Saturday, August 1, 2015

ဓမ္မစကြာအခါတော်နေ့တွင် ရန်ကုန်မြို့ရှိ ဘုရားပုထိုး၊ စေတီများ၌ ဘုရားဖူးပြည်သူများဖြင့်စည်ကား



The Mirror Daily's photo.

ရန်ကုန် ဇူလိုင် ၃၁

ယနေ့သည် ၁၃၇၇ ခုနှစ် ဒုတိယဝါဆိုလပြည့် (ဓမ္မစကြာအခါတော်နေ့)ဖြစ်သည်။ ဗုဒ္ဓမြတ်ဘုရားရှင်သည် ဝါဆိုလပြည့် ညဥ့်ဦးယံတွင် ပဉ္စဝဂ္ဂီ ငါးဦးတို့အား ဓမ္မစကြာ တရားတော်ကို စတင်ဟောကြားတော်မူသည့်နေ့ဖြစ်သည့် အားလျော်စွာ ဗုဒ္ဓဘာသာဝင်တို့၏ အထွတ်အမြတ်ထားရာ ထူးမြတ်သည့် အခါတော်နေ့ဖြစ်သည်။ သို့ဖြစ်ရာ ယနေ့တွင် ရန်ကုန်မြို့ရှိ ဘုရားပုထိုးစေတီများ၌ ဘုရားဖူးပြည်သူများ၊ ဥပုသ်သီတင်း သီလဆောက်တည်ကြ သူများနှင့် ကုသိုလ်ကောင်းမှုပြုသူများဖြင့် အထူးစည်ကား လျက်ရှိသည်။

ရန်ကုန်မြို့၏ တန်ခိုးကြီးဘုရားစေတီတစ်ဆူဖြစ် သည့် ရွှေတိဂုံစေတီတော်မြတ်ကြီးတွင် ယနေ့နံနက် ၅ နာရီမှစတင်ကာ ဝါဆိုလပြည့်နေ့ ဝါဆိုသင်္ကန်းကပ်လှူပွဲနှင့် ဓမ္မစကြာအခါတော်နေ့အခမ်းအနားကို စည်ကားသိုက်မြိုက်စွာကျင်းပသည်။
ရှေးဦးစွာ ဂေါပကအဖွဲ့ဝင်များ၊ ဝတ်အသင်းသူ အသင်းသားများနှင့် ဘုရားဖူးလာဧည့်ပရိသတ်များက ရင်ပြင်တော်တောင်ဘက် ဧည့်ခံတန်ဆောင်း၌ ဆွမ်းတော်ကြီးတင်လှူပူဇော်ပြီး ရှေးဟောင်းဗုဒ္ဓရုပ်ပွားတော်များ တန်ဆောင်း၌ ဓမ္မစကြာအခါတော်နေ့အခမ်းအနားကို ကျင်းပသည်။

ထို့နောက် ဝါဆိုရွှေကြာသင်္ကန်း လှည့်လည်ပူဇော်ပွဲကို ရှေးဟောင်းဗုဒ္ဓရုပ်ပွားတော်များ တန်ဆောင်းစုရပ်မှ ရင်ပြင်တော်တစ်ပတ်လှည့်လည်ပူဇော်ပြီး စေတီတော် ရင်ပြင်ရှိ ဗုဒ္ဓရုပ်ပွားတော်များအား ဝါဆိုရွှေကြာသင်္ကန်းများ ကပ်လှူပူဇော်ကြကာ ဗဟန်းမြို့နယ် ခြောက်ထပ်ကြီး သိင်္ဂီဦးကျောင်းတိုက် ပဓာနနာယက နိုင်ငံတော်သြဝါဒါ စရိယ အဂ္ဂမဟာပဏ္ဍိတ အဘိဓဇမဟာရဋ္ဌဂုရု အဂ္ဂမဟာ ဂန္ထဝါစက ပဏ္ဍိတ ဘဒ္ဒန္တနန္ဒောဘာသထံမှ ကိုးပါးသီလ ခံယူဆောက် တည်ကြသည်။

