Wednesday, September 2, 2015

ခေါင်းဆောင်များနှင့် တာဝန်ရှိသူတို့ပြောသော လမ်းပန်းဆက်သွယ်ရေးလွယ်ကူမှုမှသည် နိုင်ငံဖွံ့ဖြိုးမှုဆီသို့


သတင်းအင်တာဗျူး - ညီညီထွန်း၊ ရဲခေါင်ညွန့်၊ ဓာတ်ပုံ - ဖိုးထောင်
သြဂုတ် ၃ဝ ရက်က ဒေါနတောင်ပတ်ကားလမ်းသစ် ကော့ကရိတ်-သင်္ဃန်းညီနောင်-မြဝတီလမ်းကို ဖွင့်လှစ် နိုင်ခဲ့သည်။ ကော့ကရိတ်-သင်္ဃန်းညီနောင်-မြဝတီလမ်းသည် အာရှလမ်းမကြီး (အာဆီယံအဝေးပြေးလမ်းမကြီး) အတွင်း ပါဝင်ပြီး နိုင်ငံ ၃၂ နိုင်ငံနှင့် ဆက်စပ်လျက်ရှိသည်။ အဆိုပါလမ်းမကြီး ဖွစ်လှစ်နိုင်ခဲ့ခြင်းကြောင့် ယခင်က ကော့ကရိတ်မှ မြဝတီသို့သွားသည့် တောင်ပေါ်လမ်းဟောင်းတွင်ကြုံရသော အခက်အခဲများကို ကျော်လွှားနိုင်ပေတော့မည်။ ကော့ကရိတ်မှ မြဝတီသို့သွားသည့် တောင်ပေါ်လမ်းဟောင်းသည် တောင်ခါးပန်းနှင့် တောင်နံရံများကို ဖောက်လုပ်ထား ခြင်းကြောင့် အတက်တစ်ရက်၊ အဆင်းတစ်ရက်စနစ်ဖြင့်သာ သွားလာခဲ့ရသည်။
ယင်းသို့ အခက်အခဲများအား ယခုဖွင့်လှစ်လိုက်သော ကော့ကရိတ်-သင်္ဃန်းညီနောင် - မြဝတီလမ်းက ဖြည့်ဆည်းပေးနိုင်တော့မည် ဖြစ် သည်။ ယခင်က အဆင်းတစ်ရက်၊ အတက်တစ်ရက်စနစ်ဖြင့် သွားလာခဲ့ ရသော မြဝတီသို့ ယခုအခါတွင် ၄၅ မိနစ်မျှဖြင့် ရောက်ရှိတော့မည်ဖြစ် သည်။
မြန်မာ-ထိုင်း ကုန်သည်များ မျှော် လင့်လျက်ရှိနေသည့် ကော့ကရိတ်-မြဝတီလမ်းကြီး ယခုအခါတွင် ဖွင့်လှစ်လိုက်ပြီ ဖြစ်သောကြောင့် စီးပွားရေးသာမက ဒေသခံတို့၏ လူမှု ရေးနှင့်ကျန်းမာရေးကိုပါ အထောက် အကူရရှိစေမည်ဖြစ်သည်။ မြန်မာနှင့် ထိုင်းနှစ်နိုင်ငံအစိုးရသည် မြန်မာ-ထိုင်းအတွက်သာမက ဒေသတွင်း နိုင်ငံများကိုပါ ထပ်မံအထောက် အကူပြုနိုင်စေရန်အတွက် မြန်မာ-ထိုင်းချစ်ကြည်ရေးတံတား အမှတ်(၂) ပန္နက်တင်နိုင်ခဲ့ပြီး နားလည်မှု စာချွန်လွှာ လက်မှတ်ရေးထိုးနိုင်ခဲ့ သောကြောင့် ၂ဝ၁၈ ခုနှစ်မတိုင်မီ တံတားသစ်တစ်စင်း မြင်တွေ့ရဖွယ် ရှိနေသည်။ ကော့ကရိတ်-သင်္ဃန်း ညီနောင်-မြဝတီလမ်းကို ဖွင့်လှစ် နိုင်မှုနှင့် မြန်မာ-ထိုင်းချစ်ကြည်ရေး တံတား အမှတ်(၂) ပန္နက်တင်နိုင်မှု တို့ကြောင့်ရရှိလာနိုင်မည့် အကျိုး ရလဒ်များအပေါ် နိုင်ငံ့ခေါင်းဆောင် များနှင့် တာဝန်ရှိသူများအား တွေ့ဆုံ မေးမြန်းခဲ့သည်များကို ဖော်ပြအပ် ပါသည်။
ဦးဥာဏ်ထွန်း
ဒုတိယသမ္မတ
ပြည်ထောင်စုသမ္မတ
မြန်မာနိုင်ငံတော်

