Sunday, August 30, 2015

တောင်သူများအတွက် စိန်ခေါ်မှုအသွင် ရာသီဥတုပြောင်းလဲမှုဖြစ်စဉ်



The Mirror Daily's photo.

တောင်တွေနှင့်နီးပြီး စိမ်းစိမ်းစိုစို စပါးခင်းများသည် အခြားအချိန်များတွင် သာယာလှပသည့် ရှုခင်း၊ ပန်းချီကားတစ်ချပ်ကဲ့သို့ ဖြစ်နေသော်လည်း ဆိုင်ကလုန်းမုန်တိုင်းဒဏ်ကြောင့် မိုးများအဆက်မပြတ်ရွာသွန်းကာ တောင်တွေ ပြိုဆင်းလာခဲ့ချိန်မှာတော့ စိမ်းလဲ့လဲ့ လယ်ကွင်းပြင်သည် တစ်ပေခွဲခန့်ထုရှိသည့် ရွှံ့ညွန်များဖုံးလွှမ်းကာ သဲနှင့်ကျောက်စရစ်ပြင်ကြီးတစ်ခုသဖွယ်ဖြစ်ခဲ့ရသည်။
ပြီးခဲ့သည့် ဇွန်၊ ဇူလိုင်လများအတွင်း ဆိုင်ကလုန်းမုန်တိုင်း ကိုမန် ရိုက်ခတ်မှုကြောင့် မုတ်သုံမိုး သည်းထန်စွာရွာသွန်းခဲ့ပြီး မြန်မာနိုင်ငံအနှံ့ အပြားတွင် ရေလွှမ်းမိုးမှုနှင့် မြေပြိုမှုများ ဖြစ်ပေါ်ခဲ့ရသည်။
ရာသီဥတုပြောင်းလဲမှု၏ အကျိုးဆက်များအဖြစ် ရေကြီးနစ်မြုပ်ခဲ့သော ဒေသများဖြစ်သည့် စစ်ကိုင်းတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ ရှမ်းပြည်နယ်နှင့် ရခိုင်ပြည်နယ်များတွင် ရေပြန်လည်ကျဆင်းသွားသော်လည်း ရွှံ့ညွန်များ၊ နုန်းများနှင့် သဲများဖုံးလွှမ်း၍ ကျန်ခဲ့တော့သည်။

အဆိုပါ ရေကြီးနစ်မြုပ်ခြင်းခံခဲ့ရသော ဒေသတစ်ခုဖြစ်သည့် ရခိုင်ပြည်နယ် မောင်တောမြို့နယ် နတ်ချောင်းကျေးရွာမှ တောင်သူ ဦးလှအောင်က ''လယ်လုပ်ကိုင်ပြီး ဝမ်းစာအတွက် စုဆောင်းရတာဆိုတော့ အခုလိုဖြစ် သွားတာ ကျွန်တော်တို့အတွက်တော့ ထိခိုက်မှုကြီးပေါ့ဗျာ''ဟု ပြောသည်။
''ရေမရှိတော့ဘူး၊ နုန်းတွေက ဒူးကျော်၊ ခါးလောက်ရှိတဲ့ နေရာလည်း ရှိတယ်။ ကျွန်မသွားတောင်မကြည့်နိုင်ဘူး'' ဟု ကလေးမြို့နယ် သာယာကုန်း ကျေးရွာမှ တောင်သူတစ်ဦးက ဆိုသည်။

