Sunday, August 30, 2015

အလုပ်ရှင်နဲ့ အလုပ်သမားတွေဘက်က တုံ့ပြန်လာတဲ့အပေါ်မှာ အများရဲ့ဆန္ဒကိုယူခဲ့ပြီး ဆုံးဖြတ်ခဲ့တာပါ




ဦးမျိုးအောင်-အမြဲတမ်းအတွင်းဝန်
ပြည်သူများစိတ်ဝင်စားနေသည့်သတင်းတစ်ပုဒ်ဖြစ်သော မြန်မာနိုင်ငံရှိ အလုပ်သမားများအတွက် အလုပ်သမား ၁၅ ဦးနှင့်အောက်ရှိ လုပ်ငန်းငယ်များ၊ မိသားစုတစ်ပိုင်တစ်နိုင် လုပ်ငန်းများမှအပ တစ်နိုင်ငံလုံး တစ်ပြေးညီ တစ်နာရီလျှင် ကျပ် ၄၅ဝ နှုန်းဖြင့် အလုပ်ချိန် ၈ နာရီ တစ်ရက်အတွက် ကျပ် ၃၆ဝဝ ကို အနည်းဆုံး အခကြေးငွေနှုန်းထားအဖြစ် စက်တင်ဘာ ၁ ရက်နေ့မှစ၍ အတည်ပြုသတ်မှတ်လိုက်ပြီဖြစ်ရာ သက်ဆိုင်ရာဝန်ကြီးဌာန၊ အလုပ်သမားအဖွဲ့အစည်း၊ အလုပ်ရှင်နှင့် အလုပ်သမားတို့အား တွေ့ဆုံမေးမြန်းထားသည်များကို တင်ပြလိုက်ရပါသည်။
ဦးမျိုးအောင် (အမြဲတမ်းအတွင်းဝန်၊ အလုပ်သမား၊ အလုပ်အကိုင်နှင့်
လူမှုဖူလုံရေးဝန်ကြီးဌာန)

'' အလုပ်ရှင်၊ အလုပ်သမားအများစုရဲ့ သဘောထားကို ကောက်ယူခဲ့တယ်။ ကျွန်တော်တို့ ကန့်ကွက်ချက်တွေကို လက်ခံတဲ့အခါမှာတော့ ကန့်ကွက်စာရော ထောက်ခံစာရောဆို အားလုံးပေါင်း ၃၃၁ စောင်ရှိပါတယ်။အဲ့လိုကန့်ကွက်တဲ့ အတွက် တိုင်းဒေသကြီးနဲ့ ပြည်နယ်တွေမှာ အလုပ်ရှင်နဲ့ အလုပ်သမားတွေ့ပြီး ညှိနှိုင်းဆွေးနွေးခဲ့ရတယ်။ ဆွေးနွေးတဲ့အခါမှာ သူတို့က အပြုသဘောနဲ့ ပူးပေါင်းဆောင်ရွက်မယ်။ ကြိုးစားပါမယ်လို့ပြောကြပါတယ်။ ကျွန်တော်တို့က ပြီးခဲ့တဲ့ သြဂုတ် ၃ ရက်အထိ ညှိနှိုင်းခဲ့တာပါ။ အဲ့ဒီညှိနှိုင်းပြီးတော့မှ အမြဲတမ်း ကော်မတီနဲ့ပြန်ပြီး ညှိနှိုင်းပြီးတော့မှ အတည်ပြုသတ်မှတ်ဖို့ ပြန်ပြီးသဘောတူခဲ့ ကြတာပါ။
အလုပ်ရှင်နဲ့ အလုပ်သမားတွေဘက်က တုံ့ပြန်လာတဲ့အပေါ်မှာလည်း အများရဲ့ ဆန္ဒကိုယူခဲ့ပြီး ဆုံးဖြတ်ခဲ့တာပါ။ တစ်ဆင့်ခံလုပ်ငန်းတွေ၊ လက်ခစား လုပ်ငန်းတွေ၊ အသေးစားလုပ်ငန်းတွေကတော့ နည်းနည်းလေးအခက်အခဲဖြစ် နိုင်တယ်၊ အလုပ်သမားကတော့ အလုပ်ရှင်ထက်စာရင် အခက်အခဲဖြစ်နိုင် ခြေနည်းပါတယ်။ တချို့ဆိုရင် အရင်က တစ်နေ့ကို ငွေကျပ် နှစ်ထောင် ကျော်ကျော်ပဲ ရတာရှိတယ်။ တချို့ဆို ကျပ် ၁ဝဝဝ အောက်မှာပဲရှိတယ်။ ကျပ် ၃၆ဝဝ ဆိုတော့ အရင်ထက်ပိုရသွားတယ်။ သိပ်ပြီး အခက်အခဲမဖြစ်နိုင်ပါဘူး။ သို့သော် ကုန်ဈေးနှုန်းကတော့ တစ်ချက်ကြည့်ရမယ်။