ယင်းနောက် ပရိတ်တရားတော်များနာယူပြီး လှူဖွယ်ပစ္စည်းများကို ဆက်ကပ်လှူဒါန်းကြကာ မရမ်းကုန်းမြို့နယ် ကလေးဝတောရကျောင်းတိုက် ပဓာနနာယက အဂ္ဂမဟာ ပဏ္ဍိတ အဂ္ဂမဟာ ကမ္မဋ္ဌာနာစရိယ၊ ဒွိပိဋကကောဝိဒ ဘဒ္ဒန္တဇာဂရာ ဘိဝံသထံမှ ရေစက်ချတရားနာယူကြသည်။ အခမ်းအနားအပြီးတွင် ရွှေတိဂုံစေတီတော် ဝတ်အသင်း အဖွဲ့များက ရွှေတိဂုံစေတီတော်ရင်ပြင်ရှိ တန်ဆောင်းများ၌ ဓမ္မစကြာတရားတော်များ ရွတ်ဖတ်ပူဇော်ကြသည်။
ထို့အတူ သီရိမင်္ဂလာကမ္ဘာအေးစေတီ၌ ယနေ့ နံနက် ၅ နာရီခွဲမှစတင်ကာ အရုဏ်ဆွမ်းနှင့် ဝါဆိုသင်္ကန်းများဆက်ကပ်လှူဒါန်းကြကာ မွန်းလွဲ ၁ နာရီတွင် အာရုံခံ တန်ဆောင်း၌ ဝတ်အသင်း ၂၁ သင်းမှ အသင်းသား အသင်းသူများက ဓမ္မစကြာတရားတော်များ ရွတ်ဖတ်ပူဇော် ကြသည်။

မရမ်းကုန်းမြို့နယ် မင်းဓမ္မကုန်းမြေရှိ ဝရဒါဌာဓာတု စေတိယ စွယ်တော်မြတ် စေတီတော်(ရန်ကုန်)တွင်လည်း (၁၈)ကြိမ်မြောက် ဓမ္မစကြာအခါတော်နေ့နှင့် (၉)ကြိမ် မြောက် ဝါဆိုရွှေကြာသင်္ကန်းကပ်လှူပူဇော်ပွဲအခမ်း အနားကို ကျင်းပသည်။

အလားတူ ရန်ကုန်မြို့ရှိ ဗိုလ်တထောင်စေတီ၊ လောကချမ်းသာ အဘယလာဘမုနိ ကျောက်တော်ကြီးဘုရား၊ ဆူးလေစေတီ၊ ရွှေဘုန်းပွင့်စေတီ၊ မဟာဝိဇယ စေတီ၊ ကိုးထပ်ကြီးဘုရား၊ ခြောက်ထပ်ကြီးဘုရား၊ ငါးထပ်ကြီးဘုရား၊ မယ်လမုစေတီ၊ ကျိုက္ကလို့ ကျိုက္ကလဲ့ စေတီနှင့် မြို့နယ်အသီးသီးရှိ ဘုရား စေတီများ၌ ဝါဆိုသင်္ကန်းဆက်ကပ်လှူဒါန်းခြင်းနှင့် ဓမ္မစကြာအခါတော်နေ့ အခမ်းအနားများကို ကျင်းပကြသည်။
ဗုဒ္ဓဘာသာဝင်တို့၏ နေ့ထူးနေ့မြတ်ဖြစ်သည့် ဓမ္မစကြာအခါတော်နေ့တွင် ဘုရားစေတီများသို့ လာရောက်ကြသည့် ဘုရားဖူးဧည့်သည်များအား အလှူရှင်များက အချိုရည်များ တိုက်ကျွေးခြင်း၊ စတုဒိသာများ ကျွေးမွေးခြင်းများဖြင့် အလှူဒါနပြုလုပ်ကြပြီး မြို့နယ်/ ရပ်ကွက်အသီးသီးရှိ ဓမ္မာရုံများ၌လည်း ဥပုသ်သီတင်းသီလ ဆောက်တည်ခြင်း၊ ဝါဆိုသင်္ကန်းများကပ်လှူခြင်းနှင့် အလှူအတန်းပြုသူများဖြင့် စည်ကားလျက်ရှိသည်။ (သတင်းစဉ်)

No comments:

Post a Comment