Tuesday, September 1, 2015

လာရာလမ်းသို့ ပြန်ခဲ့သည် သားငယ်ကျန်ခဲ့ပြီ



The Mirror Daily's photo.

ယမန်နေ့မှအဆက်

''ဒီတော ဒီမြေပြင်အနေအထားနဲ့ ပစ်ကွင်းက မကောင်းဘူး။ အမိန့်တော့စောင့်ရမယ်။ လူကိုအန္တရာယ်ပြုရင် တော့ ပစ်ရမှာပဲလေ''ဟု မေ့ဆေးသေနတ်ကိုင်ထားသူ ဆင်ဦးစီးက ပြောပြပြန်သည်။
''ကျွန်တော်တို့ ဆင်ပစ်ရာမှာလေ့လာရတယ်။ ဒီ ကောင်တွေ ကျည်မှန်ရင် ချက်ချင်းမမေ့ဘူး။ နာရီဝက် တစ်နာရီလောက် လျှောက်ပြေးတယ်။ မူးသွားပြီ ဆိုပါတော့ တွေ့ရာပြေးပြီး လျှိုတွေကရှိတော့ အောက်လည်း ပြုတ်ကျနိုင်တယ်။ နောက်ရွာတွေနဲ့နီးရင် တွေ့သမျှရန်ပြု မယ်။ ပြုတ်ကျရင်လည် ကျိုးကန်းမှာ ဆိုးရသေးတယ် လေ။ နောက်လဲနေတဲ့နေရာကနေ ပြန်သယ်ဖို့ ကလည်း ချိန်ဆရတယ်'' ဟု ရှင်းပြသည်။ ဆင်ရိုင်းများအား ဆင်ယဉ်များနှင့် ထိန်းခေါ်ပြီး ခြောက်မောင်းရန် စီစဉ်နေ သော်လည်း အချိန်အရ ညနေစောင်းသို့ရောက်နေပြီဖြစ် သည်။ ''တွေ့လား ဆင်မကြီးက ရှေ့က ဦးဆောင်သွား နေတယ်။ နောက်က ဟိုင်းဆင်။ ဆင်အသေးလေးက အထီးထင်တယ်။ အထီးသုံးကောင် အစ်မနှစ်ကောင်ဗျ။ အကြီးဆုံးအကောင်ကြည့်ရတာ အသက် ၄ဝ လောက်ရှိပြီ ခိုင်းလို့ကောင်းတဲ့အရွယ်''ဟု ဆင်ဦးစီးကပြောပြလေသည်။

ကျွန်တော်တို့အဖွဲ့သည် ဆင်များဦးတည်ရာလိုက်ရင်း လက်ရှိအခြေအနေ၊ ရောက်နေသည့်နေရာ၊ မည်သို့ဆက်လက် လုပ်ဆောင်ရမည်များကို နောက်တန်းရှိ တာဝန်ရှိသူများထံ အချိန်နှင့်အမျှ သတင်းတင်ပြရပြန်သည်။ ဆင်များသည် သွားရာလမ်းတစ်လျှောက်ပြောင်းခင်းများ၊ အပင်များ အား စားသောက်သွားရာနောက်သို့ လိုက်ရင်း ''ကဲ ကျုပ်တို့ ဒီအနေအထားအတိုင်း ဒီနေ့ဘာမှတော့ မလုပ်နိုင်တော့ဘူး။ မှောင်လည်း မှောင်တော့မယ်။ အမှောင်ထဲ လျှောက် လိုက်ရင် အန္တရာယ်ပိုများတယ်။ မနက်ဖြန် ဒီနေရာကနေ ပြန်ဦးတည်ပြီး လိုက်ရမှာပဲ'' ဟု ပြောရင်း ဆင်များရှိရာ နောက်ဆုံးလျှိုမှ ပြန်ခဲ့ရလေသည်။

နောက်ဆုံးဆင်များရှိရာ နေရာသည်ကား ပျဉ်းမကန်လမ်းခွဲနှင့် နှစ်ဖာလုံအကွာတွင် ဖြစ်ပြီး မနက်ဖြန်တွင် မည်သို့ စီစဉ်မည်ဆိုသည်ကိုမူ မသိရသေးပေ။ လမ်းနှင့် နီးပြီး ရွာနှင့်နီးသောကြောင့် ညရေးညတာ သတိ ဝီရိယနှင့် နေကြရန်သာပြောရင်း ''ဒီကောင်တွေ သေချာပေါက် ညထွက်လိမ့်မယ်။ ဒီကောင်တွေ လမ်းပျောက်နေသလို ကျန်ခဲ့တဲ့ အကောင်အသေးကိုလည်း လိုက်ရှာနေတာ ဖြစ်မယ်'' ဟု ဆင်ဦးစီးမှ ပြောရင်း ''တွေ့တယ်မဟုတ်လား ဆင်ခြေရာသာတွေ့ပါစေ ပြေးမလွတ်ပါဘူးဗျာ''ဟု။
မနေ့ကဆင်ဦးစီးပြောသောစကားကမှန်နေပြန် သည်။

