Saturday, August 1, 2015

ဝါဆိုလပြည့်နေ့ ဥပ္ပါတသန္တိစေတီတော်မြတ်ကြီးတွင် ကုသိုလ်ပြုကြသူများဖြင့် စည်ကား



The Mirror Daily's photo.

နေပြည်တော် ဇူလိုင် ၃၁

''သန္ဓေ၊ တောထွက်၊ ဓမ္မစက်၊ နှုတ်မြွက် သံချို လဝါဆို'' ဆိုသည့်အတိုင်း ဝါဆိုလပြည့် နေ့သည် ဗုဒ္ဓဘာသာဝင်တို့၏ အထွတ်အမြတ် ထားရာ ဂေါတမမြတ်စွာဘုရားရှင် ပဋိသန္ဓေ ယူတော်မူသောလ၊ တောထွက်တော်မူသော လ၊ ဓမ္မစကြာတရားဦးဟောတော်မူသောလ ဤနေ့ထူးနေ့မြတ် ဂုဏ်သုံးထပ်နှင့် ပြည့်စုံပေသည်။

ထို့ပြင် ဝါဆိုလပြည့်နေ့ကို ဓမ္မစကြာအခါ တော်နေ့အဖြစ် သတ်မှတ်ကာ ဝတ်အသင်း အဖွဲ့များက ဓမ္မစကြာတရားတော်မြတ်ကို ရွတ်ဖတ်ပူဇော်ခြင်း၊ ရဟန်းခံခြင်း၊ ဝါဆိုသင်္ကန်း နှင့် ဝါဆိုပန်းများကို ကပ်လှူပူဇော်ခြင်း၊ တရားဘာဝနာပွားများ ကျင့်ကြံအားထုတ် ခြင်း၊ ဒါနပြု၊ ကုသိုလ်ယူ၊ သီလဆောက်တည် ခြင်းစသည့် ကုသိုလ်ကောင်းမှုများကိုပြုလုပ်ပြီး လမြတ်ဝါဆို ကာလ၌ ဒါနရွှေအိုးမြှုပ်နှံခြင်း ကုသိုလ်မင်္ဂလာကို ပြုကြ ပေသည်။
ယနေ့သည် ဝါဆိုလပြည့်နေ့၊ ဓမ္မစကြာအခါတော်နေ့ ဖြစ်သည်နှင့်အညီ အများပြည်သူ ရုံးပိတ်ရက်၊ အလုပ် ပိတ်ရက်၊ ကျောင်းပိတ်ရက်ဖြစ်၍ နေပြည်တော်ရှိ တန်ခိုးကြီးဘုရားစေတီများ၌ ဝါဆိုသင်္ကန်းနှင့် ဝါဆိုပန်းများ ကပ်လှူပူဇော်သူ၊ တရားဘာဝနာ ပွားများကျင့်ကြံ အားထုတ်သူ၊ ဒါနပြု၊ ကုသိုလ်ယူ၊ သီလဆောက်တည်သူများဖြင့် အထူးစည်ကားလျက်ရှိသည်။

ယနေ့နံနက်ပိုင်းတွင် ဥပ္ပါတသန္တိစေတီတော်မြတ်ကြီး၌ ဝါဆိုရွှေကြာသင်္ကန်းကို အခမ်းအနားဖြင့် ကပ်လှူပူဇော် ခဲ့ရာ နေပြည်တော်နှင့် ပတ်ဝန်းကျင် မြို့နယ်၊ ကျေးရွာများမှ ဘုရားဖူးလာပြည်သူများ၊ အနယ်နယ်အရပ်ရပ်မှ ဘုရားဖူးလာ ပြည်သူများ၊ ဒါနပြု၊ ကုသိုလ်ယူ၊ သီလဆောက်တည်ကြ သူများဖြင့် အထူးစည်ကားလျက်ရှိသည်။

အလားတူ နေပြည်တော် ဥတ္တရသီရိမြို့နယ်ရှိ သတ္တသတ္တာဟမဟာဗောဓိစေတီတော်ကြီးနှင့် 'ဖွား၊ ပွင့်၊ ဟော၊ စံ' သံဝေဇနိယ(၄)ဌာန၊ ဇမ္ဗူသီရိမြို့နယ်ရှိ ဓာတုစယစေတီ တော်နှင့် အဆိုပါစေတီပရိဝုဏ်အတွင်းရှိ မဟာမုနိရုပ်ရှင် တော်မြတ်ကြီးတို့တွင်လည်း နေပြည်တော်နှင့် ပတ်ဝန်းကျင် မြို့နယ်၊ ကျေးရွာများမှ ဘုရားဖူးလာပြည်သူများ၊ အနယ်နယ်အရပ်ရပ်မှ ဘုရားဖူးလာပြည်သူများ၊ ဒါနပြု၊ ကုသိုလ်ယူ၊ သီလဆောက်တည်ကြသူများဖြင့် စည်ကားလျက်ရှိသည်။

ထို့အတူ ပျဉ်းမနားမြို့ရှိ ကိုးခန်းကြီးဘုရားနှင့် လောကမာရဇိန်စေတီတော်မြတ်ကြီးတို့၌လည်း နံနက်ပိုင်းက ဝါဆို ရွှေကြာသင်္ကန်းတော်ကပ်လှူပူဇော်ပွဲ အခမ်းအနားများ ကျင်းပခဲ့ကြောင်းနှင့် အနယ်နယ်အရပ်ရပ်မှ ဘုရားဖူး လာပြည်သူများ၊ ဒါနပြု၊ ကုသိုလ်ယူ၊ သီလဆောက်တည် ကြသူများဖြင့် စည်ကားလျက်ရှိသည်။
ညပိုင်းတွင် ဥပ္ပါတသန္တိစေတီမြတ်တော်ကြီး၌ ဆီမီး ၉ဝဝဝ ထွန်းညှိပူဇော်ပွဲများ ကျင်းပခဲ့ရာ ဘုရားဖူးလာ ပြည်သူများဖြင့် အထူးစည်ကားခဲ့သည်။
(သတင်းစဉ်)

No comments:

Post a Comment