Sunday, August 30, 2015

ထိုင်း-မြန်မာ တပ်မတော်နှစ်ရပ်အကြား ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာများ ဆွေးနွေး



The Mirror Daily's photo.

နေပြည်တော် သြဂုတ် ၂၈

မြန်မာနှင့် ထိုင်းနိုင်ငံတို့သည် အိမ်နီးချင်းနိုင်ငံများ ဖြစ်သည့်အားလျော်စွာ ရှည်ကြာသော ဆက်ဆံရေးသမိုင်း အစဉ်အလာရှိသည့် နိုင်ငံများဖြစ်ကြောင်း၊ ယခုမျက်မှောက် ကာလသည် နှစ်နိုင်ငံနှင့် တပ်မတော်နှစ်ရပ်အကြား ဆက်ဆံရေး အကောင်းဆုံးအချိန်အခါဖြစ်ပါကြောင်း၊ တပ်မတော်နှစ်ရပ်အကြား အဆင့်မြင့်အရာရှိကြီး အစည်းအဝေးများ၊ ဒေသအဆင့် နယ်ခြားကော်မတီအစည်းအဝေးများနှင့် မြို့နယ်အဆင့်နယ်ခြား ကော်မတီအစည်းအဝေးများ ပုံမှန်ဆောင်ရွက်ခြင်းဖြင့် အပြန်အလှန် ယုံကြည်မှုနှင့် ချစ်ကြည်ရင်းနှီးမှုကို ပိုမိုခိုင်မာအောင် တည်ဆောက်လျက်ရှိပါကြောင်း၊ ယခုအစည်းအဝေးမှတစ်ဆင့် တပ်မတော် နှစ်ရပ်အကြား အပြန်အလှန်နားလည်မှုနှင့် ချစ်ကြည် ရင်းနှီးမှုတို့ ပိုမိုအားကောင်းလာစေရန် တည်ဆောက်နိုင် လိမ့်မည်ဟု အပြည့်အဝယုံကြည်ပါကြောင်းဖြင့် တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ထိုင်းနိုင်ငံ ဘန်ကောက်မြို့ရှိ Dusit Thani Hotel ရှိ Vimansuriya Room ၌ ယနေ့ဒေသစံတော်ချိန် နံနက် ၉ နာရီ ၂၅ မိနစ်တွင် ကျင်းပသော 3rd Thailand-Myanmar High Level Committee Meeting တွင် ထည့်သွင်းပြောကြားသည်။
တပ်မတော်ကာကွယ်ရေးဦးစီးချုပ်သည် ယနေ့ဒေသ စံတော်ချိန် နံနက် ၈ နာရီ ၄၅ မိနစ်တွင် ထိုင်းနိုင်ငံ ဘန်ကောက်မြို့ရှိ Dusit Thani Hotel ရှိ Library Room ၌ ထိုင်းဘုရင့်တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် သီးသန့်တွေ့ဆုံဆွေးနွေးခဲ့သည်။

ဆက်လက်ပြီး ဒေသစံတော်ချိန် နံနက် ၉ နာရီ ၂၅ မိနစ်တွင် ၎င်းဟိုတယ်ရှိ Vimansuriya Room ၌ 3rd Thailand-Myanmar High Level Committee Meeting ကို ကျင်းပရာ မြန်မာ့အဆင့်မြင့် ကော်မတီပူးတွဲ ဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၊ ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း)မှ ဒုတိယဗိုလ်ချုပ်ကြီးရာပြည့်နှင့် တပ်မတော်အရာရှိကြီးများ၊ ထိုင်းနိုင်ငံဆိုင်ရာ မြန်မာနိုင်ငံစစ်သံမှူးတို့ တက်ရောက်ကြပြီး ထိုင်းနိုင်ငံမှ ထိုင်းအဆင့်မြင့်ကော်မတီ ပူးတွဲဥက္ကဋ္ဌ ထိုင်းဘုရင့်တပ်မတော်ကာကွယ်ရေးဦးစီးချုပ်၊ ထိုင်းဘုရင့် တပ်မတော် ဒုတိယကာကွယ်ရေးဦးစီးချုပ်များနှင့် ထိုင်း ဘုရင့်တပ်မတော်မှအရာရှိကြီးများ တက်ရောက်ကြသည်။

ဦးစွာ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် ထိုင်းဘုရင့်တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်တို့က အဖွင့်အမှာစကားပြောကြားကြသည်။

ထို့နောက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် ထိုင်း ဘုရင့်တပ်မတော်ကာကွယ်ရေးဦးစီးချုပ်တို့က အစည်းအဝေး အစီအစဉ်များကို အတည်ပြုကြေညာသည်။
ယင်းနောက် 3rd Thailand-Myanmar High Level Committee Meeting ၏ အစည်းအဝေးအကြောင်းအရာ အချက်အလက်များအား ဥက္ကဋ္ဌနှစ်ဦးဖြစ်သည့် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် ထိုင်းဘုရင့်တပ်မတော် ကာကွယ်ရေးဦးစီးချုပ်တို့က အတည်ပြုဆုံးဖြတ်ကြသည်။

၎င်းနောက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် ထိုင်းဘုရင့်တပ်မတော်ကာကွယ်ရေးဦးစီးချုပ်တို့က ပိတ်ပွဲအခမ်းအနားမိန့်ခွန်းပြောကြားကြပြီး အစည်းအဝေး သဘောတူညီချက်များကို လက်မှတ်ရေးထိုး၍ အပြန်အလှန် လဲလှယ်ကာ အထိမ်းအမှတ်တံဆိပ်များ အပြန်အလှန် ပေးအပ်ကြသည်။

3rd Thailand-Myanmar High Level Committee Meeting ပူးတွဲအတွင်းရေးမှူးအဖွဲ့အစည်းအဝေးအား Montien Hotel ရှိ အစည်းအဝေးခန်းမ၌ သြဂုတ် ၂၄ ရက်နှင့် ၂၆ ရက်များတွင် ကျင်းပခဲ့ပြီး ထိုင်း-မြန်မာ တပ်မတော်နှစ်ရပ်အကြား ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာများ ဖြစ်သည့် မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေး ချစ်ကြည်ရေး ခရီးစဉ်များ အပြန်အလှန်လည်ပတ်ရေး၊ စစ်ဘက်အားကစား ပြိုင်ပွဲများ ပူးပေါင်းဆောင်ရွက်ရေး၊ အကြမ်းဖက်နှိမ်နင်းရေးတွင် ပူးပေါင်းဆောင်ရွက်ရေးနှင့် နယ်စပ်ဒေသလုံခြုံရေးတွင် ပူးပေါင်းဆောင်ရွက်ရေးတို့ကို ဆွေးနွေးခဲ့ကြကြောင်း သတင်းရရှိသည်။
(မြဝတီ)

No comments:

Post a Comment