''ဒီကောင်တွေသေချာပေါက်ညထွက်လိမ့်မယ်။ ဒီ ကောင်တွေ လမ်းပျောက်နေသလိုကျန်ခဲ့တဲ့ အကောင်ကို လည်း လိုက်ရှာနေတာ ဖြစ်မယ်'' ဟု ဆင်များအား ထိန်းကျောင်းနေရသူ ပုသိမ်မှဆင်အုပ် ကဆိုသည်။
တောဆင်ရိုင်းများ နောက်ဆုံးရှိရာနေရာသည် ညောင်ဦးဘက်အထွက်လမ်း ပျဉ်းမကန်လမ်းခွဲနှင့် နှစ်ဖာလုံအကွာတွင်ဖြစ်ပြီး ယနေ့မနက်တွင်နေရာပြောင်း သွားကြပြန်သည်။
တောဆင်ရိုင်းများပျောက်ဆုံးသွားပြန်၍ ဆင်ဦးစီး အဖွဲ့သည်လည်း နောက်ဆုံးနေရာမှ ခြေရာခံလိုက်ရပြန် သလို သက်ဆိုင်ရာတာဝန်ရှိသူများနှင့် ပုပ္ပားတောင်ချစ်သူ မြို့ခံအဖွဲ့သည်လည်း နီးစပ်ရာရွာများသို့ ဆက်သွယ်စုံစမ်း ရလေသည်။

မနက်၈နာရီလောက်တွင်''ဆင်ငါးကောင်ရွာနားက ဖြတ်သွားတာမြင်တယ်။ ရွာဘက်လာမှာဆိုးလို့ မောင်းထုတ်လိုက်တာ တောင်ဘက်ပြေးပြီ'' ဆိုသော သတင်းကို စံပြရွာအုပ်ချုပ်ရေးမှူးထံမှ ဖုန်းသတင်းကနဦးဝင်လာလေ သည်။ ဆင်ဦးစီးပြောခဲ့သောစကားမှန်ချေပြန်သည်…
''ဒီကောင်တွေ ဒီတစ်ညစောင့်ကြည့်လိုက်။ သူတို့ ကလေးငယ်ပျောက်တဲ့လမ်းကြောင်းအတိုင်းပြန်လှည့်ရင် တော့ ပျောက်နေတဲ့ဆင်ပေါက်စကို လိုက်ရှာနေတာပဲ။ ဒါမှမဟုတ် ဒီညထွက်လို့  လမ်းကြောင်းဟာ လာရာလမ်းကို ပြန်လှည့်ရင်တော့ ဆင်ပေါက်စကို သံယောဇဉ်ဖြတ်ပြီး အပြန်လမ်းပျောက်လို့ရှာနေတာဖြစ်မယ်'' ဟု ဆင်ဦးစီးက ဆိုခဲ့လေသည်။
တောဆင်ရိုင်းများအား ယနေ့ ပြန်တွေ့ခဲ့သောနေရာ သည်ကား နတ်မောက်ဘက်သို့ ထွက်သော လမ်းကြောင်း ဖြစ်သဖြင့် သေချာပေါက် ဆင်ပေါက်စလေးကို သံယောဇဉ် ဖြတ်ကာ မိမိတို့ လာရာလမ်းကို ပြန်နေသည်မှာ အမှန်ဖြစ် နေလေသည်။

''ဆင်ရဲ့သဘောက ဒီလိုရှိတယ်ဗျ။ သူတို့က အုံနဲ့ ကျင်းနဲ့နေတယ်လေ။ သူတို့ ဒီဆင်အုပ်မှာ ပထမဆုံး သားထိန်းဆင်ရှိတယ်။ ဆင်မကြီးပါမယ်။ အဲဒီ သားထိန်း ဆင်ကြီးက ကျန်တဲ့ဆင်တွေကို အုပ်ချုပ်ကာကွယ် ပေးထားတာလေ'' ဟု ဆင်ဦးစီးတစ်ဦးက ပြောပြပြန်သည်။

