Tuesday, September 1, 2015

ပဲခူးမြို့ဖြတ် ရန်ကုန်-မန္တလေးလမ်းမကြီး ရေကြီးမှုမရှိခဲ့၍ မြန်မာနိုင်ငံအထက်ပိုင်းဒေသများရှိ ရေဘေးသင့်ပြည်သူများထံသို့ ထောက်ပံ့ရေးပစ္စည်းများ လွယ်လင့်တကူ ပို့ဆောင်နိုင်




The Mirror Daily's photo.

ပဲခူး သြဂုတ် ၃၁

ယခုနှစ်မုတ်သုံရာသီ၏ ထူးခြားပြင်းထန်သော မိုးရွာသွန်းမှုနှင့်အတူ ရခိုင်ပြည်နယ်၊ ချင်းပြည်နယ်၊ စစ်ကိုင်းတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ ဧရာဝတီတိုင်း ဒေသကြီးတို့တွင် ရေကြီးနစ်မြုပ်မှုအခြေအနေများ၊ တောင်ပြို မြေပြိုခြင်းနှင့် ဆက်နွှယ်သော သဘာဝဘေးအန္တရာယ်များ ကျရောက်ခဲ့သည်။

ထိုသို့ သဘာဝဘေးအန္တရာယ်ကျရောက်ရာဒေသများသို့ မြန်မာနိုင်ငံတစ်ဝန်းရှိ ဒေသအသီးသီးမှ သက်ဆိုင်ရာ အဖွဲ့အစည်းများ၊ တစ်သီးပုဂ္ဂလစေတနာရှင်များ၊ ဌာန ဆိုင်ရာများမှ ကယ်ဆယ်ရေးနှင့် ထောက်ပံ့ရေးပစ္စည်းများ ပေးပို့လှူဒါန်းခဲ့ကြသည်ကို တွေ့မြင်ကြားသိနေရသည်။

ပဲခူးတိုင်းဒေသကြီး ပဲခူးမြို့သည် ပဲခူးမြစ်ကမ်းဘေး တွင်တည်ရှိပြီး မြေပြင်အနေအထားအရ မြေနိမ့်လွင်ပြင် ဖြစ်ခြင်းကြောင့် ပဲခူးမြစ်ရေကြီးရေလျှံမှုကို နှစ်စဉ်ကြုံတွေ့ ခဲ့ရပြီး ပဲခူးမြို့၌ ထိုသို့ရေကြီးနစ်မြုပ်၍ ကုန်စည်ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးလမ်းကြောင်းကို အနှောင့်အယှက်ဖြစ်စေခဲ့သော ပဲခူးမြို့ဖြတ် ရန်ကုန်-မန္တလေး လမ်းမကြီးသည် ယခုနှစ် ပဲခူးမြို့၏ အဆိုးရွားဆုံးအခြေ အနေ၌ လမ်းပေါ်ရေတင်မှုထုထည် ၈ လက်မမျှသာရှိခဲ့ပြီး ထိုရေမှာလည်း အချိန်တိုအတွင်းကျဆင်းကာ မြန်မာနိုင်ငံ အထက်ပိုင်းဒေသများရှိ ရေဘေးသင့်ပြည်သူများထံသို့ ထောက်ပံ့ရေးပစ္စည်းများကို ယင်းလမ်းမှတစ်ဆင့် အဆက်မပြတ်သယ်ယူပို့ဆောင်နိုင်ခဲ့ရာ များစွာအဆင်ပြေ ချောမွေ့မှုရှိခဲ့ကြောင်း သိရသည်။

ထိုသို့ပဲခူးမြို့ဖြတ် ရန်ကုန်-မန္တလေးလမ်းမကြီး ရေမကျော်ရခြင်းမှာ ပဲခူးမြစ်ရေကြီးရေလျှံမှုကို လျော့ပါးသက်သာစေနိုင်သည့် ရေနုတ်မြောင်းနှစ်ခုဖြစ်သော ခေါင်းဆေးကျွန်းချောင်းနှင့် မဇင်းချောင်းတို့ကို လယ်ယာစိုက်ပျိုးရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဆည်မြောင်းဦးစီး ဌာန(ပဲခူးတိုင်းဒေသကြီး)မှ တူးဖော်ဆောင်ရွက်ခဲ့ခြင်း၏ အကျိုးကျေးဇူးရလဒ်ပင်ဖြစ်ကြောင်း ခေါင်းဆေးကျွန်း ချောင်းတံတားအနီးအနားတွင် ဈေးရောင်းဈေးဝယ် လုပ်ကိုင်လျက်ရှိသော ကိုမျိုးမင်းက ဆိုသည်။

