Monday, September 28, 2015

ကြွေသီးကွဲများအားလဲလှယ်ခြင်းနှင့် သစ်ကိုင်းများ ခုတ်ထွင်ရှင်းလင်း




မကွေး စက်တင်ဘာ ၂၇
မကွေးမြို့ပေါ် မိုးတွင်းကာလ ဓာတ်အားလျှပ်စစ်ဌာနအနေဖြင့် လျှပ်စစ်ဓာတ်အား စဉ်ဆက်မပြတ်ရရှိ နိုင်ရေး ယူနစ်ပျောက်ဆုံးမှု လျော့နည်း ကျဆင်းခြင်းနှင့် ဝင်ငွေတိုးတက်ရရှိနိုင် ရေးအတွက် ရည်ရွယ်၍ မကွေးမြို့ ပေါ်တွင် စက်တင်ဘာလဆန်းပိုင်းမှ စတင်၍ မကွေးမြို့ပေါ်ရှိ ဓာတ်အား ဖြန့်ဖြူးပေးနေသော ၁၁ ကေဗွီ မကွေးဖီဒါ၊ ဆည်မြောင်းဖီဒါ၊ တင့်ကားဖီဒါနှင့် ဆေးတက္ကသိုလ် ဖီဒါတို့ကို ဓာတ်အားလိုင်းများနှင့် မလွတ်ကင်းသော သစ်ပင် သစ်ကိုင်း များကို ခုတ်ထွင်ရှင်းလင်းခြင်း၊ ကြွေသီးကွဲများ အသစ်လဲလှယ်ခြင်း လုပ်ငန်းများအား ခရိုင်လျှပ်စစ် အင်ဂျင်နီယာဦးအေးဝင်းက အနီးကပ် ကြီးကြပ်ပြီး မြို့နယ်လျှပ်စစ် အင်ဂျင်နီယာ ဦးသိန်းထိုက်မွှေးနှင့် လိုင်းဝန်ထမ်းများ ပူးပေါင်း၍ ဆောင်ရွက်ခဲ့သည်။
လက်ရှိ ကြွေသီးကွဲအလုံး ၃၅ဝ လဲလှယ်ခြင်းနှင့် ၁၁ ကေဗွီ ဓာတ်အားလိုင်းများနှင့် မလွတ်ကင်း သည့် သစ်ပင်သစ်ကိုင်းများ ခုတ်ထွင်ခြင်းအား စက်တင်ဘာ ၂ ၆ရက်တွင် ပြီးစီးခဲ့ခြင်းဖြစ်ကြောင်း၊ ယင်းသို့ ဆောင်ရွက်ခဲ့ခြင်းဖြင့် ပြည်သူများအနေဖြင့် လျှပ်စစ် အန္တရာယ် ကင်းရှင်းစေခြင်း၊ သစ် ကိုင်း သစ်ပင်များမှတစ်ဆင့် လျှပ် စစ်ဓာတ်အားများ မြေကြီးအတွင်း ဝင်ရောက်မှုကြောင့် ဖြစ်ပေါ်လာသော လျှပ်စစ်ယူနစ် ပျောက်ဆုံးမှု လျော့နည်း ကျဆင်းစေခြင်း၊ ဓာတ်အားပြတ်တောက်မှု အကြိမ်ရေ လျော့နည်း ကျဆင်းသွားပြီး ဓာတ်အား စဉ်ဆက်မပြတ် ရရှိစေခြင်း၊ ယူနစ်ပျောက်ဆုံးမှုများ လျော့နည်း ကျဆင်းစေသကဲ့သို့ လျှပ်စစ်ဓာတ်အားမှ တိုင်းပြည် ဝင်ငွေတိုးတက် ရရှိစေနိုင်မည် ဖြစ်ကြောင်း ခရိုင်လျှပ်စစ် အင်ဂျင်နီယာ ဦးအေးဝင်းက ပြော သည်။
လက်ရှိ မကွေးမြို့ပေါ်တွင် ထရန်စဖော်မာများ အနေဖြင့် လျှပ်စစ်ဌာနပိုင် ၃၇လုံး၊ အခြား ဌာနပိုင် ၈၃လုံး၊ သာသနာပိုင် ငါးလုံး၊ ပုဂ္ဂလိကပိုင် ၄၉လုံး၊ မြို့နယ် ကျေးရွာပိုင် ၁၁လုံး စုစုပေါင်း ၁၇၅ လုံး တည်ဆောက်ထားပြီး ဖြစ်ကြောင်း သိရသည်။
(ကျော်ဇေယျ)

No comments:

Post a Comment