ပထမအဆင့်ပြီးသွားပြီ။ ဒုတိယအဆင့်မှာတော့ အလုပ်ရှင်တွေကို တွေ့ဆုံညှိနှိုင်းပြီးတော့မှ အခက်အခဲတွေနဲ့ လုပ်ပေးနိုင်တာတွေ သူတို့တောင်း ဆိုမယ့်ဟာတွေ၊ နေ့တွက်ခကြေး မြင့်သွားတဲ့အတွက် အချိန်ပိုကြေးမှာ တစ်နာရီလုပ်ခလစာ နှစ်ဆပေးရမယ်လို့ပြောထားတဲ့ဟာကို သူတို့က တစ်ဆခွဲ ပဲပေးမယ်လို့ပြောထားတာရှိတယ်။ အဲဒီလိုတောင်းဆိုထားတာလေးတွေ ရှိပါတယ်။ အလုပ်မလုပ်တဲ့ရက်တွေမှာတော့ ဥပမာ-တနင်္ဂနွေလိုရက်မျိုးတွေမှာ ပိုက်ဆံမပေးချင်ဘူးလို့ တောင်းဆိုမှုတွေရှိပါတယ်။ လျှပ်စစ်မီးတို့၊ မြေငှားရမ်းခ တို့ ဒါတွေကတော့ တခြားဌာနနဲ့ပူးပေါင်းဆောင်ရွက်ရမှာပါ။ ဆက်လုပ်ရမယ့် အလုပ်ရှင်တွေကို ကျွန်တော်တို့ဘက်က ဘယ်လောက်ထိ ညှိနှိုင်းပံ့ပိုးပေးရမလဲ ဆိုတာ ဆက်ပြီးဆွေးနွေးရဦးမယ်။ နှစ်ဆကနေ တစ်ဆခွဲ လျှော့ရမယ်ဆိုတာ တွေက ပြင်ရမှာဖြစ်တဲ့အတွက် ဥပဒေနဲ့သွားရမယ့်အပိုင်းတွေရှိတယ်။ အလုပ် သမားတွေနဲ့လည်း ညှိနှိုင်းရမယ်။ အကုန်လုံးပြင်ဖို့ လွှတ်တော်ကိုတင်ရမှာပါ။
လူမှုဖူလုံရေးအနေနဲ့ အလုပ်သမားတွေရဲ့ အိမ်ရာစီမံကိန်းကို စဉ်းစားနေ တယ်။ အလုပ်သမားတွေက အပြင်မှာငှားနေရတာရှိတယ်။ နှစ်သောင်း သုံးသောင်းဆို ကျဉ်းကျဉ်းကျပ်ကျပ်နဲ့ ချက်ပြုတ်ဖို့တောင် မလွယ်တဲ့ အခန်း လေးတွေ။ နောက်တစ်ခါ အလုပ်ရှင်ဘက်က အခက်အခဲဖြစ်နေတဲ့ ဖယ်ရီ ကြိုပို့ကိစ္စတွေနဲ့ပတ်သက်ပြီး ဘယ်လိုကူညီနိုင်မလဲ၊ ဒါကိုလည်း စဉ်းစားနေ တယ်။ အဲဒါတွေကို လူမှုဖူလုံရေးကလုပ်မှာပါ။ ထည့်ဝင်ကြေးကတော့ အလုပ် သမားတွေရော၊ အလုပ်ရှင်တွေရော အဆင်ပြေဖို့အတွက် အခြေခံလုပ်ခလစာ ထဲကပဲ ထည့်ဝင်ဖို့ပြောပြီးသားပါ။ ။
ဦးအောင်လင်း (မြန်မာနိုင်ငံ အလုပ်သမားသမဂ္ဂများအဖွဲ့ချုပ် ဥက္ကဋ္ဌ)