ထိုကဲ့သို့ ရွှံ့ညွန်နှင့် သဲနုန်းများဖုံးလွှမ်းခဲ့ရာတွင် အချို့နေရာများ၌ ခြေမျက်စိခန့်(၄ လက်မ)ဝန်းကျင်သာ နစ်မြုပ်ခဲ့ပြီး ပြန်လည်စိုက်ပျိုးနိုင်မည့်အခြေအနေရှိသော် လည်း အချို့နေရာများတွင်မူ လူတို့၏ခြေသလုံးနေရာမှ ခါးမြုပ်သည်အထိ(တစ်ပေခန့်မှ သုံးပေခန့်အထိ) နစ်မြုပ်ခဲ့ မှုကြောင့် ယင်းစိုက်ပျိုးမြေများတွင် ချက်ချင်းထွန်ယက်ပြီး စိုက်ပျိုးရန် မဖြစ်နိုင်တော့ပေ။
''မိုးစပါးကတော့ ခါတိုင်းစိုက်တဲ့အချိန်ထက် နောက် ကျနေပြီ။ အချို့က သဲပြင်မှာ စူးထိုးပြီး ပြန်စိုက်လို့ရတယ်။ ပြီးသလောက်တောင် ဖြစ်နေကြပြီ။ အချို့ တော်တော်များတဲ့ သူတွေကတော့ ပြန်မစိုက်နိုင်သေးဘူး။ ကျန်နေသေးတယ်'' ဟု ရခိုင်ပြည်နယ် မောင်တောမြို့နယ်မှ တောင်သူတစ်ဦး က ဆိုသည်။

သဘာဝဘေးအန္တရာယ်ကြောင့် မြန်မာတစ်နိုင်ငံလုံးရှိ မြို့နယ်ပေါင်း ၁၈၄ မြို့နယ်၊ ကျေးရွာအုပ်စုပေါင်း သုံးထောင်ကျော်နှင့် တောင်သူပေါင်း နှစ်သိန်းကျော်တို့ စိုက်ပျိုးထားသည့် မိုးသီးနှံ စုစုပေါင်းဧက ၁၄ သိန်းကျော် အနက် မိုးစပါးစိုက်ဧက ၁၂ သိန်းကျော် ရေလွှမ်းမိုးခံခဲ့ရသည်။
''လယ်တွေကို နုန်းတွေက ဖုံးလွှမ်းသွားပြီး အခုလို သီးနှံတွေပျက်စီးသွားတဲ့အတွက် လာမယ့်ရာသီမှာ ဘယ်လိုရပ်တည်ရမလဲ။
 လူငှားတွေနဲ့ လုပ်ရတယ်။ နွားမရှိတဲ့သူ တွေ နွားတွေငှားရတဲ့အတွက် နွားငှားခတွေ ဒါတွေကို ဘယ်လိုပေးရမလဲ။ ကျွန်မတို့က မပေးရင်လည်း သူတို့ ဘယ်လိုစားကြမလဲ။ ဒါတွေကိုတွေးပြီး စိတ်ပူနေရတယ်'' ဟု ကလေးမြို့နယ် သာယာကုန်းကျေးရွာမှ စပါး၊ ပဲစိုက် တောင်သူမနိုတွယ်က ပြောသည်။
ယခုအချိန်ထိ မိုးသီးနှံစုစုပေါင်း ရေပြန်ပေါ်ဧက ၁၃ သိန်းကျော်အနက် မိုးစပါးထိခိုက်နိုင်သည့် ဧက ကိုးသိန်းကျော်ရှိပြီး ပျက်စီးနိုင်မည့်ဧကမှာ ခုနစ်သိန်းကျော် ဖြစ်သည်။

