Wednesday, September 2, 2015

မန္တလေး-မြစ်ကြီးနား အမှတ်(၄၃)အဆန် ပါဆယ်ရထားတွဲချော်မှုအား ပြုပြင်ဆောင်ရွက်




နေပြည်တော် စက်တင်ဘာ ၁
မန္တလေး-မြစ်ကြီးနားမီးရထားလမ်းပိုင်း မိုးကောင်းမြို့နယ်တွင် အမှတ်(၄၃)အဆန် ပါဆယ်ရထားသည် တောင်နီ-ဆားမှော်ကြား မိုင်တိုင် (၆၇၂/၁၄-၁၅)ကြားရှိ တံတားအမှတ် (၆၅၂)အား ဖြတ်သန်းစဉ် သြဂုတ် ၃၁ ရက် နံနက် ၁ဝ နာရီ မိနစ် ၂ဝ တွင် ရထားတွဲဆိုင်းပါ စက်ခေါင်း နောက်ကပ်လျက်တွဲ GBHV- 40222 ၏ ဘီးလေးဘီးလမ်းချော်ကျပြီးGBHV - 40037 တွဲနှင့် GBHV-40235 တွဲ တံတားအောက်သို့ ပြုတ်ကျခဲ့သည်။GBHV-40334 တွဲသည် မန္တလေးဘက် ကမ်းကပ်ခုံမှ အောက်သို့ တွဲလောင်းဖြစ်ပြီး တံတားအမှတ် (၆၅၂)၏ ဂါဒါဘောင်သုံးခု တံတားအောက်ပြုတ်ကျခဲ့သဖြင့် လမ်းပိုင်းအား နံနက် ၁၁ နာရီ ၅၁ မိနစ်တွင် ပိတ်ထားခဲ့ရသည်။
အဆိုပါဖြစ်စဉ်ကြောင့် ဆားမှော်ဘူတာမှ ထွက်ခွာလာသည့် အမှတ်(၅၆) အစုန်ရထားမှ ခရီးသည် ၄ဝ၆ ဦးနှင့် တောင်နီဘူတာမှ ထွက်ခွာလာသည့် အမှတ်(၅၅)အဆန်ရထားမှ ခရီးသည် ၅ဝ၃ ဦးတို့အား ရထားချင်းကူးပြောင်းစေပြီး အမှတ်(၅၅)အဆန်သည် အမှတ်(၅၆)အစုန်အဖြစ် လည်းကောင်း၊ အမှတ်(၅၆)အစုန်သည် အမှတ်(၅၅)အဆန်အဖြစ် လည်းကောင်း ပြောင်းလဲပြေးဆွဲ ပေးခဲ့သည်။ အလားတူပင် အစုန်အထူးရထားသည် ဆားမှော်မှ ဖြစ်ပွားရာဒေသသို့ ရောက်ရှိပြီး ခရီးသည် ၅ဝ၃ ဦးနှင့် အမှတ်(၅၇)အဆန်မှ ခရီးသည် ၁၅၉ ဦးတို့အား ကူးပြောင်းပေးပြီး အမှတ်(၅၇)အဆန်ရထားသည် အမှတ်(၅၈)အစုန်ရထားအဖြစ် ပြေးဆွဲပေးခဲ့သည်။
ဖြစ်စဉ်ဖြစ်ပွားသောနေရာသို့ မြန်မာ့မီးရထားမှ အင်ဂျင်နီယာ/လုပ်သားအဖွဲ့များဖြင့် ဇလီဖားတုံးများ သယ်ယူခြင်း၊ ဂါဒါဘောင်များသယ်ယူခြင်း၊ ကရိန်းသယ်ယူခြင်းများ ဆောင်ရွက် လျက်ရှိပြီး ရထားလမ်းတံတား ပြုပြင်ခြင်းလုပ်ငန်း၊ တွဲမတင်ခြင်းနှင့် လမ်းပိုင်းပြန်လည်ဖွင့်လှစ်နိုင်ရေးအတွက် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
(သတင်းစဉ်)

No comments:

Post a Comment