Sunday, August 30, 2015

ကလေးမြို့နှင့် ဟားခါးမြို့များသို့ ရေဘေးပြန်လည်ထူထောင်ရေးပစ္စည်းများနှင့် အလှူငွေများလှူဒါန်း



The Mirror Daily's photo.

နေပြည်တော် သြဂုတ် ၂၈

စစ်ကိုင်းတိုင်းဒေသကြီး ကလေးမြို့နှင့် ချင်းပြည်နယ် ဟားခါးမြို့များမှ ရေဘေးသင့်ပြည်သူများအတွက် ပြန်လည်ထူထောင်ရေးဆောင်ရွက်ရန် ကမ္ဘောဇဘဏ်လီမိတက် အမှုဆောင်ဒါရိုက်တာ (ကမ္ဘောဇအနာဂတ် အလင်း တန်းမြန်မာဖောင်ဒေးရှင်း ဒုတိယဥက္ကဋ္ဌ) ဒေါ်နန်းခမ်းနောင့် ဦးဆောင်၍ ဖောင်ဒေးရှင်းမှ တာဝန်ရှိသူများနှင့်အတူ Iron Cross တေးဂီတအဖွဲ့ဝင်များ လိုက်ပါလျက် သြဂုတ် ၂၇ ရက် နံနက်ပိုင်းက ကလေးမြို့သို့ Air KBZ အထူး လေယာဉ်ဖြင့် သွားရောက်ပြီး ကလေးမြို့ ပြည်သူ့ဆေးရုံအတွက် ECG စက် နှစ်လုံး၊ ချွဲစုပ်စက် ၁ဝ လုံး၊ Air Sep (Oxygen Concentrator) ၁ဝ လုံး၊ Nebuliser လေးလုံး၊ ရေခဲသေတ္တာ လေးလုံး၊ အဝတ်လျှော်စက် တစ်လုံးတို့ကို ဆေးရုံအုပ်ကြီးထံ ပေးအပ်လှူဒါန်းခဲ့ကြောင်း သိရသည်။

ထို့အပြင် ကလေးမြို့ရှိ ရေဘေးသင့်ပြည်သူများအတွက် ကူညီဆောင်ရွက် နေသော ကလေးလွင်ပြင်ပရဟိတအဖွဲ့သို့ ဘိလပ်မြေအိတ် ၆ဝဝဝ၊ သွပ်အချပ် ၆ဝဝဝ၊ ဒီဇယ်ဂါလန် ၁ဝဝဝဝ၊ ရေစုပ်စက် ၁ဝ လုံး၊ ကျောင်းဆရာ ၅ဝဝ အတွက် ကျောင်းဝတ်စုံအင်္ကျီအဖြူ အထည် ၅ဝဝ နှင့် ဝက်ဝံတံဆိပ် ကျောင်း စိမ်းပုဆိုး အထည် ၅ဝဝ၊ ကျောင်းဆရာမ ၁ဝဝဝ အတွက် သရီးရိုင်ဖယ် အင်္ကျီအဖြူစ ၂ဝဝဝ နှင့် အုန်းနှစ်ပင်တံဆိပ် ကျောင်းစိမ်းလုံချည်အထည် ၁ဝဝဝ၊ မူလတန်း၊ အလယ်တန်းနှင့် အထက်တန်း ကျောင်းသား ကျောင်းသူများ အတွက် ကျောင်းဝတ်စုံ ၂၅ဝ၃၂ စုံ၊ ခဲတံ ဒါဇင် ၆၅ဝဝ နှင့် ဗလာစာအုပ် ဒါဇင် ၆၅ဝဝ တို့ကို ပေးအပ်လှူဒါန်းခဲ့သည်။

