Sunday, August 30, 2015

ပြည်ထောင်စုလွှတ်တော်အစည်းအဝေး




The Mirror Daily's photo.

 The Mirror Daily's photo.






ဂျပန်နိုင်ငံအပြည်ပြည်ဆိုင်ရာပူးပေါင်းဆောင်ရွက်ရေးအေဂျင်စီထံမှ
ချေးယူခွင့်နှင့်စပ်လျဉ်း၍ ဆွေးနွေး


နေပြည်တော် သြဂုတ် ၂၈

ပြည်ထောင်စုလွှတ်တော် (၁၂)ကြိမ်မြောက် ပုံမှန်အစည်းအဝေး(၈၃) ရက်မြောက်နေ့ကို ယနေ့နံနက် ၁ဝ နာရီတွင် ကျင်းပခဲ့ရာ ညနေပိုင်းတွင် အောင်မြင်စွာကျင်းပပြီးစီးသည်။
ယနေ့အစည်းအဝေးတွင် နိုင်ငံတော်သမ္မတထံမှ သဘောထားမှတ်ချက်ဖြင့် ပြန်လည်ပေးပို့လာသော တစ်လင်တစ်မယားစနစ် ကျင့်သုံးခြင်းဆိုင်ရာ ဥပဒေကြမ်းနှင့်စပ်လျဉ်း၍ လွှတ်တော်ကိုယ်စားလှယ် ဒေါ်လဲ့လဲ့ဝင်းဆွေနှင့် ဒေါ်နန်း စေအွာတို့က နိုင်ငံတော်သမ္မတ၏ သဘောထားမှတ်ချက်အပေါ် ထောက်ခံ ဆွေးနွေးခဲ့ကြပြီး တစ်ပိုဒ်ချင်းစီအလိုက် လွှတ်တော်၏ အဆုံးအဖြတ်ရယူ အတည်ပြုခဲ့သည်။ 

ယင်းနောက် နိုင်ငံတော်သမ္မတထံမှပေးပို့သော ရထားပို့ဆောင်ရေးဝန်ကြီးဌာန၊ လျှပ်စစ်စွမ်းအားဝန်ကြီးဌာနနှင့် ဆောက်လုပ်ရေးဝန်ကြီးဌာနတို့အတွက် ဂျပန်နိုင်ငံ အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးအေဂျင်စီ (JICA)ထံမှ ဂျပန်ယန်း ၉၉ ဒသမ ၈၅ဝ ဘီလီယံ ချေးယူခွင့်နှင့် စပ်လျဉ်း၍ လွှတ်တော် ကိုယ်စားလှယ် (၇) ဦးတို့ ဆွေးနွေးခဲ့ကြသည်။ 

ပုလဲမဲဆန္ဒနယ်မှ ဒေါ်ခင်စန်းလှိုင်က ရထားပို့ဆောင်ရေးဝန်ကြီးဌာန၊ လျှပ်စစ်စွမ်းအားဝန်ကြီးဌာနနှင့် ဆောက်လုပ်ရေးဝန်ကြီးဌာနတို့က ဆောင်ရွက်မည့် လုပ်ငန်းစီမံချက်များသည် လိုအပ်သည့် လုပ်ငန်းစီမံချက်များ ဖြစ်ပါကြောင်း၊ မြန်မာနိုင်ငံအနေဖြင့် ဒီမိုကရေစီစနစ်ဖြင့် လျှောက်လှမ်းနေသည့်အတွက် နိုင်ငံတကာ အကူအညီပေးရေးအဖွဲ့များအနေဖြင့် နောင်ကာလများအထိ ဆက်လက်ကူညီပေးနေဦးမည်ဖြစ်ပါကြောင်း၊ သို့သော်လည်း ပြည်ပ ချေးငွေဖြင့် ဆောင်ရွက်နေသည့်လုပ်ငန်းများကို အလေအလွင့်မရှိအောင် သုံးစွဲကြရန် အကြံပြုလိုပါကြောင်း။ 

ဝန်ကြီးဌာနများအနေဖြင့်လည်း ပြည်ပချေးငွေများ ထုတ်ယူသုံးစွဲမှုကို ကြည့်ပါက ထပ်မံထုတ်ယူရန် ကျန်ရှိသေးသည်ကို တွေ့ရှိရပါကြောင်း၊ ပြည်ပချေးငွေများဖြင့် ဆောင်ရွက်မည့်လုပ်ငန်းများကို ဝန်ကြီးဌာနများအနေဖြင့် ပြည်ထောင်စုလွှတ်တော်၌ (၆) လတစ်ကြိမ် လာရောက်ရှင်းလင်းတင်ပြစေလို ပါကြောင်း ဆွေးနွေးသည်။ 

