Sunday, August 30, 2015

ဒီဘရူနီ မန်စီးတီးသို့ပြောင်းရွှေ့ရန်သဘောတူခဲ့ပြီ





ဝုဖ်စ်ဘတ်နည်းပြ အယ်လော့ဖ်က ဒီဘရူနီ ဟာ မန်စီးတီးရဲ့မြင့်မားတဲ့ လုပ်ခလစာနဲ့ ကမ်းလှမ်းမှုကြောင့် ပရီမီယာလိဂ်ကို ပြန်လည် ပြောင်းရွှေ့တော့မယ်လို့ အတည်ပြုပြောကြားခဲ့ ပါတယ်။ မန်စီးတီးက ဒီဘရူနီအတွက် တစ်ပတ်လုပ်ခပေါင် ၂ဝဝဝဝဝ၊ ပြောင်းရွှေ့ ကြေး ပေါင်၅၅သန်းနဲ့ ၅၇သန်းကြား အသုံးပြု ပြီး ကမ်းလှမ်းခဲ့တာဖြစ်ပါတယ်။
ဒီဘရူနီက အရင်ကချယ်လ်ဆီးမှာကစားခဲ့ ပေမယ့် အင်္ဂလန်မြေမှာ မအောင်မြင်ခဲ့တဲ့ အတွက် ဂျာမန်မြေမှာ တစ်ကျော့ပြန်အောင် မြင်မှုရဖို့ကြိုးပမ်းခဲ့ရသူဖြစ်ပါတယ်။ ပြီးခဲ့နှစ်က ဘွန်စ်ဒက်စ်လီဂါမှာ ပြသခဲ့တဲ့သူ့ရဲ့ခြေစွမ်းဟာ ထိပ်တန်းအသင်းကြီးတွေကို အမှန်တကယ်ပဲ ဆွဲဆောင်နိုင်ခဲ့ပါတယ်။ ဒီဘယ်လ်ဂျီယံ လက် ရွေးစင် ကစားသမားဟာ ၂ဝ၁၄ဇန်နဝါရီကမှ ချယ်လ်ဆီးကနေ ဝုဖ်စ်ဘတ်ကို ပေါင် ၈သန်း နဲ့ ပြောင်းရွှေ့သွားခဲ့သူလည်းဖြစ်ပါတယ်။
မန်စီးတီးအပြောင်းအရွှေ့ ဒါရိုက်တာ မားဝုဒ်က ဒီအပြောင်းအရွှေ့ဟာ မန်စီးတီးရဲ့ ဒီနှစ်နွေဈေးကွက်တစ်ခုလုံးမှာ အဓိကပစ်မှတ် ဖြစ်တာကြောင့် ယခုလိုသဘောတူညီချက်ရရှိ တာဟာ နှစ်ဖက်လုံးအတွက် အကျိုးများတဲ့ ကိစ္စရပ်ပါလို့ ဆိုခဲ့ပါတယ်။
သြဂုတ် ၂၈ ရက်မှာ ဒီဘရူနီဟာ အပြီးသတ် ဆေးစစ်ချက်တွေပြုလုပ်ဖို့ မန်ချက်စတာမြို့ကိုရောက်ရှိနေပြီး မန်စီးတီးအသင်းနဲ့ ပူးပေါင်းသွားတော့မှာဖြစ်တယ်လို့ ဝုဖ်စ် ဘတ်နည်းပြ အယ်လော့ဖ်ကအတည်ပြုပြောကြားခဲ့ပါတယ်။ အသက်(၂၄)နှစ်ပဲရှိသေးတဲ့ ဒီဘရူနီကို ဝုဖ်စ်ဘတ်အသင်းဘက်က လက်မလွှတ်လိုပေမယ့် အသင်းကိုရောက်ရှိ လာပြီး နှစ်နှစ်မပြည့်မီကာလမှာပဲ ရရှိမယ့် မြောက်မြားလှတဲ့ပြောင်းရွှေ့ကြေးအမြတ်ငွေ တွေကြောင့် နောက်ဆုံးမှာ ခွင့်ပြုပေးခဲ့တာဖြစ် ပါတယ်။
'' ကျွန်တော်တို့အသင်းက တခြားအသင်း တွေနဲ့မတူညီတဲ့မူဝါဒ ရှိပါတယ်။ ဒါကလည်း ဝုဖ်စ်ဘတ်အသင်းဟာ Volkswagen ကား ကုမ္ပဏီက ပိုင်တာဆိုတော့ ငွေလိုပါတယ်။ ဒါကြောင့် ဒုတိယဒီဘရူနီကိုပဲအသင်းအတွက် ထပ်ရှာရတော့မှာဖြစ်ပါတယ်။ သူ့ကို ဝါဒါ ဘရီမင်တုန်းကလည်း အငှားနဲ့ ကျွန်တော်ပဲ ခေါ်ယူခဲ့သလို နောက်နှစ်နှစ်နေတော့ ချယ်လ်ဆီးကနေ ဝုဖ်စ်ဘတ်ကို ခေါ်ယူခဲ့တာ ကလည်း ကျွန်တော်ပါပဲ။ ဒါကြောင့် သူ့အကြောင်းကို ခရေစေ့တွင်းကျ သိထား တော့ ကျွန်တော်လည်း လက်လွှတ်မခံချင် ပါဘူး။ ဒါပေမယ့် ဘိုင်ယန်လို ထိပ်တန်း ဘွန်ဒက်စ်လီဂါအသင်းကြီးက ပရီမီယာလိဂ် အောက်ဆုံးအသင်းလေးတွေလောက်တောင် ရုပ်သံထုတ်လွှင့်ကြေးမရတာက ဒီဘရူနီကို လက်လွှတ်လိုက်ရတဲ့အကြောင်းချက်တစ်ခုပဲ လေဗျာ'' လို့အယ်လော့ဖ်ကဆိုခဲ့ပါတယ်။
ဒီဘရူနီအပြင် အိုင်ဘန်ပါရီစစ်မှာ လည်း အင်တာမီလန်ကိုပြောင်းရွှေ့ဖို့ နီးစပ်နေတာ ကြောင့် ရှော်လ်ကေးကို ရင်ဆိုင်မယ့်ပွဲမှာ ဒီ ကစားသမားနှစ်ဦးလုံး ဝင်ရောက်ကစားမှာ မဟုတ်ဘူးလို့လည်း အသင်းတာဝန်ရှိသူတွေ က ပရိသတ်တွေကို အသိပေးထားပါတယ်။
ရွိုင်ယန်ဟေဒင်

No comments:

Post a Comment