Sunday, August 30, 2015

နတ်မောက်မြို့နယ်အတွင်းမှ တောဆင်ရိုင်းအုပ်မထွက်ခွာသေး



The Mirror Daily's photo.

နတ်မောက် သြဂုတ် ၂၈

ပဲခူးရိုးမဆီမှ ရေကြည်ရာ မြက်နုရာ စားကျက်မြေ နေရာရှာဖွေရင်း မိုင်ပေါင်းရာချီခရီးကို နေခိုချိန်မှလွဲ၍ မရပ်မနားသွားလာနေကြသော်လည်း ၎င်းတို့ဘဝသာယာစွာ အသက်ရှင်နေနိုင်ရေးလမ်းစမှာ တစ်ပတ်ကျော်ကြာလာ သည့်တိုင်အောင် ရှာမတွေ့သေးသည့်အပြင် သြဂုတ် ၂၈ ရက် ညပိုင်းအထိ နတ်မောက်မြို့နယ်အတွင်းမှ ထွက်ခွာခြင်းမရှိသေးဘဲ နားခိုလျက်ရှိကြောင်း သိရသည်။

အဆိုပါ တောဆင်ရိုင်းအုပ်သည် ၎င်းတို့၏ ခြေလှမ်း သစ်စတင်ရာဖြစ်သော နတ်မောက်မြို့နယ်၊ မြို့သစ်မြို့နယ် များမှသည် မိတ္ထီလာ၊ ညောင်ဦး၊ ကျောက်ပန်းတောင်း စသည့် မြို့နယ်များကိုဖြတ်ကျော်ကာ နယ်မြေသစ်ရှာဖွေ ခဲ့ကြသော်လည်း ရိုးမပျော်ဆင်ရိုင်းတို့ မူလကွန်းခိုရာ ပဲခူးရိုးမဆီသို့ လှည့်ပြန်ရမည့်အနေအထားတွင် ရှိနေခဲ့သည်။

ယင်းတောဆင်အုပ် ရိုးမဆီမှ နယ်ကျွံလာသည်ဟုသိရသည်မှာ နတ်မောက်မြို့နယ် ရွှေနတ်ကယ်တောင်ကြော အရောက်တွင် သိရှိရခြင်းဖြစ်ပြီး ရွှေနတ်ကယ်တောင်သို့ သြဂုတ် ၁၈ ရက် နံနက် ၆ နာရီတွင် ရောက်ရှိလာခြင်း ဖြစ်ကြောင်း၊ ယင်းရွှေနတ်ကယ်တောင်သို့ ရောက်ရှိလာချိန်တွင် ကမ္ဘာလုံးအေးစေတီအနီးတွင် နေခိုခဲ့ကြောင်းနှင့် ရွှေနတ်ကယ်တောင်ဆရာတော်ကြီးရှိရာသို့ မျက်နှာမူ သည့်အနေအထားဖြင့် နေခိုခဲ့ကြောင်း၊ တစ်နေကုန် ရွှေနတ်ကယ်တောင်တွင်ရှိနေခဲ့ပြီး ညပိုင်းရောက်မှသာ ရွှေနတ်ကယ်တောင်၏မြောက်ဘက်သို့ ထွက်ခွာသွားကြောင်း ရွှေနတ်ကယ်တောင်တွင် သီတင်းသုံးတော်မူသည့် ဆရာတော်တစ်ပါးက မိန့်ကြားတော်မူသည်။

''ရွှေနတ်ကယ်တောင်ဘက်ကို ရောက်လာတဲ့အချိန်မှာ ပေ ၂ဝ လောက်အကွာကနေ ဓာတ်ပုံရိုက်တာတောင် ဘာမှပြန်မလုပ်ဘူး။ လူတွေကသာ ဆင်တွေကို ခဲတွေနဲ့ ပေါက်ပြီး ခြောက်လှန့်ကြတာ။ ဘာမှဖျက်ဆီးသွားတာလည်း မရှိဘူး။ ဆင်ရိုင်းတွေဆိုရင် လူတွေအကပ်မခံသလို ဖျက်ဆီးတာတွေ လုပ်တတ်တယ်လို့ ကြားဖူးတယ်။ ခြေထောက်တွေမှာလည်း ကြိုးချည်ထားတဲ့
အရာတွေ တွေ့တယ်။ ရှေ့ကဆင်ခေါင်းဆောင်ကြီးသွားတဲ့ ခြေရာအတိုင်း နောက်ကဆင်တွေက လိုက်တယ်။ ခြေရာတွေ တအားမတွေ့ရဘူး။ သူတို့သွားပြီးတဲ့အချိန် နောက်က လိုက်ကြည့်တော့ ကျွန်မကတော့ ဆင်ရိုင်းတွေလို့ မထင်ဘူး''ဟု ရွှေနတ်ကယ်တောင်အနီးနေထိုင်သူ ဒေသခံ အမျိုးသမီးတစ်ဦးက ပြောပြသည်။