''ကျွန်တော်တို့ဆီမှာ ၁၉၅၄ ခုနှစ်နောက်ပိုင်း ဆေးလိပ်ခုံတွေကနေ တောင်းဆိုလို့ အနည်းဆုံးအခကြေးငွေ သတ်မှတ်ခဲ့ပါတယ်။ ဒီဘက် ၂ဝ၁၅ ခုနှစ်မှာတော့ အနည်းဆုံးအခကြေးငွေကို ပထမဆုံးသတ်မှတ်ပေးတယ်လို့ ပြောလို့ရတယ်။ တစ်နိုင်ငံလုံးကို လွှမ်းခြုံတဲ့ လုပ်ငန်းမခွဲခြားဘဲ သတ်မှတ်ပေး လိုက်တဲ့အပေါ်မှာ အသိအမှတ်ပြုရမှာဖြစ်ပါတယ်။ နောက်တစ်ချက်က ဒီသတ်မှတ်ပေးလိုက်တဲ့ အနည်းဆုံးအခကြေးငွေဟာ လက်ရှိ လုပ်သားတွေရဲ့ လူမှုဘဝ ကုန်ကျစရိတ်တွေကို ပြည့်စုံလုံလောက်မှုရှိသလားဆိုတဲ့ အပိုင်းနဲ့ ပတ်သက်ပြီးသုံးသပ်ရင် အလုပ်သင်ကာလ သုံးလမှာတော့ ဒီဥပဒေအရ အနည်းဆုံးအခကြေးငွေ ၅ဝ ရာခိုင်နှုန်းကို ပေးရမယ်။ အလုပ်သင်ကာလ သုံးလပြီးတော့ စမ်းသပ်ကာလ သုံးလမှာတော့ အနည်းဆုံးအခကြေးငွေရဲ့ ၇၅ ရာခိုင်နှုန်းကို ရရှိပါ့မယ်။ ဒါကိုအလုပ်ရှင်ကပေးရမယ့် အခွင့်အရေးပါ။အလုပ်သမားတစ်ယောက်က ငွေကျပ် ၃၆ဝဝ ဆိုတဲ့ ဒီအခြေခံလစာကို သူရရှိဖို့ အမြဲတမ်းခန့်ဝန်ထမ်းဖြစ်မှ သူရမယ်။ ငွေကျပ် ၃၆ဝဝ က တကယ်တော့ အလုပ်သမားတစ်ယောက်အတွက် အလုံးစုံလုံလောက်တဲ့ ငွေကြေးတော့မဖြစ် ဘူး။ မိသားစုရှိတဲ့ဝန်ထမ်းဆို ပိုပြီးတော့မပြည့်စုံဘူး။ ဘာကြောင့်လဲဆိုတော့ အခြားစရိတ်စကတွေက ပိုပြီးတော့မြင့်တက်နေလို့ဖြစ်ပါတယ်။
အနည်းဆုံးလုပ်ခ ကျပ် ၃၆ဝဝ အပြင် အလုပ်ရှင်က ထပ်ဆောင်းပေးရမယ့် ပထမအချက်က ကြိုပို့ဖယ်ရီစီစဉ်ပေးသင့်တယ်ဆိုတဲ့အချက်ပါ။ ဒုတိယ အချက်ကတော့ နှစ်တိုးကြေးထပ်ဆောင်းပေးဖို့တစ်ချက်ပါ။ တတိယအချက်က တော့လုပ်ငန်းခွင်မပျက် ပညာသင်ကြားရေးဆိုတဲ့အချက်ပါ။ ဒါကို လုပ်ငန်းရှင် တွေက ခွင့်ပြုပေးဖို့ဆိုတဲ့အချက်ပါ။ စတုတ္ထအချက်ကတော့နေထိုင်မှုပုံစံနဲ့ ပတ်သက်ပြီးတော့ ပြည့်စုံအောင် အလုပ်သမားဝန်ကြီးဌာနနဲ့ ကျွန်တော်တို့ ဆွေးနွေးထားတာရှိတယ်။ ဒီအခြားအချက်လေးချက်နဲ့ ဆွေးနွေးမှသာလျှင် ငွေကျပ် ၃၆ဝဝ ဟာ အလုပ်သမားတွေရဲ့ဘဝကို ပြည့်စုံလုံလောက်တဲ့ အနေ အထားတစ်ခု ဖန်တီးပေးနိုင်မှာဖြစ်ပါတယ်။
အခုသတ်မှတ်တဲ့အနည်းဆုံးအခကြေးငွေကို အလုပ်သမားတွေဘက်ကနေ ကြိုဆိုတယ်ဆိုတာထက် ဒီဘက်ခေတ်မှာ ပထမဆုံးရရှိတဲ့ အခွင့်အရေးကို လက်လွှတ်မခံချင်တဲ့ အနေအထားဖြစ်ပါတယ်။ ဒီအပေါ်မှာ ဆုပ်ကိုင်ထားရမယ့် ဒီအခွင့်အရေးပါ။ ထပ်ဆောင်းပြီးတော့ ပံ့ပိုးမှုတွေရရှိဖို့ကို လုပ်ငန်းရှင်တွေနဲ့ ညှိနှိုင်းဆွေးနွေးတာမျိုး၊ လိုအပ်ရင် ပြည်ထောင်စုအစိုးရကို တင်ပြပြီးတော့ အလုပ်ရှင်၊ အလုပ်သမား၊ အစိုးရ သုံးပွင့်ဆိုင် ပူးပေါင်းဖြေရှင်းပြီးတော့ လုပ်ငန်းခွင် အေးချမ်းတည်ငြိမ်ရေး ရှေးရှုသွားဖို့အတွက်ကို မျှော်လင့်ထားပါ တယ်။
