Wednesday, September 2, 2015

ငြိမ်းချမ်းရေးဖြစ်စဉ်သည် မြန်မာနိုင်ငံသားတိုင်းနှင့် သက်ဆိုင်သည့်ကိစ္စဖြစ်




နိုင်ငံတော်သမ္မတပြောကြားသည့် ရေဒီယိုမိန့်ခွန်
(1.9.2015)
မိဘပြည်သူများခင်ဗျား-
ကျွန်တော်တို့ နိုင်ငံရဲ့လက်ရှိအခြေအနေများကို မိဘပြည်သူများထံ ရေဒီယိုကနေတစ်ဆင့် အသိပေးပြောကြားနေကျဖြစ်တဲ့အတိုင်း သြဂုတ်လ အတွင်း မြန်မာနိုင်ငံရဲ့ ပြုပြင်ပြောင်းလဲမှုများကို ပြောကြားရခြင်းဖြစ်ပါတယ်။
ဇူလိုင်လနဲ့ သြဂုတ်လအတွင်း ပြည်နယ်နဲ့တိုင်းဒေသကြီးအချို့မှာ ရေကြီး ရေလျှံတဲ့အန္တရာယ်ကို ဆိုးဆိုးရွားရွား ရင်ဆိုင်ကြုံတွေ့ခဲ့ရပါတယ်။ အခု ရင်ဆိုင်ကြုံတွေ့ခဲ့ရတဲ့ ရေလွှမ်းမိုးမှုဖြစ်စဉ်တွေကို ရင်ဆိုင်တုံ့ပြန်ရာမှာ ကျွန်တော်တို့နိုင်ငံအနေနဲ့ အတွေ့အကြုံနဲ့ အရင်းအမြစ်မလုံလောက်မှုတွေ ကြားကပဲ ပြည်သူလူထုတစ်ရပ်လုံးရဲ့ စိတ်ဓာတ်ခွန်အားနဲ့ အကောင်းဆုံး ရင်ဆိုင်ခဲ့ရခြင်းဖြစ်ပါတယ်။ တိုင်းပြည်မှာ အခက်အခဲကြုံတဲ့အခါ နိုင်ငံသား အချင်းချင်းကူညီရိုင်းပင်းမှုဆိုတဲ့ မြန်မာ့ဓလေ့ကို ဒီဖြစ်စဉ်မှာ ဂုဏ်ယူစွာ တွေ့မြင်ခဲ့ရပါတယ်။ အထူးသဖြင့်တော့ တိုင်းပြည်အပေါ်မှာ အစဉ်တာဝန် ကျေခဲ့တဲ့ လူငယ်ထုတွေရဲ့အခန်းကဏ္ဍကို တွေ့မြင်ခဲ့ရပါတယ်။ ကျွန်တော် တို့နိုင်ငံ ရင်ဆိုင်ခဲ့ရတဲ့ ရေကြီးရေလျှံမှုဖြစ်စဉ်မှာ တစ်တိုင်းပြည်လုံး အတိုင်း အတာနဲ့ နိုးကြားစွာ 
ပါဝင်လာဖို့အတွက် လူငယ်တွေဟာ သူတို့တတ်နိုင်တဲ့ အတိုင်းအတာ အတွင်းကနေ စိတ်ကူးစိတ်သန်းအသစ်တွေနဲ့ မမောနိုင်မပန်းနိုင် ကြိုးပမ်း လှုံ့ဆော်ခဲ့ကြပါတယ်။ တစ်ဆက်တည်းမှာပဲ အရပ်ဘက်လူမှုအဖွဲ့အစည်း များ၊ တပ်မတော်တပ်ရင်းတပ်ဖွဲ့များ၊ ရဲတပ်ဖွဲ့၊ မီးသတ်တပ်ဖွဲ့၊ အစိုးရအဖွဲ့ အစည်းများဟာလည်း ကယ်ဆယ်ထောက်ပံ့ရေးမှာ အင်အားများကို အစွမ်း ကုန်အသုံးချခဲ့တာ ချီးကျူးဂုဏ်ပြုရမှာဖြစ်ပါတယ်။ ကူညီထောက်ပံ့ခဲ့ကြ တဲ့ နိုင်ငံရပ်ခြားမိတ်ဆွေတိုင်းပြည်များနဲ့ အဖွဲ့အစည်းများကိုလည်း ကျေးဇူးတင်ရမှာ ဖြစ်ပါတယ်။