အခုလို ကော့ကရိတ်-သင်္ဃန်း ညီနောင် - မြဝတီလမ်းကို အောင်အောင်မြင်မြင် ဖွင့်လှစ်နိုင် တဲ့အတွက် လမ်းပန်းဆက်သွယ်မှုတွေ ပိုမိုချောမွေ့သွားမှာပါ။ နယ်စပ် ဒေသမှာ မှီတင်းနေထိုင်ကြတဲ့ နှစ်နိုင်ငံ ပြည်သူတွေရဲ့ အကျိုးစီးပွား ကို လက်တွေ့ကျကျ အကောင် အထည်ဖော်ပေးနိုင်တဲ့ အောင်မြင်မှု တစ်ခုပါ။ အခုလည်း မြန်မာ-ထိုင်း ချစ်ကြည်ရေးအမှတ်(၂) တံတား ပန္နက်တင်ပွဲလုပ်နေတယ်။ အမှတ်(၁) ချစ်ကြည်ရေးတံတားကတော့ ကူလူး ဆက်သွယ်မှုတွေ များလာတဲ့အတွက် ကုန်တင်ဖြတ်သန်းတဲ့အခါမှာ တံတား ပမာဏသေးတဲ့အတွက် လိုချင် သလောက်တင်မရဘူး။ ဒါကြောင့် တံတားအမှတ်(၂) ကိုဆောက်လုပ်ပြီး နှစ်နိုင်ငံ ကုန်သွယ်မှုနဲ့ အခြားဆက်ဆံ မှုတွေ မြှင့်တင်တာပါ။ ဒီတံတားကြီး ပြီးသွားရင် နှစ်နိုင်ငံ ပြည်သူတွေရဲ့ အကျိုးစီးပွားသာမကဘဲ ဒေသတွင်း နိုင်ငံတွေအတွက်ပါ အထောက်အပံ့ ပေးနိုင်မယ်လို့ ယုံကြည်ပါတယ်။ ကျွန်တော်တို့ နှစ်နိုင်ငံရဲ့ ပူးပေါင်း ဆောင်ရွက်မှုတွေကိုlevel အသီးသီး မှာ ဆက်လက်မြှင့်တင်သွားမှာ ဖြစ်ပါတယ်။ မြန်မာ-ထိုင်း နှစ်နိုင်ငံရဲ့ ဆက်ဆံရေးဟာ အလွန်ကောင်းမွန်တဲ့ အနေအထားမှာ ရှိနေပါတယ်။
ဦးဝင်းလွင်
အင်ဂျင်နီယာချုပ်
(ဆောက်လုပ်ရေးဝန်ကြီးဌာန)