ကိုကျော်ဇေယျ (နယူးဝေးလ် ဖိနပ်စက်ရုံဝန်ထမ်း)
''ငွေကျပ် ၃၆ဝဝ နှုန်းထားဆိုတာကို ကျွန်တော်က အနည်းဆုံးအခကြေးငွေ စိစစ်ရေးကော်မတီထဲမှာပါတော့ အလုပ်ရှင်နဲ့ အလုပ်သမားတွေရဲ့ သဘော ထားကိုသိဖို့ အစည်းအဝေးတွေထိုင်ကြတယ်။ ညှိကြတယ်ပေါ့ဗျာ။ လုပ်ငန်းရှင် တွေ ဘက်ကလည်း အခက်အခဲတွေတင်ပြတယ်။ ဆွေးနွေးတယ်၊ သတ်မှတ်မယ် ဆိုတော့လည်း ကြိတ်မှိတ်ပြီး တင်းပြီးတော့ သဘောတူထားကြပါတယ်။ ဒီနေ့ နှုန်းထားထွက်လာတဲ့အပေါ်မှာဆိုရင်တော့ အခြေခံလုပ်ခလစာလေး ရှိလာပြီ။ အထောက်အပံ့လေးတစ်ခုရလာပြီဆိုပြီးတော့ ကျွန်တော်တို့ကတော့ ကြိုဆိုပါတယ်ခင်ဗျ။ ဆက်လုပ်စရာရှိတာကတော့ ကျွန်တော်လုပ်နေတဲ့ နယူးဝေးလ် ဖိနပ်စက်ရုံဆိုရင်လည်း အလုပ်သမားက ၁၂ဝဝ လောက်ရှိတယ်။လုပ်သက်တွေက နှစ်နှစ်ကနေ ၁၁ နှစ်အထိ ရှိကြပါတယ်။ လုပ်သက်တွေ အပေါ်မှာတော့ ဒီလစာတွေကို ပြန်ပြီးတော့ နေရာချတဲ့အပေါ်မှာပြန်ပြီး ဆွေးနွေးစရာအလုပ်ပေါ်လာပါတယ်။ အဲ့ဒီအပိုင်းလေးတော့ သုံးသပ်မိတယ်။
ဒါပေမယ့် ကျွန်တော်တို့ အလုပ်သင်ဆို ဘယ်လောက်ရာခိုင်နှုန်း၊ ကျွမ်းကျင်သူဆို ဘယ်လောက်၊ လုပ်သက်ဘယ်လောက်ဖြစ်ရင်ရာခိုင်နှုန်း ဘယ်လောက်ပေးရမယ် ဆိုတာမျိုးပါ။ ဒါလေးထွက်လာတော့ အခြေခံငွေကြေး လေးတော့ ရလာတယ်ပေါ့ဗျာ။ ငွေကျပ် ၃၆ဝဝ မကိုက်လို့ ပိတ်မယ်ဆိုတော့ လည်း အလုပ်ထုတ်ဥပဒေကရှိတယ်ဆိုတော့ လုပ်ထုံးလုပ်နည်းနဲ့အညီ သက်ဆိုင်ရာ အလုပ်သမားကို သူ့လုပ်သက်အလိုက် သတ်မှတ်ထားတဲ့ နှုန်းထားကို ပေးရမှာပါ။ ပိတ်မယ်ဆိုလည်း ဘာမှတားလို့ ဆီးလို့ကမရဘူး။ လျစ်လျူရှုပြီးတာဝန်မဲ့ပြီး ပြေးသွားမယ့်ပုံစံမျိုးတော့ စိုးရိမ်တယ်။
ဦးအေးသောင်း(ရွှေလင်ဗန်းစက်မှုဇုန်ဥက္ကဋ္ဌ၊ ယူနတီအထည်ချုပ်စက်ရုံပိုင်ရှင်)