လက်ရှိမှာ ကယ်ဆယ်ရေးနဲ့ ထောက်ပံ့ရေးကိစ္စတွေအပြင် ပြန်လည် ထူထောင်ရေးလုပ်ငန်းတွေကို တစ်ပြိုင်နက် စတင်ရတော့မှာ ဖြစ်ပါတယ်။ ဒီလို ပြန်လည်ထူထောင်ရေးလုပ်ငန်းတွေ စတင်တဲ့အခါမှာလည်း ပြည်သူ တစ်ရပ်လုံးရဲ့ ပူးပေါင်းပါဝင်မှုတွေကို ဆက်လက်လိုအပ်မှာဖြစ်ပါတယ်။
ကယ်ဆယ်ရေး၊ ထောက်ပံ့ရေးနဲ့ ပြန်လည်ထူထောင်ရေးလုပ်ငန်းများ မှာ ရေတို၊ ရေရှည်အစီအမံများနဲ့ ဦးစားပေးဆောင်ရွက်ရမယ့်ကိစ္စရပ် များအဖြစ်ခွဲခြားပြီး အလုံးစုံခြုံငုံတဲ့ လုပ်ငန်းစဉ်တွေအဖြစ် ဆောင်ရွက် သွားရမှာဖြစ်ပါတယ်။ ရေဘေးသင့်ပြည်သူများရဲ့ ဘက်စုံလူမှုစီးပွားရေး ဘဝတွေ ပြန်လည်ဖွံ့ဖြိုးရှင်သန်လာဖို့လည်း ရေရှည်အစီအမံများ ချမှတ် ပြီး ထိရောက်စွာ ဆောင်ရွက်သွားကြရမှာဖြစ်ပါတယ်။ လတ်တလော အတွက် သင့်တင့်လျောက်ပတ်တဲ့ စားစရာ၊ နေစရာ၊ ကျန်းမာရေးစောင့် ရှောက်မှုများရရှိရေးနဲ့ ကျောင်းနေအရွယ်ကလေးအားလုံး ပညာပြန်လည် သင်ကြားခွင့်ရရှိနိုင်ဖို့ ဦးစားပေးဆောင်ရွက်သွားကြရမှာ ဖြစ်ပါတယ်။ ကျွန်တော့်အနေနဲ့ ရေကြီးမှုကြုံတွေ့ခဲ့ရတဲ့ဒေသတွေကို ကိုယ်တိုင်ကိုယ်ကျ သွားရောက်ပြီး အားပေးမှု၊ လိုအပ်တဲ့ညွှန်ကြားမှုတွေကို အစဉ်ပြုလုပ် လျက်ရှိပါတယ်။ ပြည်သူလူထုများ၊ အရပ်ဘက်အဖွဲ့အစည်းများနဲ့ လက်တွဲ ကြိုးပမ်းရမယ့် ကိစ္စရပ်များမှာလည်း အဆင်ပြေချောမွေ့စွာ ဆောင်ရွက် နိုင်ဖို့ အစိုးရအဖွဲ့အစည်းများထံ ညွှန်ကြားထားပြီးလည်း ဖြစ်ပါတယ်။
အလားတူ အထူးအခြေအနေလိုအပ်ချက်တစ်ခုအနေနဲ့ ရေကြီးမှုကို ရင်ဆိုင်ခဲ့ရတဲ့ ပြည်သူများရဲ့ အရေးကြီးတဲ့ နိုင်ငံသားအခွင့်အရေးဖြစ်တဲ့ မဲပေးခွင့် မဆုံးရှုံးစေဖို့ပဲဖြစ်ပါတယ်။ ရေကြီးမှုကြောင့် ဆုံးရှုံးသွားခဲ့ရတဲ့ မဲစာရင်းများ ပြန်လည်ပြုစုနိုင်ဖို့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အနေနဲ့ ဆောင်ရွက်နေပြီးတော့ ကျွန်တော်တို့အစိုးရအနေနဲ့လည်း အုပ်ချုပ် ရေးကဏ္ဍကနေ ကြိုးပမ်းဆောင်ရွက်လျက်ရှိပါတယ်။ ဒီလိုဆောင်ရွက်မှု တွေထဲမှာ သန်းခေါင်စာရင်းများ ပြန်လည်ထုတ်ပေးခြင်း၊ နိုင်ငံသားစိစစ် ရေးကတ်များ ပြန်လည်ထုတ်ပေးခြင်းများလည်း ပါဝင်ပါတယ်။
