Tuesday, September 29, 2015

သဘာဝဘေးကျရောက်မှု သတိပေးချက်များအပေါ် အကောင်အထည်ဖော်ရန် ရှေ့ပြေးစီမံကိန်းတွင် ပါဝင်သူများ အလုပ်ရုံဆွေးနွေးပွဲကျင်းပ





နေပြည်တော် စက်တင်ဘာ ၂၈

ပို့ဆောင်ရေးဝန်ကြီးဌာန မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာန ကမ္ဘာ့ မိုးလေဝသအဖွဲ့ချုပ် (World Meteorological Organization - WMO)နှင့် ကမ္ဘာ့ဘဏ်၏ သဘာဝ ဘေးအန္တရာယ် လျော့ပါးရေးနှင့် ပြန်လည်ထူထောင်ရေးအတွက် ကမ္ဘာ လုံးဆိုင်ရာ အထောက်အကူအဖွဲ့ (World Bank (WB)/ Glaobal Facility For Disaster Reduction and Recovery - GFDRR) တို့ ပူးပေါင်း၍ အကျိုးသက်ရောက်မှုကို အခြေခံသော ခန့်မှန်းချက်နှင့် သဘာဝဘေးကျရောက်မှုကို အခြေခံသော သတိပေးချက်များအပေါ် အကောင်အထည်ဖော်ရန် ရှေ့ပြေး စီမံကိန်းတွင် ပါဝင်ပတ်သက်သူများအလုပ်ရုံဆွေးနွေးပွဲ ဖွင့်ပွဲအခမ်းနားကို ယနေ့နံနက် ၉ နာရီတွင် နေပြည်တော် ရှိ Park Royal Hotelူ ၌ ကျင်းပသည်။

အခမ်းအနားတွင် ပို့ဆောင်ရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဟန်စိန် က ကြိုဆိုနှုတ်ဆက် အမှာစကား ပြောကြားသည်။ ထို့နောက် ကမ္ဘာ့ မိုးလေဝသအဖွဲ့ချုပ် မိုးလေဝသနှင့် သဘာဝဘေးအန္တရာယ်ကျရောက်မှုလျော့ပါးရေးဝန်ဆောင်မှုလုပ်ငန်းများ ဌာန အများပြည်သူနှင့် သက်ဆိုင် သော မိုးလေဝသဝန်ဆောင်မှု လုပ်ငန်းများဌာနခွဲ၏ အကြီးအကဲ Ms. Haleh Kootval က အဖွင့်အမှာ စကား ပြောကြားသည်။ အခမ်းအနား သို့ ဌာနဆိုင်ရာ အကြီးအကဲများ၊ နယ်သာလန်နိုင်ငံ၊ အင်္ဂလန်နိုင်ငံနှင့် တရုတ်ပြည်သူ့ သမ္မတနိုင်ငံတို့မှ မိုးလေဝသနှင့် ဇလဗေဒဆိုင်ရာ ကျွမ်းကျင်သူ ပညာရှင်များနှင့် ဖိတ်ကြားထားသော ဌာနဆိုင်ရာ ကိုယ်စားလှယ်များ တက်ရောက်ကြသည်။

အလုပ်ရုံဆွေးနွေးပွဲတွင် ဖိတ်ကြားထားသော ပညာရှင်များနှင့် တက်ရောက် လာသူများအကြား အတွေ့အကြုံနှင့် ဗဟုသုတများမျှဝေ ပြီး ဝိုင်းဝန်းဆွေးနွေးခြင်းဖြင့် ကမ္ဘာ့ ဘဏ်၏ သဘာဝဘေးအန္တရာယ် လျော့ပါးရေးနှင့် ပြန်လည်ထူထောင် ရေးအတွက် ကမ္ဘာလုံးဆိုင်ရာ အထောက်အကူအဖွဲ့နှင့် အတူ ပူးပေါင်းဆောင်ရွက်မည့် မြန်မာနိုင်ငံအတွက် အကျိုးသက်ရောက်မှုကို အခြေခံသော ခန့်မှန်းချက်နှင့် သဘာဝဘေးကျရောက်မှုကို အခြေခံသော ကြိုတင်သတိပေးချက်များအတွက် ရှေ့ပြေးစီမံကိန်းပုံစံရေးဆွဲရာတွင် အောင်မြင်မှုရရှိစေရန်၊ အလုပ်ရုံဆွေးနွေးပွဲမှ ဆွေးနွေးချက် များသည် တက်ရောက်လာသူ ကိုယ်စားလှယ်များ၊ ကမ္ဘာ့မိုးလေဝသ အဖွဲ့ချုပ်၏ မိုးလေဝသဝန်ဆောင်မှုလုပ်ငန်းများနှင့် ကျွမ်းကျင်သူ ပညာ ရှင်များအား ဦးဆောင်လမ်းပြမှုဖြစ် စေပြီး မြန်မာနိုင်ငံအတွက် အကောင်းဆုံးသော အဆိုပြုချက်များရရှိစေရန် စသည့်ရည်ရွယ်ချက်များဖြင့် ကျင်းပ ခြင်းဖြစ်သည်။ အလုပ်ရုံဆွေးနွေးပွဲကို စက်တင်ဘာ ၃ဝ ရက်ထိ ကျင်းပသွား မည်ဖြစ်ကြောင်း သိရသည်။
(သတင်းစဉ်)

No comments:

Post a Comment