''ရေကြီးနစ်မြုပ်ပြီး ရေပြန်ကျတဲ့နေရာက လယ်မြေ တွေကို ယေဘုယျအားဖြင့် သုံးမျိုးတွေ့ရပါတယ်။ သဲဖုံး လွှမ်းခံရတဲ့ လယ်မြေ၊ နုန်းဖုံးလွှမ်းခံရတဲ့လယ်မြေနဲ့ သဲ၊ နုန်း၊ အမိုက်သရိုက် ဖုံးလွှမ်းခံရတဲ့လယ်မြေတွေ ဖြစ်ပါ တယ်။ ရေလွှမ်းခံရတဲ့ လယ်မြေအများစုမှာ နုန်းဖုံးလွှမ်းတာ အနည်းနဲ့အများ ဖြစ်ပေါ်ခဲ့ပြီး အဲဒီလယ်မြေတွေက မူလ လယ်မြေတွေထက် မြေဆီသြဇာ ပိုမိုထက်သန်လာစေနိုင် ပါတယ်''ဟု စိုက်ပျိုးရေးဦးစီးဌာန ဒုတိယညွှန်ကြား ရေးမှူးချုပ် ဦးနိုင်ကြည်ဝင်းက ပြောသည်။
သဲဖုံးလွှမ်းခံရသော လယ်မြေများကို ပြန်လည် ကောင်းမွန်လာစေရန် ဖုံးလွှမ်းခံရမှုထုထည်အတိုင်းအတာ ပေါ်မူတည်၍ ဆောင်ရွက်ရမည်ဖြစ်ကြောင်း လယ်ယာ စိုက်ပျိုးရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနမှ သိရသည်။

သာမန် ခြောက်လက်မခန့် သဲဖုံးပါက ထယ်နက်နက် ထိုးခြင်းဖြင့် အောက်ခံမြေလွှာသည် အပေါ်သဲများပေါ် ဖုံးလွှမ်း၍ ရောမွှေသမနိုင်သော်လည်း သဲဖုံးလွှမ်းမှု ထုထည်ကြီးမားပါက ထွန်စက်နှင့် မြေကော်စက်များ အသုံးပြုဖယ်ရှားပြီးမှသာ ပြန်လည်စိုက်ပျိုးနိုင်မည်ဖြစ်သည်။

''သဲ၊ နုန်းတွေကို ဖယ်ပေးရင်လည်း မိုးစပါးက ပြန်စိုက်ပျိုးဖို့ အချိန်မမီတော့ဘူး။ ဒီမှာက မိုးကလည်း သိပ်မမှန်ဘူး။ မိုးများတယ်။ တစ်ခါတစ်ရံ နောက်မိုး ပြတ်သွားတာတွေလည်းရှိတော့ ပြန်စိုက်ဖို့အချိန်မမီတော့ ပါဘူး''ဟု မောင်တောမြို့နယ် မောင်နှမကျေးရွာမှ ဦးအောင်စောမောင်က ပြောသည်။
နုန်းတူးစက်များဖြင့် နုန်းများကို ဖယ်ရှားရာတွင်လည်း ပစ်ရမည့်နေရာသတ်မှတ်ရန် လိုအပ်သည်။ မြစ်၊ ချောင်းများအတွင်းသို့ စွန့်ပစ်ခြင်းသည် နုန်းများ ထပ်မံ ပို့ပြီး တိမ်ကောသွားကာ နောက်တစ်ကြိမ် ရေလျှံတက် ခြင်းကို ထပ်မံဖြစ်ပွားစေနိုင်သဖြင့် ထိုသို့စွန့်ပစ်ခြင်းကိုလည်း ရှောင်ရှားကြရမည်ဖြစ်သည်။

ထို့ကြောင့် မြစ်ကမ်းနံဘေးကဲ့သို့သော နေရာများတွင် စနစ်တကျနေရာသတ်မှတ်၍ တာရိုးပတ်ပြီးမှ ဖယ်ရှားပစ်ရမည်ဖြစ်ကြောင်း စိုက်ပျိုးရေးသုတေသနဦးစီးဌာနမှ သိရသည်။
ထိုသို့ နုန်းများဖယ်ရှားပြီးပါက အပင်အာဟာရ ဓာတ်များ ပြန်လည်ဖြည့်တင်းပေးရာတွင် အဓိကအားဖြင့် ရေနှင့် လွယ်ကူစွာ ပါဝင်ပျောက်ဆုံးသွားလေ့ရှိသည့် နိုက်ထရိုဂျင်နှင့် ဆာလ်ဖာဓာတ်တို့ ပြန်လည်ရရှိစေရန် ယူရီးယား မြေသြဇာနှင့် ဂျစ်ပဆန်မြေသြဇာများကို ဖြည့်တင်းပေးရမည်ဖြစ်သည်။

