ညောင်ဦး ဇူလိုင် ၃၁
မန္တလေးတိုင်းဒေသကြီး ညောင်ဦး ခရိုင် ညောင်ဦးမြို့၏ ဧရာဝတီမြစ်ရေ
အခြေအနေသည် စိုးရိမ်ရေမှတ် သို့ရောက်ရှိရန် နီးကပ်လာပြီ ဖြစ်သည့်အတွက်
ရေဘေးအန္တရာယ် ကြိုတင်ကာကွယ်သည့်အနေဖြင့် မြစ်လယ်ကျွန်း ရွာတစ်ရွာဖြစ်သည့်
တောင်ဘီကျေးရွာအုပ်စု ဆယ်လံ ကျေးရွာရှိ ကျေးရွာနေပြည်သူများ၊ နွား၊ ဝက်
အစရှိသည့် တိရစ္ဆာန်များ ကို ဇူလိုင် ၃၁ရက် နံနက်က ရေဘေးလွတ်ရာသို့
အချိန်မီပြောင်းရွှေ့ပေးခဲ့ရကြောင်း သိရသည်။
ယင်းသို့ဆောင်ရွက်ရာတွင် ခရိုင်/ မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီး ဌာနတို့၏ ဦးဆောင်မှုဖြင့် ရဲတပ်ဖွဲ့ဝင် များ၊ သန္ဓေနှင့် အရန်မီးသတ်တပ်ဖွဲ့ ဝင်များ၊ မြို့နယ်အတွင်းရှိ ရပ်ကွက်၊ ကျေးရွာအုပ်ချုပ်ရေးမှူးများနှင့် ရပ်ကွက်နေပြည်သူများ၊ မြို့နယ် အထောက်အကူပြုကော်မတီဝင်များ၊ ကျန်းမာရေးဝန်ထမ်းများ၊ ကြက်ခြေနီ၊ အရန်မီးသတ်နှင့်လူမှုရေးအသင်း အဖွဲ့ဝင်များ စုစုပေါင်းအင်အား ၁ဝဝ ခန့်ဖြင့် စက်လှေ ခြောက်စင်း၊ ကား နှစ်စင်းတို့ဖြင့် ကယ်ဆယ်ရေးလုပ်ငန်း များ ဆောင်ရွက်ခဲ့ကြသည်။
အဆိုပါ ရေဘေးဒုက္ခသည်များ အတွက် ညောင်ဦးမြို့နယ် တောင်ဘီ ကျေးရွာအတွင်းရှိ ဘုန်းတော်ကြီး ကျောင်း လေးကျောင်းတွင် ယာယီ ကယ်ဆယ်ရေးစခန်းများ ထားရှိ ဆောင်ရွက်လျက်ရှိပြီး ယာယီ ကယ်ဆယ်ရေးစခန်းများဖြစ်သည့် ရွှေကျောင်းဘုန်းတော်ကြီးကျောင်း တွင် အမျိုးသား ၇၅ ဦး၊ အမျိုးသမီး ၁၁ဝ၊ ပေါင်း ၁၈၅ ဦးနှင့် နွား ၆၃ ကောင်၊ ကမ္မဘုန်းတော်ကြီးကျောင်း တွင် အမျိုးသား ၂၈၂ဦး၊ အမျိုးသမီး ၂၉၂ဦး စုစုပေါင်း ၅၇၄ ဦးနှင့် နွား ၂၁၂ ကောင်၊ မြင်းသုံးကောင်၊ မြသီတာဘုန်းတော်ကြီးကျောင်းတွင် အမျိုးသား ၅၁ ဦး၊ အမျိုးသမီး ၅၁ဦး စုစုပေါင်း ၁ဝ၂ ဦး နှင့် နွား ၂၃ ကောင်၊ မြို့ထောင့်ဘုန်းတော်ကြီး ကျောင်းတွင် အမျိုးသား ၅၉ဦး၊ အမျိုးသမီး ၆၉ ဦး စုစုပေါင်း ၁၂၈ဦးနှင့် နွား ၃၅ ကောင်တို့ဖြစ်ရာ စုစုပေါင်း အမျိုးသား ၄၆၇ ဦး၊ အမျိုးသမီး ၅၂၂ ဦး စုစုပေါင်း ၉၈၉ ဦးနှင့် နွား ၃၃၃ ကောင်၊ မြင်းသုံး ကောင်တို့ကို ပြောင်းရွှေ့နေရာချ ထားပေးခဲ့ပြီး ဖြစ်ကြောင်း သိရသည်။
အလားတူ မြစ်လယ်ကျွန်း ကျေးရွာ တစ်ရွာဖြစ်သည့် မီးလောင်ပြား ကျေးရွာအုပ်စု ပခုက္ကူကျွန်းကျေးရွာ တွင် အိမ်ထောင်စု ၂၄ စု၊ အမျိုးသား ၄၂ ဦး၊ အမျိုးသမီး ၅၂ဦး စုစုပေါင်း ၉၄ဦးနှင့် နွား ၈၂၇ ကောင်၊ သိုး ၂၆ ကောင်တို့ကို ရဲတပ်ဖွဲ့ဝင်များ၊ ကျေးရွာအုပ်ချုပ်ရေးမှူးများ၊ လူမူရေး အသင်းအဖွဲ့များစသည့် ကယ်ဆယ် ရေးအဖွဲ့များ အကူအညီဖြင့် ပခုက္ကူ ကျွန်းဘုန်းတော်ကြီးကျောင်း၌ ပြောင်းရွှေ့ နေရာချထားပေးပြီး ယာယီကယ်ဆယ်ရေးစခန်း ဖွင့်လှစ် ထားကြောင်း၊ ကျန်းမာရေးဦးစီးဌာနမှ ဝန်ထမ်းများက ရေဘေးသင့်ပြည်သူ များအား ကျန်းမာရေးစောင့်ရှောက် မှုများ ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
ရဲသူရအောင် (ညောင်ဦး)

ဒီလိုဖြစ်နေတာဒီနှစ်မှမဟုတ်ပါဘူးနှစ်တိုင်း
ReplyDeleteဒီလိုပါပဲ တကယ်ဆိုရင်အစိုးရအနေနဲ့
အဆင်ပြေမယ့်နေရာတစ်ခုခုကိုပြောင်းပေးသင့်ပါတယ်
ဒီလိုရေကြီးကမ်းပါးပြို ခဏခဏဖြစ်နေတော့
ပညာရေး စီးပွါးရေး အတွက်အရမ်းနစ်နာပါတယ်
ဒီနှစ်တောင်ယာလုပ်လို့ရလာတဲ့ပိုက်ဆံကနောက်နှစ်
အိမ်ပြောင်းဖို့ရွှေ့ဖို့အတွက်လိုဖြစ်နေတယ်
စာသင်ကျောင်းဆိုတာလဲ ခဏ ခဏ နေရာပြောင်းနေရလို့ စာသင်မယ့်ကလေးတွေ
ပညာရေးအတွက်နှောင့်နှေးခဲ့ရတယ်
အထူးသဖြင့် ကားလမ်းမပေါက်တဲ့နေရာတွေ
ဘယ်လိုဖွံ့ဖြိုးမလဲ ရိုးသားတဲ့တောသူတောင်သား
တွေဘဝဟာဒီလိုနဲ့အဆုံးသက်ရမှာလား