ဆက်လက်ပြီး မွန်းလွဲပိုင်းတွင် ကလေးမြို့မှတစ်ဆင့် ချင်းပြည်နယ် ဟားခါးမြို့သို့ ရဟတ်ယာဉ်များဖြင့် ဆက်လက်ထွက်ခွာရာ ဟားခါးမြို့တွင် ချင်းပြည်နယ်ဝန်ကြီးချုပ် ဦးဟုန်းငိုင်း၊ ချင်းပြည်နယ် ပြည်နယ်ပညာရေးမှူး ဒေါ်ဝင်းကြည်တို့နှင့်အတူ ချင်းပြည်နယ် ဟားခါးမြို့နှင့် မြို့နယ်အတွင်းရှိ ပြိုကျပျက်စီးခဲ့သည့် အိမ်ခြေစုစုပေါင်း ၅၁၇ အိမ်အတွက် တစ်အိမ်လျှင် ငွေကျပ် ၁ဝ သိန်းနှုန်းဖြင့် စုစုပေါင်း ငွေကျပ် သိန်း ၅၁၇ဝ၊ အိုးခွက်ပန်းကန်အစုံ ၅၁၇ စုံနှင့် စားနပ်ရိက္ခာကိုးမျိုးပါ ပစ္စည်းထုပ် ၅၁၇ ထုပ်တို့ကို ရေဘေးသင့် အိမ်ထောင်စုများအား ပေးအပ်လှူဒါန်းခဲ့သည်။

ယင်းနောက် ပြိုကျပျက်စီးခဲ့သည့် မူလတန်းကျောင်း ခြောက်ကျောင်း၊ အလယ်တန်းကျောင်း သုံးကျောင်းနှင့် အထက်တန်းကျောင်း တစ်ကျောင်း စုစုပေါင်း စာသင်ကျောင်း ၁ဝ ကျောင်းကို အသစ်ပြန်လည်တည်ဆောက်ရန် အတွက် အလှူငွေကျပ် ၅၈၂၅ သိန်းအား ကမ္ဘောဇအနာဂတ်အလင်းတန်း မြန်မာဖောင်ဒေးရှင်း ဒုတိယဥက္ကဋ္ဌ ဒေါ်နန်းခမ်းနောင့်က ချင်းပြည်နယ် ပြည်နယ်ပညာရေးမှူး ဒေါ်ဝင်းကြည်မှတစ်ဆင့် သက်ဆိုင်ရာ ကျောင်းအသီးသီး သို့လည်းကောင်း၊ ပျက်စီးခဲ့သည့် ဘုရားကျောင်း ခြောက်ကျောင်းအတွက် တစ်ကျောင်းလျှင် ငွေကျပ် သိန်း ၁ဝဝ စီဖြင့် ကျပ်သိန်း ၆ဝဝ အား သက်ဆိုင်ရာ ဘုရားကျောင်းတာဝန်ရှိသူများအားလည်းကောင်း၊ ဟားခါးပြည်သူ့ဆေးရုံသို့ သွားရောက်၍ ဆေးရုံတွင် ဆေးကုသမှုခံယူလျက်ရှိသော လူနာ ၈၈ ဦးအတွက် တစ်ဦးလျှင် ငွေကျပ် ၃ဝဝဝဝ စီနှင့် ဆရာဝန်၊ သူနာပြုများ၊ ဆေးရုံဝန်ထမ်းများ အတွက် ထောက်ပံ့လှူဒါန်းငွေများအားလည်းကောင်း၊ ဖလမ်းမြို့ ပြန်လည် ထူထောင်ရေးအတွက် ငွေကျပ်သိန်း ၃ဝဝ အားလည်းကောင်း ပေးအပ်လှူဒါန်း ခဲ့သည်။

ကမ္ဘောဇအနာဂတ်အလင်းတန်းမြန်မာဖောင်ဒေးရှင်းအနေဖြင့် ရေကြီး ရေလျှံဖြစ်ပေါ်ခဲ့သည့် ဇူလိုင် ၂၆ ရက်မှစ၍ စစ်ကိုင်းတိုင်းဒေသကြီးအတွင်း ရှိ ကလေး၊ ကောလင်း၊ ဝန်းသို၊ ကန့်ဘလူ၊ ကျွန်းလှ၊ ချပ်သင်း ဒေသများ၊ မကွေးတိုင်းဒေသကြီးအတွင်းရှိ ပွင့်ဖြူ၊ လက်ပံပျား၊ စလင်း၊ စကု၊ စေတုတ္တရာ၊ အရာတော်၊ ကမ္မနှင့် မင်းလှဒေသများ၊ ရခိုင်ပြည်နယ် စစ်တွေ၊ မြောက်ဦး၊ ကျောက်တော်၊ မင်းပြား၊ မောင်တော၊ မြေပုံနှင့် လေးမြို့မြစ်ဖျားဒေသများ၊ ပဲခူးတိုင်းဒေသကြီးအတွင်းရှိ ပဲခူး၊ ညောင်လေးပင်၊ တောင်ငူဒေသများ၊ ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ ညောင်တုန်း၊ မအူပင်၊ ဇလွန်၊ ဟင်္သာတနှင့် ဓနုဖြူဒေသများ၊ ချင်းပြည်နယ် ဟားခါးနှင့် ဖလမ်းမြို့နယ်များရှိ ရေဘေးသင့် ပြည်သူများအား ကူညီကယ်ဆယ်ရေးအတွက် လှူဒါန်းငွေစုစုပေါင်း ငွေကျပ် သိန်းပေါင်း ၄၅ဝဝဝ ကျော် (ငွေကျပ် ၄ ဒသမ ၅ ဘီလီယံကျော်)လှူဒါန်းခဲ့ပြီး ဖြစ်သည်။