မကြာမီ ကျင်းပတော့မယ့် ၂ဝ၁၅ အထွေထွေရွေးကောက်ပွဲများဟာ ကျွန်တော်တို့တိုင်းပြည်ရဲ့ ဒီမိုကရေစီအသွင် ကူးပြောင်းရေးအတွက် အလွန်ကြီးမားတဲ့ အဆင့်တစ်ဆင့်၊ ဖြစ်စဉ်တစ်ရပ်ဖြစ်ပါတယ်။ ၂ဝ၁၅ အထွေထွေရွေးကောက်ပွဲများကို လွတ်လပ်ပြီး တရားမျှတတဲ့ ရွေးကောက် ပွဲများဖြစ်စေဖို့ အထူးအရေးကြီးတယ်လို့ မှတ်ယူပါတယ်။ ဒါဟာ ကျွန်တော် တို့ ပြည်သူများ မြင်တွေ့လိုတဲ့ အနာဂတ်နိုင်ငံတော်သစ်တစ်ရပ်ကို ဖန်တီး တည်ဆောက်ခြင်းအတွက် အရေးကြီးတဲ့အဆင့်လည်းဖြစ်ပါတယ်။ ဒါကြောင့် မဲဆန္ဒရှင်ပြည်သူလူထုအနေနဲ့ ရွေးကောက်ပွဲမှာ တာဝန်ကိုယ်စီ ကျေပွန်ဖို့ လိုအပ်ပါတယ်။ အထူးသဖြင့်တော့ အခြေခံကျတဲ့ နိုင်ငံသား တာဝန်ဖြစ်တဲ့ ဆန္ဒမဲပေးခြင်းဆိုတဲ့ တာဝန်ကို မပျက်မကွက်ထမ်းဆောင် သွားကြဖို့ တိုက်တွန်းလိုပါတယ်။ ဒီလို ဆန္ဒမဲပေးတဲ့အခါမှာလည်း မိမိတို့ ကို အမှန်တကယ်ကိုယ်စားပြုမယ့်၊ ပြည်သူလူထုရဲ့ လိုလားချက်များကို အမှန်တကယ်ဖော်ဆောင်ပေးနိုင်တဲ့၊ အရည်အသွေးရှိတဲ့ လူထုကိုယ်စား လှယ်များကို ရွေးချယ်တင်မြှောက်ပေးကြဖို့ အထူးအရေးကြီးပါတယ်။ ဒါမှသာလျှင် ကျွန်တော်တို့အားလုံးရဲ့ မျှော်မှန်းချက်ဖြစ်တဲ့ ဒီမိုကရေစီ ထွန်းကားပြီး ပွင့်လင်းလွတ်လပ်တဲ့ လူ့အဖွဲ့အစည်းတစ်ရပ် တည်ဆောက် ရေးကို ၂ဝ၁၅ အထွေထွေရွေးကောက်ပွဲများကနေ ဆောင်ကြဉ်းပေးနိုင် မှာ ဖြစ်ပါတယ်။
တစ်ဆက်တည်းမှာပဲ ၂ဝ၁၅ အထွေထွေရွေးကောက်ပွဲများမှာ ပါဝင် ယှဉ်ပြိုင်ကြမယ့် နိုင်ငံရေးပါတီများနှင့် လွှတ်တော်ကိုယ်စားလှယ်လောင်း များရဲ့ အခန်းကဏ္ဍနဲ့ပတ်သက်ပြီး အနည်းငယ်ပြောကြားလိုပါတယ်။ နိုင်ငံ ရေးပါတီများအနေနဲ့ ရက်ပိုင်းအတွင်းမှာ မဲဆွယ်စည်းရုံးရေးလုပ်ငန်းစဉ် များ စတင်ရတော့မှာ ဖြစ်ပါတယ်။ ရွေးကောက်ပွဲအောင်နိုင်ရေးအတွက် ကိုယ်စွမ်းရှိသမျှ ပြိုင်ဆိုင်ကြတော့မယ်ဆိုတာကိုလည်း ကျွန်တော့်အနေနဲ့ လက်ခံပါတယ်။ ရွေးကောက်ပွဲကော်မရှင်ကချမှတ်ထားတဲ့ မူဘောင်၊ စည်းမျဉ်းစည်းကမ်းများအတွင်းမှ ဒီမိုကရေစီနည်းလမ်းကျ မဲဆွယ်စည်းရုံး မှုအားလုံးကို လက်ခံကြိုဆိုသွားမှာ ဖြစ်ပါတယ်။