''ရေကြီးနစ်မြုပ်ခဲ့တဲ့အတွက် မြေရဲ့သစ်ဆွေးဓာတ်တွေ (Soil Organic Matter) ဆုံးရှုံးသွားလေ့ရှိပါတယ်။ ဒါကြောင့် အခြားဒေသတွေက ရနိုင်သမျှ သစ်ဆွေးမြေ သြဇာ၊ သဘာဝမြေသြဇာတွေကို ထည့်သွင်းပေးသင့်ပါ တယ်။ နုန်းတင်ပို့ခဲ့တာကြောင့် မြေသားဖွဲ့စည်းမှုမှာ ရွှံ့စေး၊ သစ်ဆွေးဓာတ်ပါဝင်မှုလျော့နည်းပြီး မြေဖွဲ့စည်းမှု (Aggregation)နည်းသွားနိုင်လို့ သစ်ဆွေးဓာတ်ကိုလည်း ပြန်လည်ဖြည့်တင်းဖို့ လိုအပ်ပါတယ်''ဟု မြေဆီလွှာ၊ ရေအသုံးချရေးနှင့် စိုက်ပျိုးရေးအင်ဂျင်နီယာဌာနခွဲမှ အရာရှိတစ်ဦးက ဆိုသည်။

နုန်းများပိတ်နေခြင်းသည် မြေတွင်းအောက်ဆီဂျင် ဓာတ် လျော့နည်းသွားသဖြင့် အပင်စိုက်ရာတွင် အကျိုး ပြုသည့် အဏုဇီဝများလည်း လျော့နည်းသွားသည်ကို သတိပြုကြရမည်ဖြစ်သည်။ ဆောင်းသီးနှံ၊ ပဲများ စိုက်ပျိုး သောအခါ ပဲသီးနှံမျိုးအလိုက် ထုတ်ဝေထားသော ပဲမြစ်ဖု ဇီဝမြေသြဇာများကို ထည့်သွင်းစိုက်ပျိုးသင့်ကြောင်း ကိုလည်း ၎င်းက ဆက်လက်အကြံပြုသည်။

''ရခိုင်ပြည်နယ် အချို့ဒေသတွေမှာ အက်စစ်ဆာလ်ဖိတ်ဆန်တဲ့ မြေခံမိခင်ကျောက်သားတွေ ရှိနေတတ် ပါတယ်။ နက်နက်ထွန်ယက်မယ်ဆိုရင် ဆာလ်ဖိတ်ဓာတ် တွေဟာ အပင်တွေကို ထိခိုက်စေနိုင်ပါတယ်။ ဒါကြောင့် နက်နက်ထွန်ယက်ခြင်းကို ရှောင်ရှားသင့်ပါတယ်''ဟု မြေဆီလွှာ၊ ရေအသုံးချရေးနှင့် စိုက်ပျိုးရေးအင်ဂျင်နီယာ ဌာနခွဲ စိုက်ပျိုးရေးသုတေသနဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဒေါက်တာစုစုဝင်းက သုံးသပ်သည်။