''ဒါကတော့ ပေးသင့်ပေးထိုက်တဲ့အချိန်မှာ အလုပ်သမားတွေကို ပေးတယ်လို့ပဲ ကျွန်တော်ယူဆပါတယ်။ မပေးနိုင်တဲ့ အလုပ်ရှင်တွေအတွက် ကတော့ စိတ်မကောင်းပါဘူး။ မပေးနိုင်တဲ့သူတွေကလည်း တိုးပေးဖို့ ကြိုးစား ကြပါ။ ရှေ့လျှောက် ပြိုင်ဆိုင်မှုတွေ ပြင်းထန်လာမှာပါ။ နောက်တစ်ချက်က တစ်ပြည်လုံးအတိုင်းအတာနဲ့ဆိုတော့ နယ်မှာရှိတဲ့လူတွေအတွက် အခက်အခဲရှိ တယ်။ ဒါပေမယ့်လည်း နိုင်ငံတကာနဲ့ ယှဉ်မယ်ဆို မြန်မာနိုင်ငံမှာ အများကြီး သက်သာနေပါသေးတယ်။
လူအင်အားများများသုံးတာ အထည်ချုပ်လုပ်ငန်းဖြစ်ပါတယ်။ ဒီနေ့ သတ်မှတ်လိုက်တဲ့လုပ်ခငွေက တစ်ပြည်လုံးအတိုင်းအတာနဲ့ ဖြစ်သွားတဲ့အခါ ကျတော့ နယ်မှာရှိတဲ့လူတွေက အဲဒီလောက်မပေးနိုင်ကြဘူး။ အလုပ်သမား တွေအတွက်လည်း အချိန်အများကြီးလုပ်ရတဲ့အတွက်ကြောင့် ကျန်းမာရေးက အရေးကြီးတယ်။ ကျန်းမာရေးအတွက် လူမှုဖူလုံရေးကြေးအတွက်ကို အလုပ်ရှင် က သုံးရာခိုင်နှုန်း၊ အလုပ်သမားက နှစ်ရာခိုင်နှုန်းပေးရတယ်။ စက်မှုဇုန်တွေ မှာ ဆေးခန်းတွေ၊ အိမ်ရာစီမံကိန်းတွေ ဆောင်ရွက်ပေးမယ်လို့ အလုပ်သမား ဝန်ကြီးဌာနကပြောတယ်။ တကယ်လုပ်စေချင်ပါတယ်။ အဲ့ဒါကိုလည်းမြန်မြန် အကောင်အထည်ဖော်ပေးဖို့ပါ။
နိုင်ငံတော်အနေနဲ့ကလည်း လိုအပ်တာလေးတွေပံ့ပိုးပေးပါ။ မဖြစ်နိုင် တာကို မတောင်းဆိုပါဘူး။ ဂိတ်ကြေးပေးရတဲ့ကိစ္စတွေ၊ သူများနိုင်ငံလိုပဲ မကောက်တော့ဘူးဆိုရပါပြီ။ ပြင်သင့်တာတွေပြင်ပေးပါ။ဒါဆိုလို့ရှိရင် အားလုံး တက်ညီလက်ညီနဲ့ နိုင်ငံတော်အစိုးရရော၊ အလုပ်ရှင်ရော၊ အလုပ်သမားရော အားလုံးပေါင်းလုပ်မှ အောင်မြင်မှာဖြစ်ပါတယ်။ ဒါဆို ကျွန်တော်တို့ တိုင်းပြည် မကြာပါဘူး တိုးတက်လာမှာပါ။ အလုပ်ရှင်တွေလည်း ပေးချင်တာထက်ပေးချင် အောင်၊ ပေးလာနိုင်အောင် အလုပ်သမားတွေကလည်း ကူညီတဲ့အနေနဲ့ ကြိုးစားကြပါ။ ငွေကျပ် ၃၆ဝဝ ပေးလိုက်ရုံနဲ့ ပြီးသွားမှာမဟုတ်ဘူး။ ထပ်ပြီး ရှိလာဦးမှာ။ နိုင်ငံတော်ကလည်း ထိန်းညှိပေးဖို့လိုတယ်ဆိုတာ ဝန်ကြီးဌာန တစ်ခုတည်းတော့ မဟုတ်ပါဘူး။ ဘဏ္ဍာအခွန်ရော၊ ဆိပ်ကမ်းရော၊ အစုံပေါ့ဗျာ။ သက်ဆိုင်ရာဝန်ကြီးဌာနတွေ ဝင်ထိန်းညှိလိုက်ရင် ခဏလေးပါ။ ကောင်းဖို့ လုပ်ကြတာပဲဗျာ။ နောက်မကျပါဘူး။ ။
တွေ့ဆုံမေးမြန်းနှင့် ဓာတ်ပုံ - သီသီမင်း

No comments:

Post a Comment