မင်းကင်းမဲဆန္ဒနယ်မှ ဒေါ်ခင်မွှေးလွင်က ယခု JICA မှ ချေးငွေများကို ချေးယူရန် အလျင်စလို ဆုံးဖြတ်ဆောင်ရွက်လိုက်ခြင်း၏ အကျိုးဆက်သည် ကောင်းကျိုးအတွက်ဟု ယူဆရမည်ဆိုသော်လည်း ဆိုးကျိုးများလည်းရှိနိုင်ပါကြောင်း၊ လက်ရှိအစိုးရသက်တမ်းသည် ကုန်ဆုံးခါနီးနေပြီဖြစ်ပြီး ယခင်စာချုပ် ချုပ်ဆို၍ ယူထားသည့်ချေးငွေများသည် ယခုဝန်ကြီးဌာန သုံးခုစလုံးတွင် ကုန်အောင်မသုံးနိုင်သေးသည်မှာ ထည့်တွက်ရမည့် အခြေအနေဖြစ်ပါကြောင်း၊ အဓိက ထည့်တွက်ရမည့် တစ်ချက်အနေဖြင့် ထောက်ပံ့ငွေမဟုတ်ဘဲ ချေးငွေ ဖြစ်နေသည့်အတွက် တိုင်းပြည်ဝန်ထုပ်ဝန်ပိုးတိုးနိုင်ပါကြောင်း၊ မည်သည့် ပြည်ပချေးငွေမဆို ယခုအချိန်တွင် အဆောတလျင် မစဉ်းစားသင့်ပါကြောင်း၊ ချေးပြီးသား ပြည်ပချေးငွေများကို အယိုအဖိတ်မရှိစေရန် စိစစ်စွာဖြင့် ဂရုပြု ဆောင်ရွက်ရန် လိုအပ်ပါကြောင်း၊ နိုင်ငံခြားချေးငွေဖြင့် အကောင်အထည်ဖော် လျက်ရှိသည့် လုပ်ငန်းတိုင်းကိုအောင်မြင်စေရန် တာဝန်ခံမှု၊ တာဝန်ယူမှုတိုင်းတွင် တာဝန်ကျေအောင် ဆောင်ရွက်ကြရမည်ဖြစ်ပါကြောင်းဖြင့် ဆွေးနွေးသည်။

ယင်းချေးငွေများနှင့် စပ်လျဉ်း၍ ချေးယူရန်လွှတ်တော်က အတည်ပြုခဲ့သည်။
ထို့နောက် နိုင်ငံတော်သမ္မတထံမှ ပေးပို့သော Maritime Labour Convention 2006 သို့ မြန်မာနိုင်ငံမှ အတည်ပြုဝင်ရောက်ရန် ကိစ္စနှင့် စပ်လျဉ်း၍ လွှတ်တော်၏ အဆုံးအဖြတ်ရယူအတည်ပြုခဲ့သည်။
ဆက်လက်၍ သဘာဝဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး၊ ကယ်ဆယ် ရေး၊ ကူညီရေးနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများနှင့်စပ်လျဉ်း၍ လူမှု ဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါ်စုစုလှိုင်က ရှင်းလင်းတင်ပြရာတွင် သဘာဝဘေးသည်တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် ဖြစ်ပွားခဲ့သဖြင့် ကျယ်ပြန့်သော စီမံခန့်ခွဲမှုဖြင့်ဆောင်ရွက်ခဲ့ ရခြင်း၊ ဘေးသင့်ဒေသများသည် ဘေးဒဏ်ခုခံနိုင်စွမ်းနည်းပါးခြင်း၊ ပြီးပြည့် စုံသော ကြိုတင်ပြင်ဆင်မှုအပိုင်းတွင်အားနည်းခြင်း စသည့်အချက်များကို တွေ့ရှိရမည်ဖြစ်ပြီး အရေးပေါ်တုံ့ပြန်မှုများတွင် နိုင်ငံတော်အစိုးရနှင့်အတူ ပညာရှင်များ၊ လူမှုရေးအဖွဲ့အစည်းများ၊ ပြည်သူလူထုများအားလုံးမှ ပူးပေါင်းဆောင်ရွက်ခဲ့ကြသဖြင့် အတိုင်းအတာတစ်ခုအထိ အောင်မြင်ခဲ့သည်ဟု သုံးသပ်ပါကြောင်း။

