နေပြည်တော် ဇူလိုင် ၃၁
ဥပ္ပါတသန္တိစေတီတော်မြတ်ကြီး၏ သတ္တမအကြိမ် ဝါဆိုရွှေကြာသင်္ကန်း တော်
ကပ်လှူပူဇော်ပွဲအခမ်းအနားကို ယနေ့နံနက် ၉ နာရီ ၄၅ မိနစ်တွင်
အဆိုပါစေတီတော်မြတ်ကြီး၏ လိုဏ်တော်အတွင်း၌ ကျင်းပသည်။
အခမ်းအနားသို့ ပျဉ်းမနားမြို့ မဟာ ဝိသုတာရာမ ဈေးကုန်းကျောင်းတိုက် ပဓာနနာယက အဘိဓဇမဟာရဋ္ဌဂုရု ဘဒ္ဒန္တကဝိသာရ အမှူးပြုသော ဆရာတော် သံဃာတော်များ ကြွရောက် ချီးမြှင့်တော်မူကြပြီး ပြည်ထောင်စုဝန်ကြီး ဦးသိန်းညွန့်၊ ဦးစိုးဝင်း၊ နေပြည်တော်ကောင်စီဝင်များ၊ တာဝန်ရှိသူများ၊ ဝန်ကြီးဌာနများနှင့်တပ်ရင်း၊ တပ်ဖွဲ့များမှ ဝတ်အသင်းအဖွဲ့များ တက်ရောက်ကြည်ညိုကြသည်။
ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီး ဦးသိန်းညွန့်၊ ဦးစိုးဝင်း၊ နေပြည်တော် တိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ် မောင်မောင်အေး၊ ဒုတိယရှေ့နေချုပ် ဦးထွန်းထွန်းဦး၊ နေပြည်တော် ကောင်စီဝင် ဦးသန်းဌေးနှင့် ဗိုလ်မှူးကြီး မြင့်အောင်သန်းတို့က စေတီတော် လိုဏ်တော်အတွင်းရှိ ဗုဒ္ဓပဋိမာရုပ်ပွား ဆင်းတုတော်လေးဆူနှင့် စေတီတော် အရှေ့မြောက်ထောင့်ရှိ မဟာဆုတောင်းပြည့်ဘုရားကြီးတို့အား ဝါဆိုရွှေကြာသင်္ကန်းတော်နှင့် မြသပိတ်တော်ဖြင့် ဆွမ်း၊ သစ်သီး၊ ပန်းမန်တို့ကို ကပ်လှူပူဇော်ကြသည်။
ထို့နောက် ဧည့်ပရိသတ်များက ပျဉ်းမနားမြို့ မဟာဝိသုတာရာမ ဈေးကုန်းကျောင်းတိုက် ပဓာနနာယက အဘိဓဇမဟာရဋ္ဌဂုရု ဘဒ္ဒန္တကဝိသာရ ထံမှ ကိုးပါးသီလခံယူဆောက်တည် ကြပြီး ဆရာတော်သံဃာတော်များ ရွတ်ဖတ်သရဇ္ဈယ်တော်မူသည့် ပရိတ်တရားတော်များကို နာယူကြကာ လှူဖွယ်ပစ္စည်းများကို ဆက်ကပ် လှူဒါန်းကြသည်။
ယင်းနောက် ဧည့်ပရိသတ်များက ဆရာတော် ဘဒ္ဒန္တကဝိသာရထံမှ သာဓုအနုမောဒနာတရား နာကြားကြပြီး လှူဒါန်းမှုအစုစုတို့အတွက် ရေစက်သွန်းချအမျှပေးဝေကြသည်။
ညပိုင်းတွင် ဥပ္ပါတသန္တိစေတီတော် မြတ်ကြီးအား ဆီမီး ၉ဝဝဝ ဖြင့် ထွန်းညှိပူဇော်ကြသည်။
(သတင်းစဉ်)

No comments:
Post a Comment