Monday, September 28, 2015

ဘဝကိုပျော်ရွှင်စွာဖြတ်သန်း



မျက်မှောက်ကာလ လူမှုဘဝအခြေအနေမှန်ကို လေ့လာသုံးသပ် ကြည့်မည်ဆိုလျှင် ပျော်ရွှင်ချမ်းမြေ့ဖွယ်ဘဝများထက် စိတ်ညစ်ညူးဖွယ်၊ စိတ်ပျက်ဖွယ်ဘဝများက ပိုများမည်ဟု ထင်မြင်မိသည်။ လူတစ်ဦးချင်းစီဘဝ အခြေအနေများကို မှန်မှန်ကန်ကန် စစ်ထုတ်ကြည့်မည်ဆိုပါက အဆိုပါ ထင်မြင်ချက်မှာ လက်ခံနိုင်ဖွယ်ရှိမည်။
ပတ်ဝန်းကျင်ကို ဖြတ်သန်းရာတွင်ဖြစ်စေ၊ လုပ်ငန်းခွင်တွင် ကျင်လည် ရာတွင်ဖြစ်စေ စိတ်အလိုမကျမှုများ၊ စိတ်အနှောင့်အယှက်ဖြစ်စရာများ၊ လွဲချော်မှုများ၊ မှားယွင်းမှုများ စသည့်အဆင်မပြေမှုများကို အနည်းနှင့် အများဆိုသလို ကြုံတွေ့ရတတ်ပါသည်။ ထိုသို့ကြုံတွေ့မှုများထဲတွင် ရိုးရှင်းသည့် နေ့စဉ်ကြုံတွေ့လေ့ရှိသည့်အဖြစ်မှာ အချိန်လုခြင်းပင်ဖြစ်သည်။
ခေတ်မီဖွံ့ဖြိုးတိုးတက်လာသည့် ခေတ်ကာလတွင် အရာရာအတွက် မဖြစ်မနေအချိန်ပေး၊ အချိန်လုလာကြသည်။ ပြင်ပလောကအတွက် နိစ္စဓူဝကြုံတွေ့ရသော အချိန်ပေးနေရခြင်းသည်ပင် စိတ်ဖိစီးစရာ ဖြစ်လာသည်။ အထူးသဖြင့် ရန်ကုန်မြို့ကြီးကဲ့သို့ လူဦးရေများပြားပြီး ယာဉ်ကြောထူထပ်သည့် မြို့ကြီးများတွင် အချိန်ပေးရခြင်းသည်ပင် လူတစ်ဦးချင်းစီအတွက် ဝန်ထုပ်ဝန်ပိုးဖြစ်လာသည်။
လုပ်ငန်းခွင်များတွင်လည်း ထိုနည်းလည်းကောင်းပင်။ အချိန်ကိုက်ဖြစ် စေရေး၊ အမှားအယွင်းကင်းစင်ရေး၊ သတ်မှတ်ထားသော စံချိန်စံညွှန်းများနှင့် ကိုက်ညီရေး၊ ညွှန်ကြားထားချက်နှင့် ညီညွတ်ရေး၊ ပေါ့လျော့မှုမဖြစ်ရေး၊ လုပ်မှားကိုင်မှားမဖြစ်ရေး စသည့် အလုပ်ခွင်ဆိုင်ရာ သတ်မှတ်ချက်များအား သတိကြီးစွာ ထားကြရသည်။ ထိုအခါ လွဲချော်မှုဖြစ်မည်ကို လိုသည်ထက်ပို၍ ကြောက်နေမိတတ်သည်။ သို့မဟုတ် အရည်အချင်းစံချိန်စံညွှန်းမပြည့်မီ သဖြင့် ထူးမခြားနားဖြစ်တတ်သည်။
ထိုအချက်များကပင် မိမိတို့ကိုယ်တိုင် မည်သို့လုပ်ကိုင်ရမည်၊ မည်သို့ စဉ်းစားရမည်၊ မည်သို့စွန့်စားရမည်၊ မိမိတို့၏ လုပ်နိုင်ကိုင်နိုင်စွမ်းနှင့် အစွမ်း အစအပေါ် မည်သို့ယုံကြည်စိတ်ထားရမည်စသည့် မိမိတို့၏ ကိုယ်ပိုင်လုပ်ကိုင် နိုင်စွမ်း၊ ထိုးထွင်းတီထွင်နိုင်စွမ်း စိတ်တို့ကို ထုံထိုင်းသွားစေသည်။ အခြား တစ်မျိုးတွင် လုပ်ငန်းခွင်ပဋိပက္ခ၊ လုပ်ငန်းခွင်အယူအဆ ကွဲလွဲမှုများကလည်း လုပ်ကိုင်လိုစိတ်ကို တုံ့ဆိုင်းသွားစေသည်။