ချုံနွယ်များပိတ်ဆို့နေခြင်း၊ သဲနုန်းများပို့ချတိမ်ကော နေခြင်း၊ တိုးချဲ့လာသောအိမ်ရာများ ချောင်းနယ်နိမိတ် အတွင်း ဝင်ရောက်နေခြင်း အစရှိသည့်အခက်အခဲများ ရှိခဲ့လင့်ကစား ခေါင်းဆေးကျွန်းတံတားမှ ပဲခူးမြစ်ဝအထိ အရှည်ပေ ၇၆ဝဝ ကို ၂ဝ၁၄ ခုနှစ် အောက်တိုဘာလမှ စတင်၍ ကန်ပတ်လမ်းနှင့် ကျွန်းပတ်တာဖို့ခြင်း၊ ခေါင်းဆေးကျွန်းနံရံကျောက်စီခြင်းတို့ကို ဆောင်ရွက်ခဲ့ကြောင်း၊ မဇင်းတာတမံမှ ပဲခူးမြစ်အထိ အရှည်ပေ ၂၂၈ဝဝ တူးဖော်ခြင်းလုပ်ငန်းကို ၂ဝ၁၄ ခုနှစ် ဒီဇင်ဘာလမှ စတင်ဆောင်ရွက်ခဲ့ရာ ၂ဝ၁၅ ခုနှစ် မတ်လတွင် ပြီးစီးခဲ့ကြောင်း ဆည်မြောင်းဦးစီးဌာန(ပဲခူးတိုင်းဒေသကြီး)မှ တာဝန်ရှိသူ တစ်ဦး၏ ပြောကြားချက်အရ သိရသည်။

ထိုသို့ ကြိုတင်ပြင်ဆင်လုပ်ဆောင်မှုများကြောင့် ၂ဝ၁၅ ခုနှစ် ဇူလိုင်လနှင့် သြဂုတ်လအတွင်း မိုးရေချိန် ၉ဝ ဒသမ ၃ လက်မနှင့် ပဲခူးမြစ်ရေ ၉၁၁ စင်တီမီတာသို့ ရောက်ရှိသော်လည်း ရန်ကုန်-မန္တလေး ကားလမ်း ရေကျော်မှုဖြစ်စဉ်ကို လျော့ပါးစေခဲ့ပြီး အလားတူပင် ဒေသခံပြည်သူများ၏ လူမှုရေး၊ စီးပွားရေး၊ ကျန်းမာရေးတို့ အပေါ် ဆိုးကျိုးသက်ရောက်မှုများမှလည်း ကာကွယ်နိုင် ခဲ့သည်ဟု ယင်းလမ်းကို နှစ်စဉ်ဖြတ်သန်းမှုပြုနေသော ဒေသခံသတင်းထောက် ကိုသိန်းညွန့်က မှတ်ချက်ပြု ပြောကြားခဲ့သည်။

ပဲခူးမြစ်သည် ပဲခူးမြို့အနောက်မြောက်ဘက် ပဲခူး ရိုးမမှမြစ်ဖျားခံ၍ ကဝမြို့နယ်ကို ဖြတ်သန်းပြီး ရန်ကုန် တိုင်းဒေသကြီး ခရမ်းမြို့နယ် ချောင်းခွကျေးရွာအနီးတွင် ခရမ်းချောင်းနှင့်ပေါင်းဆုံ၍ ရန်ကုန်မြစ်အတွင်းသို့ စီးဝင်လေ့ရှိကြောင်း၊ ပဲခူးမြစ်သည် ဒီရေအတက်အကျရှိပြီး ဒီရေထောက်မှုသည် ပဲခူးမြို့အထိ အကျိုးသက်ရောက်မှု ရှိကြောင်း၊ သို့ဖြစ်ခြင်းကြောင့် မိုးရာသီဒီရေထောက်မည့် ကာလနှင့် မိုးရေချိန်များပြားပြီး မြစ်ရေကြီးချိန်နှင့် တိုက်ဆိုင်သည့်ကာလတွင် ပဲခူးမြစ်ရေကြီးရေလျှံမှု ဖြစ်ပေါ် စေကြောင်းသိရသည်။