ကျွန်တော်က ကရင်ပြည်နယ် ဆောက်လုပ်ရေးဝန်ကြီးဌာန ရုံးချုပ် ကိုယ်စားတာဝန်ယူရပါတယ်။ အာရှ လမ်းမကြီး (အာဆီယံအဝေးပြေး လမ်းမကြီး)က နိုင်ငံ ၃၂ နိုင်ငံနဲ့ ဆက်စပ်နေပါတယ်။ အာရှလမ်းမကြီး ကတော့ နိုင်ငံပေါင်း ၁ဝ နိုင်ငံနဲ့ ဆက်စပ်နေပါတယ်။ အိန္ဒိယ-မြန်မာ-ထိုင်း အာဆီယံTripper type သုံးနိုင်ငံနဲ့ ဆက်စပ်နေပါတယ်။ မဲခေါင်ဒေသဖွံ့ဖြိုးရေးမှာ တရုတ်၊ မြန်မာ၊ ကမ္ဘောဒီးယား၊ ထိုင်း၊ လာအို၊ ဗီယက်နမ် ခြောက်နိုင်ငံပါပါတယ်။ အရှေ့-အနောက် စီးပွားရေးစင်္ကြံ လမ်းမပေါ်မှာတည်ရှိနေတဲ့ ကော့ ကရိတ်-သင်္ဃန်းညီနောင်-မြဝတီလမ်း ဟာဆိုရင် ၄၅ ဒသမ ၄၅ ကီလိုမီတာ အရှည်ရှိပါတယ်။ ၂ဝ၁၂ ခုနှစ်က တည်ဆောက်ပြီး ၂ဝ၁၅ ခုနှစ် ဇူလိုင် လမှာ အားလုံးပြီးစီးအောင် ဆောင်ရွက်နိုင်ခဲ့ပါတယ်။ နှစ်လမ်း သွားဖြစ်ပြီး တစ်လမ်းကို ၃ ဒသမ ၅ ကီလိုမီတာနဲ့ လမ်းပခုံးကတော့ တစ်ဖက်စီမှာ ၁ ဒသမ ၅ မီတာရှိပါ တယ်။ အကျယ်အားဖြင့် ၁ဝ ကီလို မီတာပါ။ လမ်းသားကတော့ ကတ္တရာ၊ ကွန်ကရစ်ဖြစ်ပါတယ်။ ဒီလမ်းမကြီး ဟာ အာဆီယံအဆင့်အနေနဲ့ဆို အဆင့်(၂)အထိ ဆောင်ရွက်ထား တော့ ကျွန်တော်တို့ အင်ဂျင်နီယာတွေ အနေနဲ့ နည်းပညာအသစ်တွေအများ ကြီးရပါတယ်။
ပန္နက်ရိုက်ပြီး ဆောက်လုပ်တော့ မယ့် မြန်မာ-ထိုင်း ချစ်ကြည်ရေး တံတားအမှတ် (၂) တံတားအရှည်က မီတာ ၁၂ဝရှိပါတယ်။ တစ်ဖက်ကို ၄၅ မီတာရှိတဲ့ ချဉ်းကပ်တံတားပါ။ အမှတ်(၁) တံတားနဲ့ ငါးကီလိုမီတာ အကွာမှာရှိပါတယ်။ ဒီတံတားကို ထိုင်း-မြန်မာပူးပေါင်းဆောင်ရွက်ရေး ကော်မတီတစ်ရပ်ဖွဲ့ပြီး ဆောင်ရွက် သွားမှာပါ။ ကုန်ကျစရိတ်ကိုတော့ ထိုင်းနိုင်ငံဘက်ကပဲ ကျခံပေးမှာပါ။ စုစုပေါင်း ဘတ်သန်းပေါင်း ၃၉ဝဝ ကျခံပြီး တည်ဆောက်မှာပါ။
ဒီလမ်းကြီးကို ဖောက်လုပ်ပြီးစီး သွားတဲ့အတွက် အရင်သွားနေတဲ့ မူလလမ်းဟောင်းက တစ်ရက်ကို တစ်ကြောင်းပဲ သွားလို့ရတယ်။ အသွား တစ်ရက်၊ အပြန်တစ်ရက်ပါ။လမ်းဟောင်းက သွားရတဲ့ အခက်အခဲ က အများကြီးပါ။ သြဂုတ် ၂၉ ရက် ကဆို ကားအစီး ၂ဝဝဝ လောက်ရပ်ပြီး ပိတ်သွားတာတွေ ဖြစ်ပါတယ်။ ဘာကြောင့်လဲဆိုရင် ယာဉ်မောင်း စည်းကမ်းမရှိမှု၊ လမ်းရဲ့အားနည်းမှု၊ ရာသီဥတုဒဏ်တွေကြောင့် ရေတိုက် စားပြီး လမ်းသားတွေ ပဲ့ပါကုန်တာ ကြောင့် သွားလို့မရခဲ့ပါဘူး။ အခု ချိန်မှာတော့ အချိန်တိုသွားနိုင်တဲ့ အတွက် ဒေသခံပြည်သူလူထုရဲ့ ကျန်းမာရေး၊ စီးပွားရေး၊ လူမှုရေး အစစအရာရာ ပိုကောင်းလာမှာပါ။ နောက်တစ်ခုက နယ်စပ်ကုန်သွယ် ရေးမှာလည်း အများဆုံး ကုန်သွယ် နေတဲ့ ဝင်ပေါက်/ထွက်ပေါက်ဖြစ်တာ ကြောင့် စီးပွားရေးအရ အကျိုး ဖြစ်ထွန်းမှု များစွာရရှိစေပါတယ်။ ဒီလမ်းမကြီးကတော့ ကျွန်တော်အခု ပြောပြတဲ့ အခက်အခဲတွေ အားလုံး ကျော်လွှားပေးနိုင်မှာပါ။
ဦးစောဝင်းထိန်
ကရင်ပြည်နယ်အစိုးရအဖွဲ့
ခေတ္တဝန်ကြီးချုပ်