ဆက်လက်၍ ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် သက်ဆိုင်ရာဝန်ကြီးဌာနများ၊ တိုင်းဒေသကြီး/ပြည်နယ်အစိုးရများက အဓိက တာဝန်ယူဆောင်ရွက်သွားမည်ဖြစ်ပြီး ပညာရှင်များ၊ လူမှုရေးအဖွဲ့အစည်းများ၊ စီးပွားရေးလုပ်ငန်းရှင်များ၊ ပြည်သူလူထုများအားလုံးမှ ပါဝင်ဆောင်ရွက်နိုင်ရေးကိုလည်း ဖိတ်ခေါ်ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း။
ရေရှည်ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်သည့်အခါ ယခုတွေ့ကြုံရသည့် ရင်ဆိုင်ဖြေရှင်းရသည့် အားနည်းချက်များအပေါ် သုံးသပ်၍ ဘေးဒဏ်ခုခံနိုင်စွမ်းရှိသည့် ရပ်ရွာလူထု၊ ပိုမိုကောင်းမွန်သည့် စီမံခန့်ခွဲမှုပုံစံ ဖြစ်စေရေးဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း ရှင်းလင်းတင်ပြရာ လွှတ်တော်ကိုယ်စားလှယ်များက ဆွေးနွေးခဲ့ကြပြီး ဒုတိယဝန်ကြီး၏ ရှင်းလင်းချက်နှင့် လွှတ်တော်ကိုယ်စားလှယ်များ၏ ဆွေးနွေးချက်များကို လွှတ်တော်က မှတ်တမ်းတင်ခဲ့သည်။

ယင်းနောက် ပြည်ထောင်စုလွှတ်တော်နာယက သူရဦးရွှေမန်းက (၁၂)ကြိမ်မြောက် ပြည်ထောင်စုလွှတ်တော်အစည်းအဝေး ဆောင်ရွက်ချက်များနှင့်စပ်လျဉ်း၍ ပြောကြားရာတွင် ယခုအစည်းအဝေးတွင် ဖွဲ့စည်းပုံအခြေခံ ဥပဒေပြင်ဆင်ရေးအတွက် လွှတ်တော်အတွင်း၌ အကြိတ်အနယ် ဆွေးနွေးမှု များနှင့်အတူ ဆန္ဒမဲပေးဆုံးဖြတ်ဆောင်ရွက်မှုများကို စနစ်တကျ ဆောင်ရွက်ပေးနိုင်ခဲ့ပါကြောင်း၊ ထို့ပြင် ဥပဒေပေါင်း ၅၂ ခုကို အတည်ပြုပြဋ္ဌာန်းနိုင်ခဲ့သည့်အတွက် ပထမအကြိမ် လွှတ်တော်များစတင်ခဲ့သည့် ၂ဝ၁၁ခုနှစ်မှ ယနေ့အထိ အတည်ပြုပြဋ္ဌာန်းပြီး ဥပဒေ စုစုပေါင်း ၁၈၅ ခုရှိခဲ့ပြီးဖြစ်ပါကြောင်း။

လွှတ်တော်အသီးသီးတွင်ကျန်ရှိနေသည့် ဆောင်ရွက်ဆဲဥပဒေကြမ်းအနေဖြင့် နိုင်ငံတော်သမ္မတက လက်မှတ်ရေးထိုးထုတ်ပြန်နိုင်ရန် ပေးပို့ထားသည့် ဥပဒေကြမ်းလေးခု၊ ဆောင်ရွက်ဆဲ ဥပဒေကြမ်းသုံးခု၊ လွှတ်တော်၏ အဆုံးအဖြတ်ရယူပြီး ဆိုင်းငံ့ထားသည့်ဥပဒေကြမ်း နှစ်ခုရှိပါကြောင်း။