ကျွန်တော်နဲ့အတူ ပုပ္ပားတောင်ချစ်သူမြို့ခံအဖွဲ့ သည် နောက်ဆုံးတောဆင်ရိုင်းများအား တွေ့လိုက်သည် ဆိုသော စံပြရွာဘက်သို့ ဒုတိယနေ့ ခရီးစဉ်အဖြစ်လိုက်လံ ရှာဖွေ ရပြန်သည်။

''ဆင်ကြီး ငါးကောင် ကျွန်တော့်လယ်ကွင်းထဲ အရောက်ဖြတ်သွားတယ်။ ကျွန်တော်လည်း ကြောက်တာ နဲ့ ရွာပြန်ပြေးပြီးပြောတော့ ရွာထဲက လူတွေထွက်လာပြီး အသံပေးခြောက်လှန့်လိုက်တော့ သူတို့ ဟိုဘက်ထွက်ပြေး သွားတယ်။ ကျွန်တော်တို့ ရွာခံလေးငါးယောက် အနောက်က လိုက်ကြည့်တာ လွင်ပြင်ကုန်းရွာ အနောက်ဘက်က ကျောက်ပေါက်ကုန်းရိုးတောထဲမှာ ပျောက်သွားတယ်လေ'' ဟု မျက်မြင်တွေ့ရှိလိုက်သောရွာသားတစ်ဦးက ပြောပြ သည်။

ကျွန်တော်နှင့်အတူ ပုပ္ပားတောင်ချစ်သူအဖွဲ့က ဆင် များ ပုန်းလျှိုနေသောကြောင့် နယ်မြေအနေအထား၊ လျှိုအကျယ်အဝန်းအနေအထားများအား ဒေသခံများထံ စုံစမ်းမေးမြန်းရပြန်သည်။ ပထမနေ့က တောဆင်ရိုင်းများ အနောက်သို့ ကနဦးလိုက်လံရှာဖွေစဉ်က ဆင်ဦးစီးများရဲ့ ပြောပြသော ဆင်များပုန်းလျှိုတတ်သော သဘောသဘာဝ များကို တီးမိခေါက်မိခြင်းဟာ ဒုတိယနေ့အတွက် အဖိုးတန် မှုတစ်ခုပင် ဖြစ်သည်။

''ဒါဆိုရင်တော့ ဒီလျှိုထဲမှာသေချာပြီ။ လျှိုထဲကို ဘယ်သူမှ မဆင်းပါနဲ့။ ဆင်ကြီးတွေမြင်ချင်လို့ဆိုပြီး ဘယ် သူမှ အရဲမကိုးပါနဲ့။ သေချာပေါက် ကျွန်တော်တို့ မျက်မြင် တွေ့ချင်လို့ အနီးစပ်ဆုံး ချုံတိုးနေတဲ့နေရာကိုတော့ လမ်း ကျွမ်းကျင်သူ ရွာခံတစ်ဦးရယ်၊ စခန်းမှူးရယ်၊ သေနတ်ပါတဲ့ ရဲတစ်ယောက်ရယ်၊ ဒေသခံအုပ်ချုပ်ရေးမှူးရယ်၊ ကျွန်တော်တို့ထဲက တစ်ယောက်နဲ့ အသံကြားရာကို ချဉ်းကပ်ချင်ပါတယ်''ဟု သေချာသိရှိနိုင်ရန်အတွက် ကနဦး စွန့်စားရလေသည်။ နားမှာတော့ မနေ့က ဆင်ဦးစီးပြောသောစကားကြားယောင်နေမိသည်။ ''ဆင်တွေဟာ မျက်လုံး အမြင်အာရုံနည်းသလောက် အနံ့အာရုံဟာ အလွန်ကောင်း တယ်။ သူတို့ စိတ်မချရတဲ့ အရပ်ဒေသဆို အကြာကြီး မနေဘူး၊ ခဏလောက်နားပြီး ပြန်ထွက်သွားတယ်။ တစ်ခါ တစ်ခါ နှစ်နာရီ သုံးနာရီလောက် မလှုပ်ဘဲလည်း နေနိုင် တယ်။ သူတို့စိတ်ထဲမှာ ပတ်ဝန်းကျင်စိတ်ချရမှသာ နားရွက်လောက်သာ လှုပ်ပြီး အစာစားတဲ့သဘာဝရှိတယ်။ သူတို့နားကို ချဉ်းကပ်ဖို့ဆိုရင် လေကြောင်းအထက်က မချဉ်းကပ်ပါနဲ့။ လေအောက်ကသာ ချဉ်းကပ်ပါ။ အရဲ မကိုးပါနဲ့။ ဆင်လိုက်ရင် ခွေးတောင်မလွတ်ဘူး'' ဟု။
(ဆက်လက်ဖော်ပြပါမည်။)

No comments:

Post a Comment