ထို့ပြင် အနယ်နယ်အရပ်ရပ်မှ စေတနာရှင်များ လာရောက်ပေးပို့လှူဒါန်း ထားသော ကယ်ဆယ်ရေးအလှူပစ္စည်းမျိုးစုံ အမြောက်အမြားကိုလည်း ကမ္ဘောဇအုပ်စုပိုင်MAI လေကြောင်းလိုင်းမှ Air Bus A320 ဖြင့် ပြည်တွင်း ခရီးစဉ် ရန်ကုန်-မန္တလေးတစ်ကြိမ်၊ စင်ကာပူ၊ ဘန်ကောက်၊ ကွာလာလမ်ပူ၊ ကွမ်ကျိုးစသည့် ပြည်ပနိုင်ငံများမှ ရန်ကုန်မြို့သို့ ပို့ဆောင်ပေးခြင်း (၂၄)ကြိမ်၊ Air KBZ လေကြောင်းလိုင်းဖြင့် ရန်ကုန်-မန္တလေး-ကလေး-စစ်တွေ-ကျောက်ဖြူသို့ ပျံသန်းသော ပုံမှန်ခရီးစဉ် အခေါက် ၃ဝ တွင် အလှူပစ္စည်းထုပ် ပေါင်း ၃၆ဝဝ ကျော်ကို တင်ဆောင်၍လည်းကောင်း၊ Air KBZ အခမဲ့ စင်းလုံးငှားလေယာဉ်ခရီးစဉ် ၁၉ ခေါက်ပြေးဆွဲ၍လည်းကောင်း စုစုပေါင်း လေယာဉ်ခရီးစဉ် ၄၉ ခေါက်အား အခမဲ့ပျံသန်းပေးပို့ခဲ့ခြင်း၊ MI 17 ရဟတ်ယာဉ်များ၊ Y8 ၈ သယ်ယူပို့ဆောင်ရေးလေယာဉ်များဖြင့်လည်းကောင်း၊ သင်္ဘောများ၊ စက်လှေများ၊ ၂၂ ဘီးယာဉ်ကြီးများဖြင့် တင်ဆောင်၍လည်းကောင်း သက်ဆိုင်ရာပရဟိတအသင်းများနှင့် ရေဘေးသင့်ပြည်သူများလက်ဝယ် အရောက် အလေအလွင့်အပျောက်အရှမရှိစေဘဲ စနစ်တကျ နေ့စဉ်အခမဲ့ ပို့ဆောင်ပေးခဲ့သည်။

ယခုအခါ အထက်ပါ စစ်ကိုင်းတိုင်းဒေသကြီး ကလေးမြို့နှင့် ချင်းပြည် နယ် ဟားခါးမြို့နယ်တို့ရှိ ရေဘေးသင့်ပြည်သူများ ပြန်လည်ထူထောင်ရေးအတွက် ကူညီထောက်ပံ့လှူဒါန်းငွေကျပ်သိန်းပေါင်း ၁၅၂ဝဝ ကျော်(ငွေကျပ် ၁ ဒသမ ၅၂ ဘီလီယံကျော်) ထပ်မံလှူဒါန်းသဖြင့် မြန်မာအပြည်အနှံ့အပြားရှိ ရေဘေးသင့်ပြည်သူများအတွက် ကမ္ဘောဇအနာဂတ်အလင်းတန်းမြန်မာ ဖောင်ဒေးရှင်းမှ ယနေ့ထိ လှူဒါန်းငွေစုစုပေါင်းမှာ ကျပ်သိန်းပေါင်း ၆ဝ၂ဝဝ ကျော်(ငွေကျပ် ၆ ဘီလီယံကျော်)ရှိပြီဖြစ်ကြောင်း သိရသည်။
(ကြေးမုံ)

No comments:

Post a Comment