အဆိုပါ တောဆင်ရိုင်းများသည် သြဂုတ် ၁၉ ရက် တွင် မိတ္ထီလာမြို့နယ်ဘက်သို့လည်းကောင်း၊၂၄၊ ၂၅ ရက် တွင် ညောင်ဦးဘက်သို့လည်းကောင်း၊ ၂၆၊ ၂၇ ရက်တွင် ကျောက်ပန်းတောင်းဘက်သို့လည်းကောင်း လှည့်လည်သွားလာခဲ့သည်။ ညောင်ဦးမြို့နယ်နှင့် ကျောက်ပန်းတောင်း မြို့နယ်ဘက်သို့ရောက်ရှိစဉ် ဆင်ငယ်တစ်ကောင်မှာ နာမကျန်းဖြစ်၍ ကျန်ခဲ့ခြင်းကြောင့် ကျန်ငါးကောင်သည် အဖော်ကွဲဆင်တစ်ကောင်ရှာဖွေရင်း ကျောက်ပန်းတောင်း မြို့နယ်တွင် နှစ်ရက်ကြာ ကွန်းခိုခဲ့ကြကြောင်း ဒေသခံများနှင့် အုပ်ချုပ်ရေးအဖွဲ့အစည်းမှ တာဝန်ရှိသူများက ပြောသည်။

ငါးကောင်ပါဝင်သည့် တောဆင်အုပ်သည် ၂၇ ရက် တစ်ရက်လုံး ကျောက်ပန်းတောင်းမြို့နယ် လွန်ပင်ကုန်း ကျေးရွာနှင့် သစ်စပ်ပင်ကျေးရွာအကြားရှိ လျှိုတစ်ခုအတွင်း နားခိုနေခဲ့ပြီး ထိုမှတစ်ဆင့် မဲထီးကျေးရွာ၊ စံပြကျေးရွာတို့ကို ဖြတ်ကျော်ကာ သြဂုတ် ၂၈ ရက် နံနက်ပိုင်းတွင် နတ်မောက်မြို့နယ်အတွင်းသို့ ရောက်ရှိလာခဲ့ရာ ဒီးဒုတ် ကုန်းကျေးရွာနှင့် ဥသျှစ်မြောင်ကျေးရွာအနီးရှိ တောအုပ်ထဲတွင် နေခိုခဲ့ကြကြောင်း သိရသည်။

''တောဆင်ရိုင်းအုပ် ဒီဘက်ကို ရောက်လာမယ်လို့ မသိဘူးလေ။ မနက်ယာထဲသွားမှ တည့်တည့်တိုးတာ။ ရွာကအသံချဲ့စက်နဲ့အော်တာနဲ့ ယာထဲမှာ နှမ်းစီးသွား နေရာကနေ အမောတကော ပြန်ပြေးလာခဲ့တာ။ ဒီဆင်တွေ ရောက်လာတဲ့အချိန်မှာ အနီးအနားမှာရှိတဲ့ ကျေးရွာတွေကလည်း အဲဒီဆင်တွေကို သွားမနှောင့်ယှက်ဖို့၊ သူတို့သွားတဲ့ လမ်းကြောင်းတွေကို မပိတ်ဖို့နဲ့ ဒေသခံပြည်သူတွေ အန္တရာယ်ကင်းစေဖို့ အသံချဲ့စက်နဲ့အော်ပြီးသတိပေးတာတွေ လုပ်ကြတယ်''ဟု နတ်မောက်မြို့နယ် အိုင်ဇောက် ကျေးရွာအုပ်စု ကန်ကြီးကုန်းကျေးရွာမှ မလှလေးက ပြောသည်။

အဆိုပါ တောဆင်ရိုင်းများကို ကျောက်ပန်းတောင်း မြို့နယ်အတွင်းမှ မူလကျက်စားရာ နတ်မောက်/ မြို့သစ် နယ် ပဲခူးရိုးမဆီသို့ ပြန်လည်ရောက်ရှိရေးအတွက် ကွန်ချီ ဆင်ယဉ်များကိုအသုံးပြုကာ သြဂုတ် ၂၇ ရက် ညနေပိုင်းမှ ည ၁၁ နာရီဝန်းကျင်အထိ ထိန်းကျောင်းမောင်းနှင်ခဲ့ကြပြီး သြဂုတ် ၂၈ ရက် နံနက်ပိုင်းတွင် ဆင်ယဉ်များကို ဆင်သယ်ကားများဖြင့် နတ်မောက်မြို့နယ်သို့ သယ်ဆောင် လာခဲ့ကြောင်း ဆင်သယ်ယာဉ်မောင်းနှင်သူတစ်ဦးက ပြောသည်။

ရိုးမပျော်တောဆင်ရိုင်းများသည် သြဂုတ် ၂၈ ရက် နံနက် ၈ နာရီမှစတင်ကာ ညပိုင်းအထိ နတ်မောက်မြို့နယ် အတွင်းရှိ ဒီးဒုတ်ကုန်းကျေးရွာနှင့် ဥသျှစ်မြောင်ကျေးရွာ အနီးတွင် ဆက်လက်ရှိနေပြီး နတ်မောက်မြို့နယ်အတွင်းမှ ၎င်းတို့နယ်ကျွံလာရာဒေသဟု ယူဆရသည့် ပဲခူးရိုးမဆီ သို့ ပြန်လည်ထွက်ခွာခြင်းမရှိသေးကြောင်း ဆင်များအား အနီးကပ်စောင့်ကြည့်နေသော အုပ်ချုပ်ရေးဆိုင်ရာ တာဝန်ရှိသူတစ်ဦးက ပြောသည်။
သတင်း-နိုင်လင်းကြည်(ကြေးမုံ)
ဓာတ်ပုံ-နေသန်

No comments:

Post a Comment