ယင်းတို့ကို ဖြေရှင်းရာတွင် စိတ်ထားမှန်ကန်ဖို့လိုသည်။ အမှန်တွင် နှစ်ဖက်အမြင်ဖြင့် တွေးသင့်သည်။ တစ်ဖက်က မပြောင်းလဲနိုင်လျှင် အခြားတစ်ဖက်က ပြောင်းလဲနိုင်ရမည်။ လုပ်မှုကိုင်မှုများကြောင့် ပြောကြဆို ကြရာတွင် မိမိစိတ်နှင့်မတွေ့တိုင်း စိတ်မထိခိုက်မိဖို့လိုသည်။ တစ်ဖက်က ဒေါသနှင့်ပြုလာလျှင် ပြဿနာအဖြစ် မခံယူပါက စိတ်သက်သာရာ ရသွားနိုင်သည်။ ဒေါသနောက်သို့ မိမိကပါ လိုက်ပါသွားလျှင် မခံနိုင်မှု သာမက စိတ်ဓာတ်ကျမှုပါ ဖြစ်ပေါ်လာမည်။
တတ်နိုင်သရွေ့ မိမိစိတ်နှင့်ကိုယ်ကို ထားတတ်အောင် နေထိုင်သွား ပါက စိတ်သက်သာရာ ရစေနိုင်သည်။ ပြီးမှသာ မိမိကိုယ်ကို အတတ်နိုင်ဆုံး၊ အကောင်းဆုံး ပြုပြင်တည့်မတ်သင့်သည်။ တရားသဘော၊ တရားအသိအရ အဆိုးနှင့်ကြုံကြိုက်သည့်အခါ မိမိကိုယ်ကို သုံးသပ်ဆင်ခြင်၍ ထိုအဆိုး ကြောင့်ပင် စိတ်ဓာတ်ရင့်ကျက်သူ၊ အသိဥာဏ်ရင့်ကျက်သူ၊ ပိုမိုသဘောထား ကြီးသောသူ၊ ပိုမိုသည်းခံနိုင်သူဖြစ်အောင် ကြိုးပမ်းအားထုတ်နိုင်ပါလျှင် စိတ်ချမ်းသာခြင်းကို အလိုလိုရရှိလာနိုင်မည်ဖြစ်သည်။
လောကတွင် လူတို့အနေဖြင့် ထိခိုက်နစ်နာသည်၊ ဆုံးရှုံးသည်ဟု ဆိုတတ်ကြသည်။ အမှန်တွင် မထိခိုက်ပါ၊ မနစ်နာပါ၊ ထိခိုက်နစ်နာဆုံးရှုံးမှု ကြုံတွေ့ရပါက အသစ်တစ်ဖန်ပြန်လည်စတင်ကာ အောင်မြင်အောင် ဆက်လက်ကြိုးစားရန်သာဖြစ်သည်။ ဆုံးရှုံးမှုကို အရှုံးဟုမသတ်မှတ်ဘဲ အရှုံးထဲမှ အမြတ်ထွက်အောင် ကြိုးပမ်းအားထုတ်သင့်သည်။
စိတ်ပျက်လက်လျှော့ခြင်းအစား မြင့်မြတ်သောစိတ်ထားကာ အကောင်းဆုံးစိတ်ထား၊ အကောင်းဆုံးအသိဥာဏ်များနှင့် သည်းခံခြင်း စိတ်ကိုမွေးနိုင်သောသူ၊ အားထုတ်နိုင်သောသူသည် စိတ်ဖိစီးခြင်းများမှ ကင်းလွတ်ကာ လူ့ဘဝတွင် အကောင်းဆုံးနေထိုင်နိုင်ပြီး အောင်မြင်ခြင်း များအား ရရှိပိုင်ဆိုင်နိုင်မည်ဟု အကြံပြုအပ်ပါသည်။ ။

No comments:

Post a Comment