ပဲခူးမြစ်ရေကြီးမှုသည် ၂ဝ၁၁ခုနှစ် သြဂုတ် ၁ဝ ရက်တွင် မြစ်ရေအမှတ် ၉၆ဝ စင်တီမီတာသို့ရောက်ရှိခဲ့ပြီး ယင်းသည် ၄၇ နှစ်တာကာလအတွင်း စံချိန်သစ်ဖြစ်ကြောင်း၊ မိုးရေချိန်လက်မ ၄၈ ဒသမ ၉၂ ရှိခဲ့ကြောင်း၊ ၂ဝ၁၄ ခုနှစ် သြဂုတ် ၇ ရက်က မိုးရေချိန်လက်မ ၆၂ ဒသမ ၄ဝ ရှိခဲ့ပြီး ၂ဝ၁၁ ခုနှစ် ပဲခူးမြစ်ရေအမှတ် ၉၆ဝ စင်တီမီတာ ရောက်ရှိခဲ့စဉ်ကထက် မိုးရေချိန်လက်မ ၁၃ ဒသမ ၄၈ ပိုမိုရွာသွန်းခဲ့သော်လည်း ပဲခူးမြစ်ရေသည် ၉၄ဝ စင်တီ မီတာအထိသာ ရောက်ရှိခဲ့ကြောင်း၊ ထိုကဲ့သို့ ပဲခူးမြစ်ရေ အမှတ်လျော့နည်းရခြင်းမှာ ၂ဝ၁၂ ခုနှစ် ပွင့်လင်းရာသီ တွင် ပဲခူးမြစ်အထက်ပိုင်း၌ ရေကူရေလှောင်တမံများတည် ဆောက်ခဲ့ခြင်း၊ ပဲခူးမြစ်အတွင်း သဲသောင်ခုံများတူးဖော် ခဲ့ခြင်း၊ ဇောင်းတူရေသွယ်မြောင်း တိုးချဲ့တူးဖော်ခြင်းနှင့် ရေနုတ်မြောင်းများ တူးဖော်ခြင်းလုပ်ငန်းများ ဆောင်ရွက် ခဲ့ခြင်းကြောင့်ဖြစ်ကြောင်း၊ ထို့အပြင် ပဲခူးမြို့အတွင်းရှိ သဘာဝရေနုတ်မြောင်းနှစ်ခုဖြစ်သော ခေါင်းဆေးကျွန်းနှင့် မဇင်းချောင်းတို့မှာ သဲနုန်းများပို့ချပြီး တိမ်ကောနေခြင်း၊ ချုံနွယ်များပိတ်ဆို့နေခြင်းတို့ကြောင့် ပဲခူးမြစ်အတွင်း ရေထုတ်နုတ်ပေးနိုင်ခြင်း မရှိတော့ကြောင်း၊ သို့ဖြစ်၍ ယင်းတို့ကို တူးဖော်ပေးလိုက်ခြင်းဖြင့် ရေကြီးရေလျှံမှု ဖြစ်စဉ်များလျော့ပါးသွားကြောင်း၊ အထူးသဖြင့် ခေါင်းဆေး ကျွန်းအနီးရှိ ရန်ကုန်-မန္တလေးကားလမ်းရေကျော်ခြင်းနှင့် မဇင်းချောင်း ဝဲ၊ ယာ တစ်လျှောက်တွင် တည်ရှိသော မဇင်းရပ်ကွက်နှင့် ဇိုင်းဂနိုင်းရပ်ကွက်တို့ ရေကြီးနစ်မြုပ်မှု မရှိတော့ကြောင်း ဆည်မြောင်းဦးစီးဌာန(ပဲခူးတိုင်း ဒေသကြီး)မှ လက်ထောက်ညွှန်ကြားရေးမှူး ဦးမြင့်စိုးက ရှင်းပြသည်။

နှစ်စဉ်ကြုံတွေ့နေရမြဲဖြစ်သော ရေလွှမ်းမိုးမှုဖြစ်စဉ် မှာ ယခုနှစ်တွင် သက်သာသွားသကဲ့သို့ လာမည့်နှစ်များ တွင်လည်း ပိုမို၍သာလွန်ကောင်းမွန်သော အခြေ အနေများရရှိရန်အတွက် ပဲခူးမြို့အတွင်းရှိ ချောင်းတို၊ မြောင်းတိုများ၊ ရေနုတ်မြောင်းများ ပိတ်ဆို့မှုမရှိစေရန် သက်ဆိုင်ရာများမှ လိုအပ်သည့် စီမံကိန်းများကို အချိန် အခါအလိုက် ဆောင်ရွက်ပေးရန် ဒေသခံပြည်သူများက လိုလားနေကြကြောင်း သိရသည်။
သတင်းနှင့် ဓာတ်ပုံ - ပိန်းဇလုပ်သိန်းညွန့်၊ ရာမည

No comments:

Post a Comment