခိုက်ပျက်စီးမှုပမာဏ ကြီးမားခဲ့သဖြင့် မူလအခြေအနေသို့ ပြန်လည်ရောက်ရှိ ရေးအတွက် နိုင်ငံတော်သမ္မတရုံးမှ ၂ဝ၁၅ ခုနှစ် ဇူလိုင် ၃၁ ရက်တွင် ကြေညာချက်အမှတ် ၁/၂ဝ၁၅ ကို ထုတ်ပြန်ခဲ့ပြီး အလားတူ ရေကြီးရေလျှံမှုများနှင့် သဘာဝဘေးကျရောက်ခဲ့သော ပဲခူးတိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ ကချင်ပြည်နယ်၊ ကရင်ပြည်နယ် နှင့် မွန်ပြည်နယ်တို့တွင်လည်း အမျိုးသားသဘာဝ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီက ဦးဆောင် ၍ လုပ်ငန်းစဉ်သုံးရပ်ဖြင့် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည်။
ထိုသို့ ဆောင်ရွက်ရာတွင် လုပ်ငန်းစဉ်(၁)အရ ဘေးမဖြစ်မီ ထိခိုက်ဆုံးရှုံးမှုနည်းပါးစေရန် ဆောင်ရွက် ခြင်း၊ လုပ်ငန်းစဉ်(၂)အရ ဘေးဖြစ်ပွားနေစဉ် ဘေးလွတ်ရာ ရွှေ့ပြောင်းခြင်း၊ ရှာဖွေကယ်ဆယ်ခြင်း၊ အရေးပေါ် ကယ်ဆယ်ထောက်ပံ့ခြင်းနှင့် လုပ်ငန်းစဉ်(၃)အရ မူလ အခြေအနေကို ပြန်လည်ရောက်ရှိစေရန်အတွက် ပြန်လည်တည်ဆောက်ခြင်း၊ ပြန်လည်နေရာချထားခြင်း၊ ပြန်လည်ထူထောင်ခြင်းလုပ်ငန်းများကို အရှိန်အဟုန် မြှင့် ဆောင်ရွက်နိုင်ရန်အတွက် သီးသန့်ရန်ပုံငွေမှ ခွင့်ပြုပေးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
(သတင်းစဉ်)

No comments:

Post a Comment