ယခုကဲ့သို့ အချိန်အခါတွင် အလျင်စလို ပြန်လည် စိုက်ပျိုးခြင်းမပြုသေးဘဲ ဆောင်းသီးနှံစိုက်ချိန်တွင် အဆင်သင့်ဖြစ်စေရန်အတွက် လယ်ယာမြေ ပြန်လည် ပြုပြင်ရေးကို ဝိုင်းဝန်း၍ ဦးစားပေးဆောင်ရွက်သင့် သည်ဟုလည်း အကြံပြုထားသည်။
ရခိုင်ပြည်နယ်တွင် နုန်းဖုံးဧက ၂၁၇၁၆ ဧကနှင့် သဲ၊ ကျောက်စရစ်ဖုံးဧက ၆ဝဝဝ ကျော်ရှိရာ မိုးသီးနှံကို အချိန်မီပြန်လည်စိုက်ပျိုးရန် မဖြစ်နိုင်တော့၍ လာမည့် ဆောင်းရာသီတွင် နွေစပါးနှင့် ပဲမျိုးစုံ၊ ဆီထွက်သီးနှံစသည့် ဆောင်းသီးနှံများကို ပြန်လည်အစားထိုးစိုက်ပျိုးနိုင်ရန် ပုဏ္ဏားကျွန်း၊ မြောက်ဦး၊ ကျောက်တော်နှင့် မင်းပြားမြို့နယ် များသို့ စက်မှုလယ်ယာဦးစီးဌာနက ပေးပို့ထားသော ထွန်စက်အစီး ၁ဝဝ ဖြင့် မြေညှိထွန်ယက်ခြင်းများ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
''စပါးစိုက်ဖို့ အချိန်မမီတော့ပေမယ့် ဆောင်းသီးနှံက နှစ်စဉ်လည်း စိုက်နေတာဆိုတော့ ဆောင်းသီးနှံစိုက်လို့ရပါ သေးတယ်''ဟု မောင်တောမြို့နယ် နတ်ချောင်းကျေးရွာမှ တောင်သူ ဦးလှအောင်က ဆိုသည်။

ကလေးမြို့နယ်တွင် နုန်းဖုံးဧက ၁၄၆၇၃ ဧက၊ သဲဖုံး ဧက ၁၂၃ ဧက ဖြစ်ပေါ်ခဲ့ရာ ကလေးမြို့နယ်သို့ ပေးပို့ထား သော ကူဘိုတာထွန်စက်အစီး ၈ဝ ဖြင့် ထွန်ယက်ခဲ့ရာ ယနေ့အထိ ၁၁၇၆ ဒသမ ၉ ဧက ပြီးစီးနေပြီး ကောလင်း မြို့နယ်တွင်လည်း ကူဘိုတာထွန်စက်အစီး ၃ဝ ဖြင့် ထွန်ယက်ပြီးစီးမှု ၂၇၂၅ ဧကနှင့် သဲ၊ နုန်းဖယ်ရှားပြီးစီးမှု ၃၃ ဧက ဆောင်ရွက်ပြီးဖြစ်ကြောင်း စက်မှုလယ်ယာ ဦးစီးဌာနမှ သိရသည်။

''မိုးစပါးအချိန်မီ ပြန်လည်မစိုက်ပျိုးနိုင်ရင်လည်း ဆောင်းသီးနှံတွေဖြစ်တဲ့ ပဲမျိုးစုံ၊ ဆီထွက်သီးနှံနဲ့ အစေ့ ထုတ်ပြောင်းသီးနှံတွေကို ပြန်လည်စိုက်ပျိုးလို့ရပါတယ်။ နုန်းဖုံးလွှမ်းထားတာကြောင့် စိုက်ပျိုးမြေတွေ အရင်ကထက် ပိုကောင်းမွန်လာမှာဖြစ်ပြီး ဓာတ်မြေသြဇာအသုံးပြုဖို့လည်း မလိုတော့ပါဘူး။ အထွက်နှုန်းပိုလာမှာဖြစ်ပြီး ကုန်ကျစရိတ် ကို လျော့ကျစေနိုင်တဲ့ အကျိုးကျေးဇူးတွေလည်း ရရှိ နိုင်မှာဖြစ်ပါတယ်''ဟု စိုက်ပျိုးရေးဦးစီးဌာနမှ အကြီးတန်း အရာရှိတစ်ဦးက ဆိုသည်။

