Wednesday, September 2, 2015

ဂျပန်နိုင်ငံ၏အမြင့်ဆုံး မိုးမျှော်တိုက် တိုကျိုဘူတာရုံရှေ့၌ တည်ဆောက်မည်




တိုကျို စက်တင်ဘာ ၁
ဂျပန်နိုင်ငံ၏ အမြင့်ဆုံးမိုးမျှော်တိုက်အဆောက် အအုံကို တိုကျိုဘူတာရုံရှေ့တွင် တည်ဆောက်မည် ဖြစ်ကြောင်း ယင်းအဆောက်အအုံကို တည်ဆောက်မည့် မစ်ဆူဘီရှီ အိမ်ရာခြံမြေကုမ္ပဏီက ထုတ်ပြန်ကြေညာသည်။
တိုကျိုမြို့၏ အထင်ကရ အဆောက်အအုံတစ်လုံး ဖြစ်လာမည့် မိုးမျှော်တိုက်မှာ မီတာ ၃၉ဝ ခန့်အမြင့် ရှိမည်ဖြစ်ပြီး မြေပြင်ပေါ်တွင် အထပ်ပေါင်း ၆၁ ထပ်၊ မြေအောက်ထပ် ငါးထပ်ရှိမည်ဖြစ်ကြောင်း မစ်ဆူဘီရှီ အိမ်ရာခြံမြေကုမ္ပဏီက ပြောကြားသည်။

မိုးမျှော်အဆောက်အအုံ၌ ကုမ္ပဏီရုံးခန်းများ၊ စီးပွားရေးလုပ်ငန်းများ၏ အရောင်းဆိုင်များပါဝင်မည့် အပြင် ဟိုတယ်များနှင့် ရှုခင်းကြည့်ရှုနိုင်သော နေရာကိုပါ ပူးတွဲတည်ဆောက်ဖွယ်ရှိကြောင်း အဆိုပါကုမ္ပဏီက ပြောကြားသည်။
မျက်မှောက်ကာလ ဂျပန်နိုင်ငံရှိ အမြင့်ဆုံး အဆောက်အအုံမှာ အိုဆာကာမြို့ရှိ အာဘေးနိုဟာ ရူကက်စ် အဆောက်အအုံဖြစ်ပြီး မီတာ ၃ဝဝ မြင့်မားသည်။

ယန်းငွေ တစ်ထရီလီယံ ဒေါ်လာ ၈ ဒသမ ၃ ဘီလီယံ ရင်းနှီးမြှုပ်နှံမည့်အိမ်ရာခြံမြေ ဖွံ့ဖြိုးရေးစီမံကိန်းတစ်ရပ် ၏ လုပ်ငန်းတစ်စိတ်တစ်ဒေသအဖြစ် ဂျပန်နိုင်ငံ၏ အမြင့်ဆုံးအဆောက်အအုံကို တည်ဆောက်မည်ဆို၏။ အဆိုပါစီမံကိန်းအရ ၁၁ နှစ်တာကာလအတွင်း အခြား အဆောက်အအုံသုံးလုံး၊ စတုရန်းမီတာ ၇ဝဝဝ ရှိ ပလာဇာ တို့ကိုလည်း တည်ဆောက်ရန်စီစဉ်ထားသည်။
ဂျပန်နိုင်ငံ၏အမြင့်ဆုံး မိုးမျှော်တိုက်တည်ဆောက်မှု လုပ်ငန်းကို ၂ဝ၂၃ခုနှစ်တွင် စတင်မည်ဖြစ်ပြီး ၂ဝ၂၇ ခုနှစ်တွင် တည်ဆောက်ရေးလုပ်ငန်းပြီးစီးမည်ဖြစ်ကြောင်း ကုမ္ပဏီတာဝန်ရှိသူက ပြောကြားသည်။

ကျိုဒို။

No comments:

Post a Comment