သို့သော်လည်း ကျွန်တော်တို့နိုင်ငံဟာ ဓလေ့ထုံးတမ်းပေါင်းစုံ၊ ကိုးကွယ်ယုံကြည်မှုပေါင်းစုံရှိတဲ့ လူမျိုးစုများစွာ နေထိုင်တဲ့တိုင်းပြည်ဖြစ်တဲ့ အတွက် မိမိတို့ရဲ့ မဲဆွယ်စည်းရုံးရေးလုပ်ငန်းစဉ်များဟာ နိုင်ငံရဲ့ လူမှု သဟဇာတဖြစ်မှုနဲ့ မတူညီတဲ့ ကိုးကွယ်ယုံကြည်မှုများအပေါ် ထိခိုက်နစ်နာ စေမယ့်ကိစ္စရပ်တွေ မပေါ်ပေါက်စေဖို့ အထူးသတိပြုကြရမှာ ဖြစ်ပါတယ်။ အမျိုးသားပြန်လည်သင့်မြတ်ရေးနဲ့ နိုင်ငံသားအချင်းချင်း စည်းလုံးညီညွတ် မှု ပျက်ပြားစေမယ့် လှုံ့ဆော်ဟောပြောမှုတွေ မပေါ်ပေါက်စေဖို့ နိုင်ငံရေး ပါတီများအနေနဲ့ အထူးတာဝန်ယူစောင့်စည်းကြဖို့ တိုက်တွန်းပြောကြား လိုပါတယ်။ တစ်ဆက်တည်းမှာပဲ နိုင်ငံရေးအင်အားစုအချင်းချင်း ပြစ်တင် ဝေဖန်ရှုတ်ချစွပ်စွဲပြီး အမျိုးသားပြန်လည်သင့်မြတ်ရေးကို ပျက်ပြားစေမယ့် ဟောပြောစည်းရုံးမှုတွေအစား မိမိတို့ ကိုယ်စားပြုမယ့် ပြည်သူများရဲ့ အနာဂတ်အိပ်မက်တွေဖြစ်တဲ့ မြန်မာနိုင်ငံသစ်အတွက် ရည်မှန်းချက်တွေ၊ လုပ်ငန်းစဉ်တွေပါဝင်တဲ့ မဲဆွယ်စည်းရုံးမှုများဖြစ်စေဖို့ ထပ်မံတိုက်တွန်း လိုပါတယ်။ အထူးသဖြင့်တော့ ကိုယ်စားပြုမှုကိုယ်စီ အခိုင်အမာရှိကြတဲ့ နိုင်ငံရေးအင်အားစုအသီးသီးဟာ စေ့စပ်ဆွေးနွေးညှိနှိုင်းအဖြေရှာခြင်း ဆိုတဲ့ နိုင်ငံရေးယဉ်ကျေးမှု ဆက်လက်ရှင်သန်နေစေဖို့ ကြိုးပမ်းရမှာ ဖြစ် ပါတယ်။
အစိုးရအဖွဲ့အနေနဲ့လည်း အုပ်ချုပ်ရေးကဏ္ဍရဲ့ လုပ်ပိုင်ခွင့်ဘောင် အတွင်းကနေ သန့်ရှင်းလွတ်လပ်ပြီး တရားမျှတတဲ့ရွေးကောက်ပွဲများ ဖြစ်စေဖို့ ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။ ရွေးကောက်ပွဲမတိုင်မီနဲ့ ရွေးကောက်ပွဲအပြီး ကြားကာလများရဲ့ နိုင်ငံရေးတည်ငြိမ်မှုရှိစေပြီး ပြည်သူ လူထုရဲ့ ဆန္ဒမဲများနဲ့အညီ ပေါ်ပေါက်လာမယ့် နိုင်ငံရေးအခင်းအကျင်းသစ်တစ်ရပ်ကို ညင်သာစွာ အသွင်ကူးပြောင်းနိုင်စေဖို့လည်း ကြိုးပမ်း ဆောင်ရွက်သွားမှာဖြစ်ပါတယ်။ အရပ်ဘက်လူ့အဖွဲ့အစည်းများနဲ့ နိုင်ငံ တကာလေ့လာရေးအဖွဲ့အစည်းများကိုလည်း ရွေးကောက်ပွဲဖြစ်စဉ်များ လေ့လာစောင့်ကြည့်နိုင်ဖို့ ဆောင်ရွက်ထားကြောင်းလည်း တစ်ဆက်တည်း အသိပေးပြောကြားအပ်ပါတယ်။
