နေပြည်တော် ဇူလိုင် ၃၁
အိန္ဒိယသမ္မတနိုင်ငံ၌ ချစ်ကြည်ရေးခရီးရောက်ရှိနေ သော
တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး
မင်းအောင်လှိုင်နှင့်အဖွဲ့သည် ဇူလိုင် ၃ဝ ရက် ဒေသစံတော်ချိန် နံနက် ၈
နာရီခွဲတွင် နယူးဒေလီမှ အိန္ဒိယတပ်မတော်အထူးလေယာဉ်ဖြင့် ထွက်ခွာပြီး Agra
မြို့ လေဆိပ်သို့ နံနက် ၉ နာရီ ၁၅ မိနစ်တွင် ရောက်ရှိကြရာ အိန္ဒိယလေတပ်မှ
Air Commander S Srinivaran နှင့် တာဝန်ရှိသူများက လေဆိပ်တွင် ကြိုဆို
နှုတ်ဆက်ကြသည်။
ယင်းနောက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့်အဖွဲ့ဝင်များသည် မော်တော်ယာဉ်များဖြင့်ထွက်ခွာပြီး တပ်ဂ်ျမဟာသို့ ရောက်ရှိလေ့လာကြသည်။
တပ်ဂ်ျမဟာအဆောက်အအုံသည် Mughal Empoeror Shah Jahan လက်ထက်တွင် ၎င်း၏ကွယ်လွန်သွားသော ဇနီးဖြစ်သူ Murotaz Mahar အား လွမ်းဆွတ်သတိရသောအားဖြင့် ယမုံနာမြစ်ကမ်းတွင် တည်ဆောက်ထားသော အထိမ်းအမှတ် ဂူဗိမာန်တစ်ခု ဖြစ်ပြီး အလွန်လက်ရာမြောက်သော Indo-Islamic ဗိသုကာလက်ရာဖြင့် တည်ဆောက်ထားသည့် အဆောက် အအုံတစ်ခုအဖြစ် ကမ္ဘာတွင် ထင်ရှားကျော်ကြားသည်။တပ်ဂ်ျမဟာကို ၁၆၃၂ ခုနှစ်တွင် စတင်တည်ဆောက်ခဲ့ရာ ၁၆၄၈ ခုနှစ်တွင် ပြီးစီးခဲ့သည်။ စကျင်ကျောက် (Marble) များဖြင့် တည်ဆောက်ထားပြီး ကမ္ဘာလှည့်ခရီးသွား လုပ်ငန်းတွင် အထူးထင်ရှားသော သမိုင်းဝင်နေရာတစ်ခု ဖြစ်သည်။
ထို့နောက် လေကြောင်းချီတပ်မဟာ Para Independence Brigade သို့ သွားရောက်လေ့လာရာ Para Independence Brigade ၏ သမိုင်းကြောင်းဖွဲ့စည်းပုံ နှင့် စွမ်းဆောင်နိုင်မှုများကို တာဝန်ရှိသူတစ်ဦးက Power Point ဖြင့် ရှင်းလင်းတင်ပြရာ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်က ပြန်လည်မေးမြန်းပြီး အထိမ်းအမှတ်တံဆိပ်များ အပြန်အလှန်လဲလှယ်ကာ မှတ်တမ်းတင်ဓာတ်ပုံရိုက်သည်။
ယင်းနောက် အိန္ဒိယလေတပ် 4WG Officers Mess တွင် Central Command မှAir Marshal K S Gill AVSM , YSM , VM နေ့လယ်စာဖြင့် တည်ခင်းဧည့်ခံပြီး တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က ဧည့်သည်တော်မှတ်တမ်းစာအုပ်တွင် မှတ်တမ်းတင် လက်မှတ်ရေးထိုးသည်။
၎င်းနောက် Agra လေတပ်စခန်းသို့ ရောက်ရှိပြီး ဝေဟင်ဆီဖြည့်လေယာဉ်IL-78 နှင့် AWACS လေယာဉ် တို့အား ကြည့်ရှုလေ့လာသည်။
ဆက်လက်၍ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် နှင့် အဖွဲ့ဝင်များသည် အိန္ဒိယတပ်မတော်လေယာဉ်ဖြင့် Agra မြို့ လေဆိပ်မှတစ်ဆင့် ဗုဒ္ဓဂယာသို့ထွက်ခွာပြီး ညနေ ၄ နာရီ ၃၅ မိနစ်တွင် ဂယာလေဆိပ်သို့ရောက်ရှိသည်။
ယင်းနောက် ညနေ ၆ နာရီ ၃၅ မိနစ်တွင် မင်းတုန်းမင်းတရားကြီး၏ ကျောက်စာတိုက်သို့ သွားရောက်၍ ပြုပြင်ထိန်းသိမ်းရေးအတွက် တာဝန်ရှိသူ များနှင့် ညှိနှိုင်းဆွေးနွေးပြီး ညပိုင်းတွင် မဟာဗောဓိ စေတီသို့ သွားရောက်ဖူးမြော်ကြည်ညိုသည်။
ဂယာမြို့သည် ဘီဟာပြည်နယ် ပတ္တတနားမြို့မှ ၆၂ ဒသမ ၅ မိုင်အကွာရှိ ဏ့ေူါက မြစ်ကမ်းပေါ်တွင် တည်ရှိပြီး ဗုဒ္ဓဂယာသည် အိန္ဒိယနိုင်ငံ ဘီဟာပြည်နယ် ဂယာခရိုင် ဂယာမြို့မှ ၁၈ ကီလိုမီတာကွာဝေးသည်။ ထိုနေရာသည် ဗုဒ္ဓလက်ထက်တွင် ဥရုဝေလတောတန်း တွင် ပါဝင်ပြီး လီလာဂျန်(ခေါ်)နေရဉ္စရာမြစ်၏ အနောက် ဘက်၌ တည်ရှိခဲ့သော တောရွာဖြစ်သည်။ ယခုအခါ ဗုဒ္ဓ ပွင့်တော်မူခြင်းကို အကြောင်းပြု၍လည်းကောင်း၊ ဂယာမြို့ အနီးတွင်တည်ရှိသဖြင့်လည်းကောင်း၊ ဗုဒ္ဓဂယာဟု ခေါ်တွင်သည်။ မဟာဗောဓိစေတီတော်အား အာသောက မင်းကြီးက တည်ထားကိုးကွယ်ခဲ့ပြီး စေတီတော်၏ ပင်မအဆောက်အအုံသည် ၅၅ မီတာမြင့်ပြီး သုံးမီတာထူသည့် နံရံများဖြင့် တည်ဆောက်ထားသည်။
(မြဝတီ)

No comments:
Post a Comment