သြဂုတ် ၃ဝ ရက်မှာ စတင် လွှဲပြောင်းခဲ့တဲ့ ကော့ကရိတ်-သင်္ဃန်း ညီနောင်-မြဝတီလမ်း ဖွင့်လှစ်နိုင်တဲ့ အတွက် ကျွန်တော်တို့ ပြည်နယ်သူ ပြည်နယ်သားတွေသာမကဘဲ ဗီယက်နမ်၊ လာအို၊ ထိုင်း၊ မြန်မာတစ်လျှောက် မှာရှိတဲ့ ပြည်သူပြည်သားတွေ အတွက်ပါ အကျိုးရှိမှာဖြစ်ပါတယ်။ စီးပွားရေးကို အထောက်အကူပြုမှာပါ။ နောက် မြန်မာ-ထိုင်း ချစ်ကြည်ရေး အမှတ်(၂)တံတားကိုလည်း ဆောက် မယ်ဆိုတော့ နှစ်နိုင်ငံ ပြည်သူတွေရဲ့ ချစ်ကြည်ရင်းနှီးမှုကို ဆတက်ထမ်းပိုး တိုးအောင် ဆောင်ရွက်ပေးမယ့် မေတ္တာ ပေါင်းကူးတံတားလို့ ပြောချင်ပါတယ်။ လမ်းမပြီးခင်မှာ ကျွန်တော်တို့ တောင်ပေါ်လမ်းကနေသွားရပါတယ်။ တောင်ပေါ်လမ်းဆိုတာ ကျောက်နံရံ တွေ ထွင်းဖောက်ပြီးသွားရတဲ့ လမ်းဆို တော့ ယာဉ်တစ်စီးစာပဲ သွားလို့ရပါ တယ်။ အဲ့ဒီတော့ ဘားအံကနေ မြဝတီ အတက် တစ်ရက်၊ အဆင်းတစ်ရက် ဆိုပြီး သွားရပါတယ်။ ဒီတော့ ကုန်စည်စီးဆင်းမှုတွေ နှောင့်နှေးရပါ တယ်။ အခုတော့ ယာဉ်တွေ ချောချော မွေ့မွေ့သွားနိုင်မှာဆိုတော့ အများကြီး အထောက်အကူပြုမှာပါ။ တံတား ကတော့ နှစ်နှစ်လောက်ကြာ လိမ့်မယ်။
ပဒိုမန်းငြိမ်းမောင်
(ဗဟိုကော်မတီဝင်)
ကရင်အမျိုးသားအစည်းအရုံး(KNU)