နုန်းဖုံးသော လယ်မြေများအား နုန်းဖုံးလွှမ်းမှုထု ခြောက်လက်မဖြစ်ပေါ်ပါက မြေပြုပြင်၍ အောင်ရေ သေချာလျှင် သက်တမ်းတိုစပါးမျိုးများ အချိန်မီ ပြန်လည် စိုက်ပျိုးနိုင်မည်ဖြစ်ကြောင်း စိုက်ပျိုးရေးဦးစီးဌာနမှ သိရ သည်။

စပါး၊ ပဲ၊ ပြောင်း၊ နှမ်းများကို ရာသီအလိုက် စိုက်ပျိုးသူ ကလေးမြို့နယ် နတ်မြောင်းကျေးရွာမှ တောင်သူ ဦးဝင်းမောင်က ''သဲ၊ နုန်းတွေက နှစ်ပေခွဲ၊ သုံးပေလောက်အထိ ဖြစ်သွားတဲ့အတွက် ပင်မ ကန်သင်း တွေပါ ပျောက်လုလုဖြစ်သွားပါတယ်။ အခုတော့ အဲဒီ နေရာတွေကို အစိုးရက ဖြန့်ဝေပေးတဲ့ မျိုးစပါးတွေကို တိုက်ရိုက်မျိုးစေ့ချစနစ်နဲ့ စိုက်တယ်။ အခုဆို အပင်တွေ သုံး၊ လေးလက်မလောက် ရောက်နေပါပြီ။ အချို့နေရာ တွေကလည်း သွားလို့မရသေးတော့ မျိုးစေ့ချလို့မရသေး ဘူး။ ဒါကြောင့် ဆောင်းသီးနှံပဲစိုက်ပျိုးရမှာ ဖြစ်ပါတယ်။ ဆောင်းသီးနှံကတော့ အဆင်ပြေမှာပါ'' ဟု ခန့်မှန်းသည်။

သို့သော်လည်း နောက်ကျပြီး စိုက်ပျိုးရသဖြင့် ရွက်လိပ်၊ ရွက်ဖြတ်၊ ဖလံပိုး၊ နှံစုပ်ဂျပိုး စသည့် ပိုးမွှားရောဂါများ ကျရောက်တတ်ရာ ဂရုစိုက်ကြိုတင်ကာကွယ် ရမည်ဟုလည်း တောင်သူများက ဆိုကြသည်။

ဆောင်းသီးနှံအမီ စိုက်ပျိုးနိုင်အောင် လုပ်ဆောင်ရန် လိုအပ်သကဲ့သို့ ယခုအချိန်အခါမျိုးတွင် စိုက်ခင်းများ၌ အပင်များမရှိတော့၍ စားစရာမရှိတော့သည့် ရောဂါပိုးမွှား များသည် စိုက်ခင်းများအတွင်းသို့ အစုလိုက်အပြုံလိုက် ကျရောက်လာနိုင်သဖြင့် ပိုးမွှားရောဂါကျရောက်မှုကို အထူးဂရုပြုစောင့်ကြည့် ကာကွယ်ကြရန်လည်း လိုအပ်ပေ ဦးမည်။

ယခင်က ကြုံတောင့်ကြုံခဲ ရာသီဥတုပြောင်းလဲမှု ဖြစ်စဉ်နှင့် သဘာဝဘေးအန္တရာယ်များသည် ယခုအချိန်မှာ တော့ မကြာခဏဆိုသလို ဖြစ်ပေါ်လာချေပြီ။ မြန်မာနိုင်ငံ သည် စိုက်ပျိုးရေးနိုင်ငံဖြစ်ခြင်းကြောင့် ရာသီဥတုကို အမှီပြုကာ အသက်မွေးဝမ်းကျောင်းပြုနေသည့် တောင်သူ များအတွက် ထိုသဘာဝဘေးအန္တရာယ်များကို စိန်ခေါ်မှု အသွင် ရှုမြင်ကာ မည်သို့ရင်ဆိုင်ကြရမည်ဆိုသည် မှာတော့ .........။

No comments:

Post a Comment