ကျွန်တော်တို့နိုင်ငံရဲ့ ဒီမိုကရေစီအသွင်ကူးပြောင်းရေးအတွက် ခေါင်းနဲ့ ပန်းလို ဒွန်တွဲနေတဲ့ ပြည်တွင်းငြိမ်းချမ်းရေး တည်ဆောက်ရေး ဖြစ်စဉ်ဟာ လည်း ကြီးမားတဲ့ ထူးခြားတိုးတက်မှုတွေ ရရှိနေပါတယ်။ မြန်မာနိုင်ငံရဲ့ ငြိမ်းချမ်းရေး တည်ဆောက်မှုဖြစ်စဉ်မှာ အဆင့်အမြင့်ဆုံးနဲ့ အကျယ်ပြန့်ဆုံး လို့ဆိုရမယ့် တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် အတည်ပြုမူကြမ်းပြီးစီးကြောင်း ပြည်ထောင်စုအစိုးရနဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းများရဲ့ ကိုယ်စားလှယ်ခေါင်းဆောင်များဟာ သြဂုတ်လ ၇ ရက်နေ့မှာ ထုတ်ပြန်ကြေညာနိုင်ခဲ့ပါတယ်။
ဒီစာချုပ်မှာ အမျိုးသားပြန်လည်သင့်မြတ်ရေးနဲ့ ရေရှည်တည်တံ့ခိုင်မြဲ တဲ့ ငြိမ်းချမ်းရေးအတွက် အဓိက ကတိကဝတ်ကြီးနှစ်ခုဖြစ်တဲ့ လက်နက် ကိုင်ပဋိပက္ခများကို နိုင်ငံရေးအရအဖြေရှာဖို့နဲ့ ဒီမိုကရေစီနဲ့ ဖက်ဒရယ်စနစ် ကိုအခြေခံတဲ့ ပြည်ထောင်စုကြီးတည်ဆောက်ရေးဆိုတဲ့ သဘောတူညီချက် နှစ်ခုကိုလည်း ထည့်သွင်းချုပ်ဆိုထားတာဖြစ်ပါတယ်။ ဒါကြောင့် တိုင်းရင်း သားများ အစဉ်တစိုက်တောင်းဆိုခဲ့တဲ့ လိုလားချက်များနဲ့ နိုင်ငံရေးဆွေးနွေး ပွဲများအတွက် အာမခံချက်များ၊ အစီအမံများကို ဒီစာချုပ်က ခိုင်ခိုင်မာမာ ထည့်သွင်းရေးဆွဲထားတာဖြစ်ပါတယ်။
ဒီစာချုပ်မှာ လက်မှတ်ရေးထိုးနိုင်ခြင်းအားဖြင့် လက်ငင်းရမယ့် အကျိုး ကျေးဇူးကတော့ လက်နက်ကိုင်ပဋိပက္ခဖြစ်ပွားရာဒေသများက ပြည်သူ များအနေနဲ့ ငြိမ်းချမ်းရေးရဲ့အသီးအပွင့်ကို လက်တွေ့ခံစားနိုင်ခြင်းပဲဖြစ်ပါတယ်။ ငြိမ်းချမ်းရေးဆွေးနွေးနေစဉ်ကာလမှာပင်လျှင် လက်နက်ကိုင် ပဋိပက္ခများ လျော့ပါးမှုကြောင့် ပြည်သူများရဲ့ အသက်အိုးအိမ်စည်းစိမ် လုံခြုံမှုတွေ များစွာတိုးတက်ခဲ့တာကိုလည်း သိရှိကြပြီးဖြစ်ပါတယ်။
ကျွန်တော်တို့တိုင်းပြည် ခေတ်နောက်ကျကျန်ခဲ့ရတဲ့ အကြောင်းအရင်း များစွာထဲမှာ ပြည်တွင်းလက်နက်ကိုင်ပဋိပက္ခဟာ ကြီးမားတဲ့ အကြောင်း အရာတစ်ရပ်ဖြစ်ပါတယ်။ ကျွန်တော်တို့တိုင်းပြည်ရဲ့ လက်နက်ကိုင်ပဋိပက္ခ တွေဟာ နိုင်ငံတစ်ဝန်းလုံးက ပြည်သူတစ်ဦးတစ်ယောက်ချင်းစီရဲ့ ဘဝများ ကို ရိုက်ခတ်နေတာဖြစ်တဲ့အတွက် ငြိမ်းချမ်းရေးဖြစ်စဉ်သည် မြန်မာနိုင်ငံ သားတိုင်းနဲ့ သက်ဆိုင်တဲ့ကိစ္စဖြစ်တယ်လို့ ကျွန်တော့်အနေနဲ့ ရှုမြင်ပါတယ်။ ဒါကြောင့် ပြည်သူလူထု တစ်ဦးချင်းစီရဲ့ဘဝနဲ့ တိုင်းပြည်ရဲ့ အနာဂတ် အတွက် တိုင်းပြည်ရဲ့ငြိမ်းချမ်းရေးတည်ဆောက်မှုဖြစ်စဉ်ကို ကျွန်တော် တာဝန်ယူတဲ့ကာလအတွင်းမှာ ကိုယ်စွမ်းÓဏ်စွမ်းရှိသမျှ အစွမ်းကုန် ကြိုးပမ်းဆောင်ရွက်သွားမှာဖြစ်ကြောင်းလည်း ကတိပြုပြောကြားအပ်ပါ တယ်။ လက်ရှိအခြေအနေမှာ တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ်ကို လက်မှတ်ရေးထိုးပြီး နိုင်ငံရေးဆွေးနွေးပွဲများကို အမြန်ဆုံးစတင်နိုင်ဖို့ လိုအပ်ပါတယ်။ ကျွန်တော့်အနေနဲ့ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများထံ ဒီစာချုပ်မှာ ပါဝင်လက်မှတ်ရေးထိုး ကြဖို့ ဖိတ်ခေါ်ထားပြီးဖြစ်ပါတယ်။ အမြန်ဆုံး လက်မှတ်ရေးထိုးကြဖို့လည်း ဒီနေရာကနေတစ်ပါတည်း ထပ်မံဖိတ်ခေါ်အပ်ပါတယ်။
ဆင်းရဲနွမ်းပါးမှု ပပျောက်ရေးနဲ့ ပြည်သူများရဲ့ လူမှုစီးပွားဘဝဖွံ့ဖြိုး တိုးတက်ရေးဟာ ကျွန်တော်တို့အစိုးရ စတင်တာဝန်ယူစဉ်ချိန်တည်းက ဆောင်ရွက်ခဲ့တဲ့ စီးပွားရေးပြုပြင်ပြောင်းလဲမှုရဲ့ ရည်မှန်းချက်တစ်ရပ် ဖြစ်ပါတယ်။ ဒီရည်မှန်းချက် ပြည့်မီဖို့အတွက် လိုအပ်တဲ့အခြေခံအဆောက် အအုံ၊ ရင်းနှီးမြှုပ်နှံမှုတွေနည်းတူ လိုအပ်တဲ့ခေတ်စနစ်နဲ့လျော်ညီတဲ့ ဥပဒေ တွေကိုပါ ဆောင်ရွက်ခဲ့ရပါတယ်။ မြန်မာနိုင်ငံရဲ့ လက်ရှိအခြေအနေနဲ့ လျော်ညီတဲ့ အနိမ့်ဆုံးလုပ်ခလစာကို ၃၆ဝဝ ကျပ် သတ်မှတ်နိုင်ခဲ့ပြီး စက်တင်ဘာလ ၁ ရက်နေ့မှာ စတင်အသက်ဝင်တော့မှာဖြစ်တဲ့အကြောင်း လည်း အသိပေးပြောကြားလိုပါတယ်။
ကျွန်တော့်အနေနဲ့ ပြည်တွင်းငြိမ်းချမ်းရေးရရှိအောင်၊ ပြည်သူများရဲ့ စီးပွားရေး ပြန်လည်ဖွံ့ဖြိုးတိုးတက်လာအောင်၊ ကျွန်တော်တို့ရဲ့ မျိုးဆက် သစ်လူငယ်တွေအတွက် ပိုမိုကောင်းမွန်တဲ့ အနာဂတ်တွေ ဖန်တီးပေးနိုင်ဖို့ တစိုက်မတ်မတ်ကြိုးပမ်းဆောင်ရွက်လျက်ရှိတဲ့အကြောင်း ပြောကြားရင်း နိဂုံးချုပ်ပါတယ်။
မိဘပြည်သူများ ကိုယ်၏ကျန်းမာခြင်း၊ စိတ်၏ချမ်းသာခြင်းနှင့် ပြည့်စုံ ကြပါစေ။

No comments:

Post a Comment