အရင်လမ်းဟောင်းက နှစ်နာရီ လောက်သွားရတယ်။ ဒီလမ်းက မိနစ် ၃ဝ လောက်ပဲသွားရမယ်။ ဒါကြောင့်မို့ လမ်းပန်းဆက်သွယ်ရေး ပိုမိုကောင်း လာမယ်။ လမ်းပန်းဆက်သွယ်ရေး ကောင်းမွန်မှုဟာ ပြည်သူတွေ အတွက် အများကြီးအကျိုးရှိပါတယ်။ ဒေသဖွံ့ဖြိုးရေးအတွက်ကော၊ နိုင်ငံ တော်အတွက်ပါ အကျိုးဖြစ်ထွန်းမှုများ တယ်။ ကျွန်တော်တို့ ကရင်ပြည်နယ် မှာ ဖောက်တဲ့လမ်းဆိုတော့ ကရင် လူမျိုးအတွက် အင်မတန်အကျိုးရှိ ပါတယ်။ အခု ထိုင်း-မြန်မာ ချစ်ကြည် ရေးတံတားအမှတ်(၂)သာ ထပ် ဆောက်လို့ ပြီးမယ်ဆိုရင် မျှော်မှန်းလို့မရနိုင်အောင် အလွန် ကောင်းမွန်တဲ့ အကျိုးရလဒ်တွေ ရပါလိမ့်မယ်။ ကျွန်တော်တို့က ငြိမ်းချမ်းရေးရအောင် တည်ဆောက် မယ့်အဖွဲ့အစည်းပါ။ နှစ်ပေါင်း ၆ဝ ကျော် ကျွန်တော်တို့ပြည်သူတွေ ပြည်တွင်းစစ်ရဲ့ဒဏ်ကို ခါးသီးစွာ ခံစားလာရတဲ့အတွက် ငြိမ်းချမ်းရေး က ကျွန်တော်တို့ရဲ့ ဆန္ဒဖြစ်တယ်။ ကျွန်တော်တို့ရဲ့ ဘဝ၊ အနာဂတ်နဲ့ ကံကြမ္မာဖြစ်ပါတယ်။ ကရင်အမျိုးသား တွေအနေနဲ့ ငြိမ်းချမ်းရေးရယူဖို့ ဆန္ဒ ဘယ်လောက်ရှိတယ်ဆိုတာ ကွင်းဆင်း လေ့လာကြည့်ပါ။
ဦးဝင်းမောင်
ထိုင်းနိုင်ငံဆိုင်ရာ
မြန်မာနိုင်ငံ သံအမတ်ကြီး

ကျွန်တော် ဘန်ကောက်မှာ သံအမတ်အဖြစ် တာဝန်ထမ်းဆောင် တာ တစ်နှစ်ခွဲရှိပါပြီ။ ဒီလမ်းကြီးကို လွန်ခဲ့တဲ့ နှစ်နှစ်ကျော်လောက် ကတည်းက စီစဉ်နေတာပါ။ မြန်မာ-ထိုင်းချစ်ကြည်ရေးအမှတ်(၂) တံတား ကိုလည်း ဆက်လက်လုပ်ဆောင်ဖို့ စီစဉ်နေပါတယ်။ အခုလို လမ်းတွေ၊ တံတားတွေ ဖြစ်ထွန်းလာတဲ့အတွက် နှစ်နိုင်ငံ ပြည်သူလူထုသွားရေး လာရေးတွေ ပိုမိုလွယ်ကူပြီး နှစ်နိုင်ငံ ကုန်သွယ်မှုကိုလည်း ပိုမိုမြှင့်တင်နိုင် မှာပါ။ နောက် အာဆီယံအနောက် စင်္ကြံလမ်းလို့ ခေါ်တဲ့ အိန္ဒိယ-မြန်မာ-ထိုင်းအတွက်လည်း ဒီလမ်းဟာ အထောက်အကူ ဖြစ်စေမှာပါ။ ဒီလမ်းမဖောက်ခင်က ကုန်သွယ်မှုမှာ အဆင်းတစ်ရက်၊ အတက်တစ်ရက် ထားပြီး ကုန်ပစ္စည်းတွေ သယ်ဆောင် ရပါတယ်။ အဆင်းပဲဖြစ်ဖြစ်၊ အတက် ပဲဖြစ်ဖြစ် ကားပျက်ပြီဆို ပိုမိုနှောင့် နှေးတယ်။ အချိန်လည်းပိုကြာတယ်။ အခုဆိုရင် ၄၅ မိနစ်လောက်နဲ့ ကော့ကရိတ်ကို ရောက်မှာဆိုတော့ ကုန်စည်စီးဆင်းမှု၊ လူမှုရေး၊ ကျန်းမာရေး အားလုံးကောင်းလာ မှာပါ။ 
မြန်မာနဲ့ ထိုင်းပြည်သူတွေအတွက် ဗီဇာကင်းလွတ်ခွင့်ရရှိရေး လက်မှတ် ရေးထိုးပြီး မြန်မာနဲ့ သွားလာမှုတွေ လုပ်လို့ရအောင် ဆောင်ရွက်နေ ပါတယ်။ ဒီလမ်းတွေနဲ့ နောက် ဒုတိယတံတားဖွင့်ပြီးချိန်မှာ ဝင်ခွင့် လက်မှတ်တွေ အခမဲ့ရရှိအောင် ဆောင်ရွက်သွားမှာဖြစ်ပါတယ်။ ။

No comments:

Post a Comment