ပြည်သူ့လွှတ်တော်တွင် ဥပဒေကြမ်း ၁၅ခု၊ အမျိုးသားလွှတ်တော်တွင် ဥပဒေကြမ်း အခု ၃ဝ ကျန်ရှိပါကြောင်း၊ ယခု အစည်းအဝေးတွင်ထုတ်ပြန် ပြဋ္ဌာန်းနိုင်ခဲ့သည့် ဥပဒေ ၅၂ ခုထဲတွင် နှစ်စဉ်မဖြစ်မနေ ပြဋ္ဌာန်းပေးရသည့် နိုင်ငံတော်နှင့် ပြည်သူများ အကျိုးစီးပွားအတွက် မဖြစ်မနေလိုအပ်သည့် ဥပဒေများပါဝင်ပါကြောင်း၊ ယခုနှစ်ပြဋ္ဌာန်းခဲ့သည့် ပြည်ထောင်စု၏ အခွန် အကောက်ဥပဒေသည် အခွန်ကောက်ခံသည့် နိုင်ငံတော်အစိုးရနှင့် အခွန်ထမ်း ပြည်သူများအတွက် ရာနှုန်းပြည့်ကောင်းသည်ဟု မဆိုနိုင်သော်လည်း သင့်တင့်မျှတသည့် အခွန်နှုန်းထားများရရှိအောင် ညှိနှိုင်းဆောင်ရွက်ပေးနိုင်ခဲ့ပါကြောင်း။

၂ဝ၁၅ ခုနှစ် နိုဝင်ဘာ ၈ ရက်တွင် ကျင်းပပြုလုပ်မည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲကို လွတ်လပ်ပြီး တရားမျှတမှုရှိရှိနှင့် အောင်မြင် ချောမွေ့စွာပြီးစီးရန် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်၌သာ တာဝန်ရှိသည် မဟုတ်ပါကြောင်း၊ ပြည်သူများအားလုံးနှင့်အတူ ဥပဒေပြုရေး၊ အုပ်ချုပ်ရေး၊ တရားစီရင်ရေး မဏ္ဍိုင်ကြီးများအားလုံးက ကိုယ်စွမ်းဥာဏ်စွမ်းရှိသမျှ ပူးပေါင်းပါဝင် လုပ်ဆောင်ကြရမည်ဖြစ်ပါကြောင်း။ 

ထို့အတူ ရွေးကောက်ပွဲအကြိုကာလ၊ ရွေးကောက်ပွဲကာလနှင့် ရွေးကောက်ပွဲအလွန်ကာလများတွင် ပြည်သူများအားလုံးအနေဖြင့် ဥပဒေ၏ အကာအကွယ်အောက်တွင်ရှိပြီး စိုးရိမ်ပူပန်မှုမရှိဘဲ စိတ်အေးချမ်းတည်ငြိမ် စွာဖြင့် ယုံကြည်စိတ်ချစွာ ရှိနေစေရေးအတွက် ဥပဒေပြုရေး၊ အုပ်ချုပ်ရေးနှင့် တရားစီရင်ရေးမဏ္ဍိုင်ကြီးများ ပူးပေါင်းဆောင်ရွက်ပေးကြရမည် ဖြစ်ပါကြောင်း။

လွှတ်တော်ကိုယ်စားလှယ်များအနေဖြင့် ရွေးကောက်ပွဲတွင် ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်က ထုတ်ပြန်ထားသည့် ရွေးကောက်ပွဲဆိုင်ရာ ဥပဒေ၊ နည်းဥပဒေများကို လိုက်နာကြရန် Code of Conduct for Parties and Candidates ကျင့်ဝတ်များကို စောင့်ထိန်းလိုက်နာရန်နှင့် ရွေးကောက်ပွဲ အောင်မြင်အဆင်ပြေရေးအတွက် နိုင်ငံတော်အစိုးရ၊ အုပ်ချုပ်ရေးအဖွဲ့၊ တရား ရေးဆိုင်ရာအဖွဲ့အစည်းများ၊ ပြည်သူများနှင့်အတူ ဥပဒေပြုရေးအဖွဲ့များ၌ ပါဝင်ကြသည့် ကိုယ်စားလှယ်များအနေဖြင့် တက်တက်ကြွကြွ ပါဝင်ကြရန် လိုအပ်ပါကြောင်းဖြင့် ပြောကြားသည်။ 

ပထမအကြိမ် ပြည်ထောင်စုလွှတ်တော် (၁၂)ကြိမ်မြောက် ပုံမှန်အစည်းအဝေးကို ညနေပိုင်းတွင် အောင်မြင်စွာ ကျင်းပပြီးစီးသည်။ (သတင်းစဉ်)

No comments:

Post a Comment