Sunday, August 30, 2015

ဟင်္သာတမြို့နယ်တွင် ရေဘေးသင့်ပြည်သူများ နေရပ်သို့ပြန်လည်ရောက်ရှိ၊ စာသင်ကျောင်းများ ပြန်လည်ဖွင့်လှစ်





The Mirror Daily's photo.
 


ဟင်္သာတ သြဂုတ် ၂၉

ဧရာဝတီတိုင်းဒေသကြီး ဟင်္သာတမြို့နယ်တွင် ရေများပြန်လည်ကျဆင်းသွား၍ ရေဘေးသင့်ပြည်သူများ နေရပ်အသီးသီးသို့ ပြန်လည်ရောက်ရှိနေထိုင်လျက်ရှိပြီး စာသင်ကျောင်းများ ပြန်လည်ဖွင့်လှစ်နေပြီကြောင်း သိရသည်။

ယင်းမြို့နယ်တွင် သြဂုတ် ၆ ရက်ခန့်မှစတင်၍ ဧရာဝတီမြစ်နှင့် ငဝန်မြစ်ရေ မြင့်တက်ခဲ့မှုကြောင့် ရပ်ကွက် ၂၁ ခုနှင့် ကျေးရွာအုပ်စု ၁ဝ၃ စုတွင် ကျေးရွာပေါင်း ၈၂ဝ ရှိသည့်အနက် ရပ်ကွက်တစ်ခုနှင့် ကျေးရွာအုပ်စု ၂၂ စုမှ ကျေးရွာပေါင်း ၁ဝ၄ ရွာ ရေနစ်မြုပ်မှုဒဏ် ခံစားခဲ့ရသည်။ ထိုဖြစ်ပွားမှုကြောင့် သက်ဆိုင်ရာတာဝန် ရှိသူများနှင့်အတူ အရပ်ဘက်လူမှုအဖွဲ့များက ကယ်ဆယ်ရေးစခန်း ၂၉ ခု ဖွင့်လှစ်၍ အိမ်ထောင်စု ၁၄၂၈ စု၊ လူဦးရေ ၅၈၆၂ ဦးတို့ကို ကူညီစောင့်ရှောက်မှုများပေး ခဲ့သည်။ ထို့အပြင် အခြေခံပညာသင်ကျောင်း ၃၄၄ ကျောင်းရှိသည့်အနက် စာသင်ကျောင်း ၆၂ ကျောင်းကို ယာယီပိတ်ခဲ့ရသည်။
အဆိုပါဖြစ်စဉ်နှင့်ပတ်သက်၍ ဟင်္သာတမြို့နယ် အထွေထွေအုပ်ချုပ်ရေးမှူး ဦးတင်အောင်ဝင်းက ''ကျွန်တော်တို့ အချိန်မီ ကြိုတင်ကာကွယ်မှုတွေလုပ်နိုင်ခဲ့တယ်။ အိမ်ပြိုသွားတာမျိုးမရှိပါဘူး။ ရေမြုပ်တာ လောက်ပဲဖြစ်ခဲ့တာပါ။ လူအသေအပျောက်မရှိခဲ့ဘူး။ တိရစ္ဆာန်တွေကိုလည်း အချိန်မီ ကယ်ဆယ်မှုတွေ လုပ်နိုင် ခဲ့ပါတယ်။ ကျွဲ၊ နွား ၁၈ ကောင်လောက်တော့ ကျန်းမာရေး မကောင်းတာအပြင် ပိုးထိတာကြောင့် သေဆုံးခဲ့တာတော့ ရှိပါတယ်။ အခုဆိုရင် ရေပြန်ကျသွားလို့ အားလုံးနေရပ် ပြန်ကုန်ပါပြီ''ဟု ပြောသည်။

ယခုအခါ ရေများ ပြန်လည်ကျဆင်းသွားပြီဖြစ်၍ ကယ်ဆယ်ရေးစခန်းများကို ပိတ်သိမ်းလိုက်ပြီး ရေဘေး သင့်ပြည်သူအားလုံးတို့သည် မိမိတို့၏ နေရပ်များသို့ ပြန်လည်ရောက်ရှိနေထိုင်နေသည့်အပြင် ယာယီပိတ် ထားခဲ့ရသည့် အခြေခံပညာကျောင်းများကို ပြန်လည် ဖွင့်လှစ်နေပြီဖြစ်ကြောင်း သိရသည်။

''ရေပြန်ကျသွားလို့အိမ်မှာ နေလို့ရတယ်ဆိုပေမယ့် လတ်တလောတော့ အလုပ်အတွက် အခက်အခဲတွေရှိ နေတယ်။ အလှူရှင်တွေ လာလှူထားလို့ အစားအသောက်အတွက် သိပ်ပူစရာမလိုသေးဘူး။ ဒါပေမယ့် အိမ်သုံး ပစ္စည်းတွေဆုံးရှုံးသွားတယ်။ အိမ်က နေလို့တော့ရတယ်။ ရေမြုပ်ထားတော့ အရင်လိုကြံ့ခိုင်မှုမကောင်းတော့ဘူး။ပြန်ပြုပြင်ဖို့ လိုအပ်နေသေးတယ်''ဟု ပျဉ်းမချောင်း ရပ်ကွက်နေ ကိုထွန်းမြင့်က ပြောသည်။

ထို့အပြင် ယင်းဒေသတွင် ရေနစ်မြုပ်ခဲ့မှုကြောင့် စိုက်ပျိုးမြေ ၅၁၆၈ ဧက ကိုလည်း ပြန်လည်ပြုပြင်စိုက်ပျိုး ပြီးစီးနေသည့်အပြင် တာပေါင်တချို့မှ ရေစိမ့်ဝင်ရောက် နိုင်သော နေရာများကိုလည်း သက်ဆိုင်ရာတာဝန်ရှိသူများ၊ ဒေသခံများနှင့်အတူ ဆည်မြောင်းဝန်ကြီးဌာနတို့ ပူးပေါင်း၍ ကြိုတင်ကာကွယ်ရေးလုပ်လုပ်ငန်းများကို ဆောင်ရွက်ထားပြီးဖြစ်ကြောင်းနှင့် ရေနစ်မြုပ်မှုဒဏ်ခံစား ခဲ့ရသူများအနက်မှ ချို့တဲ့သည့် အိမ်ထောင်စုများကို ထောက်ပံ့မှုများပြုလုပ်ပေးနိုင်ရန် သက်ဆိုင်ရာနှင့်အတူ ပြည်တွင်း၊ ပြည်ပအလှူရှင်များနှင့်လည်း ချိတ်ဆက်ဆောင်ရွက်နေကြောင်း အဆိုပါမြို့နယ် အုပ်ချုပ်ရေးမှူးထံမှ သိရသည်။
ဇော်ကြီး(ပဏီတ)

No comments:

Post a Comment